မာတိကာသို့ ခုန်သွားရန်

ကာမဂုဏ်

ဝီကီပီးဒီးယား မှ

“ယသ္မာ ပန တံ အာဂမ္မ ပဉ္စ ကာမဂုဏာလယာ သမုဂ္ဃါတံ ဂစ္ဆန္တိ [] ကဲ့သို့သော ဝါကျမျိုး၌ပင် အဆင်း အသံစသော အာရုံ ၅-ပါး ဝတ္ထုကာမတရား များသာ မုချအားဖြင့် ကာမဂုဏ်[]ဟူသော အမည်ကို ရရှိ၍ ကိလေသကာမမှာမူ ဌာနူပစာရ, ကာရဏူပစာရအားဖြင့်သာ ကာမဂုဏ် ဟူသော အမည်ကို ရရှိသည်။ []

  • (၁) ချစ်ခင်– စုံမက်-နှစ်သက်-မြတ်နိုး-အပ်သော၊ (ရူပါရုံစသော) ကာမအဖို့အစု။
  • (၂) ကာမအနှောင်အဖွဲ့ ကာမဂုဏ်။[]
  • (၃) ကာမဂုဏ်တို့၌ မွေ့လျော်ခြင်း။
  • (ကာမဂုဏ်အရ–အဆင်း အသံ, အနံ့, အရသာ, အတွေ့အထိတို့ကို ကောက်ယူရသည်။) []

ကာမဂုဏ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]
  • “ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ၅-ပါးကုန်သော ဤကာမဂုဏ်တရားတို့ကို တပ်မက်မောကုန်သည်ဖြစ်၍ ...ထွက်မြောက်ကြောင်း ပစ္စဝေက္ခဏာဉာဏ် မရှိကြကုန်သည်ဖြစ်၍ သုံးဆောင်ကြကုန်၏” [] ဟူသော စကားကိုထောက်၍ ရဟန်းများလည်း ပစ္စဝေက္ခဏာမဆင်ခြင်ပဲ ပစ္စည်း ၄-ပါးကို သုံးဆောင်လျှင် ကာမဂုဏ်ခံစား သူ၌ ပါဝင်သည်။
  • “ရဟန်းများအဖို့ သင်္ကန်းသစ်, သပိတ်သစ်စသည်များနှင့် ကျောင်း၌ အသံမှတစ်ပါး ကာမဂုဏ် ၄-မျိုး နှစ်သက်ဖွယ်သော ဆွမ်း နှင့် ဆေးပစ္စည်း၌ အဆင်းစသော ကာမဂုဏ် ၅-မျိုး ရထိုက်၏” [] ဟူသော စကားကိုထောက်၍ သက်ရှိသတ္တဝါ အချင်းချင်း၌သာ ကာမဂုဏ် ၅-မျိုးကို ရရှိနိုင်သည် မဟုတ်၊ ရဟန်း ရှင်, လူ အပါအဝင် သက်ရှိ သက်မဲ့ လောကီစည်းစိမ် အားလုံး၌ ဂုဏ် ၅-မျိုးကို ရရှိနိုင်သည်ဟု မှတ်ယူအပ်၏။

ကာမဂုဏ်၏ ဆိုးကျိုးများ

[ပြင်ဆင်ရန်]

