မာတိကာသို့ ခုန်သွားရန်

ကပ္ပိယ

ဝီကီပီးဒီးယား မှ

“ကပ္ပိယ” ဆိုသည်မှာ “အပ်စပ်သည်” ဟု အဓိပ္ပာယ်ရပြီး၊ “ကာရက” ဆိုသည်မှာ “ပြုလုပ်သူ” ကို ဆိုလိုသည်။ ထို့ကြောင့် ကပ္ပိယကာရကဆိုသည်မှာ ရဟန်းတော်များ ဝိနည်းအရ မလုပ်ဆောင်နိုင်သော ကိစ္စများ (ဥပမာ - ရွှေငွေကိုင်တွယ်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း) ကို အပ်စပ်အောင် စီမံဆောင်ရွက်ပေးသူဖြစ်သည်။ ရဟန်းတော်များသည် သာသနာ့ဝန်ထမ်းများအဖြစ် ပရိယတ်၊ ပဋိပတ်တာဝန်များကို ထမ်းဆောင်နေရသဖြင့် လောကီကိစ္စများမှ ကင်းရှင်းရန် လိုအပ်သည်။ ထိုအခါ ကပ္ပိယကာရကများသည် ရဟန်းတော်များအား ဝိနည်းသိက္ခာနှင့်အညီ နေထိုင်နိုင်ရန် အထောက်အကူပြုသူများအဖြစ် အရေးပါလာသည်။[]

ကပ္ပိယကာရက တစ်ကျိပ် (၁၀-ယောက်)

[ပြင်ဆင်ရန်]

ဝိနည်းကျမ်းဂန်များတွင် ကပ္ပိယကာရကအား အမျိုးအစား ၁၀-မျိုး (တစ်ကျိပ်) ခွဲခြားဖော်ပြထားပြီး၊ ၎င်းတို့ကို အောက်ပါအတိုင်း အဓိက ၃-ပိုင်းခွဲကာ ရှင်းပြထားသည်။

၁။ ရဟန်းညွှန်း ကပ္ပိယကာရက (၄-ယောက်)

ရဟန်းတော်က ကိုယ်တိုင်ညွှန်ပြသော ကပ္ပိယကာရကကို “ရဟန်းညွှန်း” ဟု ခေါ်ပြီး၊ ၎င်းတို့အား မျက်မှောက်ညွှန်း (၁-ယောက်) နှင့် မျက်ကွယ်ညွှန်း (၃-ယောက်) ဟူ၍ ခွဲခြားထားသည်။

  • မျက်မှောက်ညွှန်း (၁-ယောက်)= ရဟန်းတော်က မိမိမျက်မှောက်ရှိသူတစ်ဦးကို “ဒီလူဟာ ကပ္ပိယကာရကပဲ” ဟု ညွှန်ပြသည်။ ထို့နောက် ပစ္စည်းရှင် (တမန်) က ထိုသူထံ သင်္ကန်းဖိုးအပ်နှံ၍ “သင်္ကန်းဝယ်လှူလိုက်ပါ” ဟု မှာကြားသည်။
  • မျက်ကွယ်ညွှန်း (၃-ယောက်)= ရဟန်းတော်က အဝေးရှိ မိမိသိသူတစ်ဦးကို ညွှန်ပြပြီး၊ ပစ္စည်းရှင် (တမန်) က ထိုသူထံ သင်္ကန်းဖိုးအပ်နှံကာ အောက်ပါပုံစံ ၃-မျိုးဖြင့် လျှောက်ထားသည်။
  1. ထိုသူက ရဟန်းထံ ကိုယ်တိုင်ပြန်လျှောက်ထားခြင်း။
  2. တစ်ပါးသူကို တဆင့်စေခိုင်း၍ လျှောက်ထားစေခြင်း။
  3. မသွားမီ “အရှင်ဘုရား ညွှန်းပြသူထံ သင်္ကန်းဖိုးအပ်နှံခဲ့ပါမည်၊ လိုအပ်လျှင် တောင်းယူပါ” ဟု မှာကြား၍ သွားခြင်း။
၂။ ပစ္စည်းရှင် (တမန်) ညွှန်း ကပ္ပိယကာရက (၄-ယောက်)

ရဟန်းတော်က ကပ္ပိယကာရက မညွှန်ပဲ၊ ပစ္စည်းရှင် (တမန်) ကိုယ်တိုင် ကပ္ပိယကာရကလုပ်မည့်သူကို ရှာဖွေ၍ ညွှန်ပြသည့်အခါ အောက်ပါ ၄-မျိုး ကွဲပြားသည်။

