ကောလာဟလစကား သတိထား
ကောလာဟလစကား သတိထား ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]၁၂၆၆ ခုနှစ်က မြန်မာပြည်၌ ပလိပ်ကပ်ခေါ် အဖျားကြီးရောဂါတစ်မျိုး ပေါ်ပေါက်လာရာ သီပေါဘုရင်လက်ထက်က လူကိုလူချင်းဖမ်း၍ သတ်သည် စသော ကောလာဟလ စကားမျိုးကဲ့သို့ ရေတွင်းကို ဆေးခတ်၍ လူများကိုသတ်သည်၊ ကြွက်လွှတ်၍ သတ်သည် စသော အချို့သောသူများ ပြောစကားကို စဉ်းစားရန်ဖွဲ့ဆိုထားသော သံချိုကဗျာ ဖြစ်သည်။
ကောလာဟလစကား သတိထား
[ပြင်ဆင်ရန်]မန်းဌာနီပြည်ပါလျှောချင်တော့၊ သီပေါဘုရင်ရှိစဉ်က၊ ဗောဓိပါအမှုယွင်းပါလို့၊ လူချင်းပင် လူကိုဖမ်းသည်ဟု၊ မချမ်းမသာပ၊ ပရမ်းပတာ နှုတ်စကားတွေနှင့်၊ လှုပ်ရှားကာ ကောလာဟလ၊ ပြောရှာကြကိန်းလန့်ပုံ။
မန္တလေးမှာလ၊ ချမ်းဧစွာမငြိမ်ဝပ်ပြီဘူ့၊ ဆေးခတ်ပြန် ကန်ရေတွင်းတို့ကိုလ၊ သေမင်းလို ထိုရေကိုမသုံးကြနှင့်တဲ့၊ ပြည်လုံးကုန်မယုံရနှင့်၊ ယုံရမည် ခက်စတောင်းပေပ၊ လမ်းကြောင်းပုဝါတွေ့လျှင်ဖြင့်၊ နှာငွေ့လိုဆေးနှင့် တောက်သတဲ့၊ သွေးနောက်လို့တုန်။
သေအချာ အခြေရှာလို့ရနိုင်ဘူ့၊ ရေစအိုင်ကမ်းစနားတွင်မှ၊ ကုလားမြင်လျင်မြန်မာကနှက်မတဲ့၊ ဒါးတပြက် ဒုတ်တဖုံ၊ လှုပ်ကုန်ကြ လူအပေါင်း။
ပြည်မန်းဟိုအခါက၊ လမ်းလာဖမ်းကာဆီးသည်ဟု၊ ရီးတီးယောင်တောင်ပြောကြ၊ သီပေါဘုရင်ရှိသည်ခေတ်ကဲ့သို့၊ ဤနှစ်တွင် ကြုံပြန်လာရ၊ အများသတ္တဝါတွေ သနားညှာတတ်ရက်မို့၊ တွေးမှားစရာဆေးဝါးလာလို့ မခတ်တန်ဘူ့၊ သွားတတ်အောင် ဆင်ခြင်လို့သွားကြတော့၊ ကရိကတာ ဝိဝါဒ စကားတွေကြောင့်၊ မသိသာအောင် သတိသာထားကြတော့(ကွယ်) ၊ များလူထုပေါင်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ကောလာဟလ = ယုံမှားအောင်ပြောသောစကား။
၂။ ကရိကတာ = မရေမရာသော (ဘန်းစကား)။
၃။ ဝိဝါဒ = အယူအဆကွဲပြားခြင်း။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။