ကာမဂုဏ်တရား၏ ဒုက္ခများကား အအေး အပူတို့ဖြင့် နှိပ်စက်မှု, မှက် ခြင် ယင် လေ နေ ပူ မြွေ ကင်းသန်းတို့၏ ကိုက်ခဲမှု, မွတ်သိပ် ဆာလောင်မှုများကို ဂရုမထားပဲ ဂဏန်း အတတ်, လယ်ထွန်ခြင်း, ကုန်သွယ်ခြင်း, နွား ကျောင်းခြင်း, လေးမြှားစွဲကိုင်ခြင်း, မင်း ခစားခြင်းတို့တွင် တစ်မျိုးမျိုးသော အတတ် ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြရသည်၊ ထိုသို့ပြုလုပ်ပါလျက် စည်းစိမ်ဥစ္စာ မပြည့်စုံပြန်လျှင် စိတ်ပင်ပန်း ဆင်းရဲခြင်းဒုက္ခ ဖြစ်ရသည်၊ ပြည့်စုံပြန်လျှင်လည်း မင်း, ခိုးသူ, မီး‌,ရေ, မိမိမချစ်မနှစ်သက်သော အမွေခံတို့ မယူဆောင် နိုင်အောင် နှလုံးမသာယာပဲ စောင့်ရှောက်ရခြင်း ဒုက္ခကို ခံစားရသည်၊ အဆိုပါ ရန်သူမျိုး ၅-ပါးနှင့် တွေ့ထိ ပြန်သောအခါတွင်လည်း ကိုယ်စိတ် ၂-မျိုး ဆင်းရဲ ပင်ပန်းရပြန်သည်၊ ကာမဂုဏ်တည်းဟူသော အကြောင်းကြောင့်ပင် မင်းအချင်းချင်း, ငြင်းခုံခိုက်ရန်ဖြစ်ကြသည်သာမက သားသမီး နှင့်မိဘ သားချင်း အချင်းချင်း, သူငယ်ချင်း အချင်းချင်းငြင်းခုံခိုက်ရန်ဖြစ်ကြရ၍ သေသူ သေလောက်သော ဒဏ်ရာရသူများလည်းရှိကြသည်၊ စစ်ပွဲဝင်ရသူ, ခံတပ်တံတိုင်းခြေရင်းသို့ ကပ်ရောက်ရသူ, သေကြေဒဏ်ရာရသူများလည်း ရှိကြသည်၊ အိမ်ခြံစပ်ကို ဖြတ်သန်း ဝင်ရောက်ခိုးယူခြင်း, တစ်ရွာလုံး လုယက်ခြင်း, တအိမ်ထောင်လုံး ဖမ်းဆီးခေါ်ဆောင်ခြင်း, လမ်း၌ ခြုံခို၍ လုယက်ရန် ရပ်တည်ခြင်း, သူတစ်ပါး သားမယားကို မတရားကျင့်ခြင်း စသည်များကို ပြုမူကြသည့်အတွက် ကြိမ်ဒဏ် ပေးခံကြရခြင်းစသော ရာဇဝတ်ပြစ်ဒဏ် (ကမ္မကာရဏ-ကြည့်) များခံကြရသောအခါ သေသူ, သေလောက်သော ဒဏ်ရာရသူလည်း ရကြသည်၊ မျက်မြင် ကိုယ်တွေ့ ကာမဂုဏ်ကြောင့်ဖြစ်သော ဒုက္ခများဖြစ်သည်၊ ကာယ-ဝစီ-မနောဒုစရိုတ်များ ပြုကျင့်ကြ၍ ကွယ်လွန်ပြီးနောက် မကောင်းသော လားရာဂတိသို့ ရောက်ကြရသည်ကား တမလွန် နောက် ဘဝ၌ ကာမဂုဏ် အကြောင်းရင်းခံသော ဆင်းရဲ ဒုက္ခများဖြစ်သည်။ []

ကာမဂုဏ်၏ ဥပမာများ

[ပြင်ဆင်ရန်]