  1. ရဟန်းမျက်မှောက်တွင် အပ်နှံ၍ ပြောဆိုခြင်း။
  2. အဝေးရှိသူထံ အပ်နှံ၍ ပြန်လျှောက်ထားခြင်း။
  3. အဝေးရှိသူထံ အပ်နှံ၍ တစ်ပါးသူမှတဆင့် လျှောက်ထားစေခြင်း။
  4. မသွားမီ “အရှင်ဘုရား၊ ကျွန်ုပ်ရွေးချယ်ထားသူထံ အပ်နှံခဲ့ပါမည်” ဟု မှာကြား၍ သွားခြင်း။
၃။ မည်သူကမျှ မညွှန်း (အညွှန်းမခံရ) ကပ္ပိယကာရက (၂-ယောက်)

ရဟန်းရော ပစ္စည်းရှင် (တမန်) ပါ မညွှန်ဘဲ၊ ကိုယ်တိုင်ထမ်းဆောင်လာသူများဖြစ်ပြီး၊ အောက်ပါ ၂-မျိုး ရှိသည်။

  1. မျက်မှောက် (၁-ယောက်)= ပစ္စည်းရှင်က “ကပ္ပိယရှိပါသလား” ဟု လျှောက်သောအခါ၊ ရဟန်းက မညွှန်ဘဲနေစဉ်၊ မျက်မှောက်ရှိသူတစ်ဦးက တာဝန်ယူသည်။ ထိုသူထံ သင်္ကန်းဖိုးအပ်နှံသော်လည်း “လှူလိုက်ပါ”၊ “တောင်းယူပါ” ဟု မမှာမလျှောက်ပါ။
  2. မျက်ကွယ် (၁-ယောက်)= ပစ္စည်းရှင်က ရဟန်း၏မျက်ကွယ်တွင် သင့်လျော်သူတစ်ဦးကို ရှာ၍ သင်္ကန်းဖိုးအပ်နှံကာ “သင်္ကန်းလှူလိုက်ပါ” ဟု မှာသော်လည်း၊ ရဟန်းထံ “တောင်းယူပါ” ဟု မလျှောက်ပါ။

ဝိနည်းသိက္ခာနှင့် ဆက်စပ်မှု

[ပြင်ဆင်ရန်]

ကပ္ပိယကာရက ၁၀-ယောက်သည် ဝိနည်းသိက္ခာပုဒ်များနှင့် ဆက်စပ်နေပြီး၊ အောက်ပါအတိုင်း ကျင့်သုံးရသည်။

  • ရဟန်းညွှန်း (၄-ယောက်)= ရာဇသိက္ခာပုဒ်အရ ၃-ကြိမ်တောင်းခြင်း၊ ၆-ကြိမ်ရပ်ခြင်းကို လိုက်နာရသည်။
  • ပစ္စည်းရှင် (တမန်) ညွှန်း (၄-ယောက်)= မေဏ္ဍကသိက္ခာပုဒ်အရ “မည်သူ့ထံ တောင်းပါ” ဟု လျှောက်ထားပါက၊ ရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းကို အကြိမ်ရာထောင်မက တောင်းနိုင်သည်။
  • မညွှန်းသူ (၂-ယောက်)= အညာတကသိက္ခာပုဒ်အပ္ပဝါရိတသိက္ခာပုဒ်အရ အဆွေမတော်သူ၊ ကြိုဖိတ်မထားသူထံ မတောင်းသင့်ပါ။ []

သာသနာတော်အတွက် ကပ္ပိယကာရက၏ အရေးပါမှု

[ပြင်ဆင်ရန်]

ရဟန်းတော်များသည် ဝိနည်းစည်းကမ်းအရ ရွှေငွေကိုင်တွယ်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းများ မပြုလုပ်နိုင်သဖြင့်၊ ကပ္ပိယကာရကများသည် ဤကိစ္စများကို အပ်စပ်အောင် စီမံပေးရသည်။ ၎င်းတို့မရှိပါက ရဟန်းတော်များ အာပတ်ကျူးလွန်မိတတ်ပြီး၊ သာသနာတော်၏ သန့်ရှင်းမှု ထိခိုက်နိုင်သည်။ မြန်မာဗုဒ္ဓဘာသာဝင်များသည် ကပ္ပိယကာရကအဖြစ် ကျွမ်းကျင်စွာ ဆောင်ရွက်တတ်ကြပြီး၊ ၎င်းတို့၏ ပံ့ပိုးမှုကြောင့် ဝိနည်းသာသနာတော် ထွန်းကားခဲ့သည်။ ဆရာတော် ဦးဗုဓ်၏ အဆိုအရ “တပည့်လိမ္မာ ဆရာအာပတ်လွတ်” ဆိုသကဲ့သို့၊ ကပ္ပိယကာရကကောင်းတစ်ဦးသည် ရဟန်းတော်များအား အာပတ်မှ ကင်းလွတ်စေပြီး ، သာသနာတော်၏ အဓွန့်ရှည်တည်တံ့မှုကို အထောက်အကူပြုသည်။

နိဂုံး

[ပြင်ဆင်ရန်]