အဆိုပါ ကာမဂုဏ်တရားများကို-

  1. အသားမဖက် သက်သက်သော အရိုးစု,
  2. သိန်းစွန်စသော ငှက်များအချင်းချင်း ထိုးဆိတ် လုယက်အပ်သော သားတစ်,
  3. ကိုင် ဆောင်သူ၏လက်ကို ပြန်လည်လောင်ကျွမ်းစေနိုင်သော လေညာဆောင် မျက်မီးရှူး,
  4. မီးကျီးစု,
  5. သာယာစရာကောင်းသည့် တိုတောင်းလှသော အိပ်မက်,
  6. ငှါးရမ်းသုံးဆောင်ရသော အသုံးအဆောင်,
  7. သစ်ခက်များကို ကျိုးကျစေနိုင်, သစ်ပင်တက်သူ၏ လက်ခြေကျိုး၍ လိမ့်ကျစေနိုင်သော အသီး [],
  8. သားခုတ်ဓား, စဉ်းတီးတုံး။
  9. ထိုးဖောက် စူးဝင်တတ်သော လှံတံကျင်,
  10. ကြောက်မက်ဖွယ်ကောင်းသော မြွေဦးခေါင်း [၁၀],
  11. မီးပုံကြီး [၁၁] များနှင့် ဥပမာပြုတော်မူသည်။ ကာမဂုဏ် အပြစ်ပြ ဥပမာတို့တည်း။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဝိ၊ဋ္ဌ၊၁၊၁၈၃
  2. ကာမဂုဏ် (ပု) [ကာမ+ဂုဏ]
  3. သာရတ္ထ၊၂၊၁၇။
  4. (၁) (၂) တတ္ထ ဒိဗ္ဗေဟိ ပဉ္စကာမဂုဏေဟိ သမပ္ပိတော သမင်္ဂီဘူတော ပရိစာရေဿ သိ။ ဝိ၊၁၊၉၀။ (ဝိ၊၃၊၂၁။ ဝိ၊၄၊၄၉၅။ ဒီ၊၁၊၅၀၊ ၂၃၁။ ဒီ၊၂၊၁၁။ မ၊၁၊၁၁၉။ သံ၊၁၊၅။ အံ၊၁၊၄၄၀။ အဘိ၊က၊၂၇၂။ ဓမ္မ၊၆၆။ ဥဒါန၊၁၅၇။ ဣတိဝုတ်၊၂၇၁။ သုတ္တနိ၊၂၈၇။ ထေရ၊၃၀၁။ ဇာ၊၁၊၃၆၀။) ပဉ္စဟိ ကာမဂုဏေဟီတိ မနာပိယရူပါဒီဟိ ပဉ္စဟိ ကာမကောဋ္ဌာသေဟိ၊ ဗန္ဓနေဟိ ဝါ။ ဒီ၊ဋ္ဌ၊၁၊၁၁၁။ ကာမဂုဏာတိ ကာမယိတဗ္ဗဋ္ဌေန ကာမာ၊ ဗန္ဓနဋ္ဌေန ဂုဏာ။ ဒီ၊ဋ္ဌ၊၁၊၃၃၅။ မ၊ဋ္ဌ၊၁၊၃၆၀။ အံ၊ဋ္ဌ၊၃၊၁၃၅။ (ဥဒါန၊ဋ္ဌ၊၃၀၃။ ပေတ၊ဋ္ဌ၊၁၈၉။ ထေရ၊ဋ္ဌ၊၂၊၁၇၁။ ဇာ၊ဋ္ဌ၊၅၊၉။) (၃) ဘိယျော ကာမဂုဏော ပဝဍ္ဎတိ။ ထေရီ၊၄၂၂။ ဘိယျော ဥပရူပရိ မေ ကာမာဘိရတိ ပဝဍ္ဎတိ။ ထေရီ၊ဋ္ဌ၊၂၆၂။
  5. ဒီ၊၁၊၅၆။ မ၊၁၊၁၁၉။ သံ၊၂၊၃၁၇။
  6. မ၊၁၊၁၃၀
  7. မ၊ဋ္ဌ၊၂၊၉၇
  8. မ၊၁၊၁၂၀-၁၂၂။
  9. မ၊၁၊၁၈၂။ မ၊၂၊၂၇-၃၀။ မဟာနိ၊၅။
  10. မ၊၁၊၁၇၂။ မဟာနိ၊၅။
  11. မဟာနိ၊၅။