ကပ္ပိယကာရက တစ်ကျိပ် (၁၀-ယောက်) သည် ရဟန်းညွှန်း (၄)၊ တမန်ညွှန်း (၄)၊ မညွှန်းသူ (၂) ဟူ၍ ခွဲခြားထားပြီး၊ ဝိနည်းသိက္ခာပုဒ်များနှင့် ညီညွတ်စွာ ဆောင်ရွက်ရသည်။ ၎င်းတို့သည် ရဟန်းတော်များအား ပစ္စည်းလေးပါးဖြင့် အပ်စပ်စွာ နေထိုင်နိုင်ရန် ကူညီပေးသူများဖြစ်ပြီး၊ ဗုဒ္ဓသာသနာတော်၏ သန့်ရှင်းမှု၊ တည်တံ့မှုအတွက် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ကပ္ပိယကောင်းတစ်ဦး ဖြစ်ရန် ကြိုးပမ်းသင့်ပေသည်။

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ

ဗီဇဂါမ်နှင့် ဘူတဂါမ်

ခဲဖွယ်ဘောဇဉ်ကို အပ်စပ်အောင်ပြုလုပ်၍ ဆက်ကပ်ခြင်း

ခဲဖွယ်ဘောဇဉ်ထည့်သော သပိတ်

အကပ်ခံခြင်း

ကပ္ပိခြင်း

ဆွမ်း၊ ဆွမ်းဟင်းလိုက်ရာ၌ သတိပြုဖွယ်

ခဲဖွယ်ဘောဉ်ကို အပ်စပ်အောင် သိမ်းဆည်းခြင်း

အပ်စပ်သောဖျော်ရည်အမျိုးမျိုး

ဆေးပစ္စည်းတို့ကို အပ်စပ်အောင် သိမ်းဆည်းခြင်း

မိစ္ဆာဇီဝ မဖြစ်အောင် ကူညီခြင်း

ဉာတိပဝါရိတများ

သင်္ကန်းနှင့်စပ်လျဉ်းသော ကပ္ပိယတာဝန်များ

သင်္ကန်းကို အပ်စပ်အောင် လှူဒါန်းခြင်း

ကျောင်း အိပ်ရာ နေရာ ပရိဘောဂများ

သံဃိကလာဘ် မညွတ်စေအပ်

အကပ္ပိယဝတ္ထု

အမှုသစ် နဝကမ္မ

ဝယ်ခြင်း, ရောင်းခြင်း

ကိုးကား

[ပြင်ဆင်ရန်]
  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၂၃-၂၉, ၉၈-၁၀၃။
  2. (၁) ရဟန်းညွှန်းပြ၊ လေးယောက်မျှ၊ ဒုတညွှန်း လေးဖြာ။ (၂) အနိဒ္ဒိဋ္ဌ၊ ဒုဝိဓ၊ ပေါင်းက တစ်ကျိပ်သာ။ (၃) တစ်ဦးမျက်မှောက်၊ ကွယ်သုံးယောက်၊ ညွှန်းမြောက် ရဟန်းမှာ။ (၄) ရှေ့အပ်ပြန်ကြား၊စေ၍ကြား၊ မှာထားသွားသည်သာ။ (၅) တမန်ညွှန်းလည်း၊ လေးပါးတည်း၊ ဤနည်းယူလေပါ။ (၆) ရှေ့အပ် မကြား၊ ကွယ်အပ်သွား၊ နှစ်ပါး မညွှန်းရာ။ (၇) ရာဇ, မေဏ္ဍ၊ အညာတ၊ ကျင့်ရစဉ်တိုင်းသာ-ဟု ဆရာတော်ဦးဗုဓ် ရေးသားတော်မူခဲ့သည်။ ဝိ၊ဋ္ဌ၊၂၊၂၅၄-၂၅၆။) အသတိကပ္ပိယကာရကေ သာမံ ဂဟေတွာ ပရိဘုဉ္ဇတိ။ ဝိ၊၂၊၁၂၂။ (ဝိ၊၃၊၂၉၈၊ ၃၄၂။၊ ဝိ၊ဋ္ဌ၊၂၊၂၅၄။ ကင်္ခါ၊ ၁၆၉။ ဝိ၊သင်္ဂဟ၊၅၃။ ဒီ၊ဋ္ဌ၊၃၊၁၀၆။ သံ၊ဋ္ဌ၊၁၊၁၂၅။ အံ၊ဋ္ဌ၊၁၊၉၁။ အဘိ၊ဋ္ဌ၊၃၊၈၉။ ဓမ္မ၊ဋ္ဌ၊၁၊၃၉၃။ ဥဒါန၊ဋ္ဌ၊၂၆၁။ ဗုဒ္ဓဝံ၊ဋ္ဌ၊၅၇။ ဇာ၊ဋ္ဌ၊၄၊၄၀၉။ ဝဇိရ၊၂၅၀။ သာရတ္ထ၊၂၊၄၀၇။ ကင်္ခါ၊ဋီ၊၈၅။ ကင်္ခါ၊ဋီ၊သစ်၊ ၁၅၅။ အံ၊ဋီ၊၂၊၅၁။)