ကျော်စိုးဦး (ရိုက်တာ)
ကျော်စိုးဦး | |
---|---|
![]() ကျော်စိုးဦး အား ၂၀၁၈ က တွေ့ရစဥ် | |
ဇာတိ အမည် | ကျော်စိုးဦး |
မွေးဖွား | မိုးအောင် ၁၉၉၁ စစ်တွေမြို့ ၊ရခိုင်ပြည်နယ် |
အလုပ်အကိုင် | သတင်းထောက် |
အိမ်ထောင်ဖက်(များ) | ချစ်ဆုဝင်း |
သားသမီး | သမီး ၁ဦး |
ရရှိသည့်ဆုများ | ပူလစ်ဇာဆု (နိုင်ငံတကာသတင်း) |
ကျော်စိုးဦး (၁၉၉၁ ဖွား) သည် ရိုက်တာသတင်းဌာန ၏ ရခိုင်လူမျိုး မြန်မာသတင်းထောက်တစ်ဦးဖြစ်သည်။ရခိုင်ပြည်နယ် အတွင်း ထင်ရှားခဲ့ပြီး နိုင်ငံတကာကပါ အာရုံစိုက်ခဲ့ရသည့် အင်းဒင်လူသတ်မှုအကြောင်းအား သတင်းထောက် ဝလုံး နှင့်အတူ ပူးတွဲ စုံစမ်းဖော်ထုတ်ရေးသားခဲ့သူဖြစ်သည်။[၁] ထိုသတင်းကြောင့်ပင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ဖြင့် ထောင်ဒဏ် ၇နှစ်ချခံခဲ့ရပြီး ပူလစ်ဇာဆု၂၀၁၉ ကို သတင်း ထောက် ဝလုံး နှင့်အတူ ပူးတွဲရရှိခဲ့သူလည်းဖြစ်သည်။[၂]
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]သူ့ကို ရခိုင်ပြည်နယ်၊စစ်တွေမြို့ တွင် မွေးဖွားခဲ့သည်။ငယ်စဥ်ဘဝကို ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင်ပင် ကြီးပြင်းခဲ့သည်။သတင်းထောက်အဖြစ် Rakhine Development News အွန်လိုင်းသတင်းဌာနတွင် စတင် လုပ်ကိုင်ခဲ့သည်။ယင်းနောက် Root Investigative Agency သို့ပြောင်းရွေ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စ၍ Reuters သတင်းဌာနသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။[၃]
စုံစမ်းဖော်ထုတ်ရေးသားမှုများ
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် နှင့် မောင်တော ဒေသရှိ ရဲကင်းစခန်း ၃၀ ကျော်ကို Arakan Rohingya Salvation Army (ARSA )အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး တစ်ပတ်အကြာ မြန်မာ့တပ်မတော်က အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် နှိမ်နင်းစဥ် ဖြစ်ပေါ်ခဲ့သော အင်းဒင်ရွာ သတ်ဖြတ်မှုကို သတင်းထောက် ဝလုံး နှင့်အတူ စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ရက် တွင် ရိုက်တာသတင်းဌာနက အဆိုပါသတင်းကို ထုတ်လွှင့်ခဲ့သည်။
ဖမ်းဆီးခံရခြင်း
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်တွင် ရဲတပ်ဖွဲ့က သက်ဦးမောင်(ခ) ဝလုံးနှင့်အတူ ၎င်းအား ဖမ်းဆီးခဲ့သည်။ရဲတပ်ဖွဲ့က ၎င်းတို့ကို ရခိုင်ပြည်နယ်မောင်တောဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် သတင်းများနှင့် စာတမ်းအမှတ်အသားများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ၏ လူ၊ လက်နက်၊ ခဲယမ်း တပ်ဖြန့်ဇယားများနှင့် ကင်းအခြေစိုက်မြေပုံကြမ်းများ၊ အခြားဆက်စပ် စာရွက်စာတမ်းများ၊ ဖုန်းများ၊ ပစ္စည်းများ၊ ငွေများနှင့်အတူ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[၄] သတင်းထောက် ဝလုံး နှင့် ကျော်စိုးဦးတို့ နှစ်ဦးသည် ရန်ကုန် မင်္ဂလာဒုံမြို့နယ်၌ ရိုဟင်ဂျာသတင်းနှင့်စပ်လျဥ်းပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် သွားရောက်သတင်းမေးမြန်းပြီး ပြန်အလာ ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ်သည်။၎င်းတို့ နှစ်ဦးအား ဖမ်းဆီးပြီးနောက် ရုံးတင်စစ်ဆေးခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ထောင်ဒဏ်ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်သည်။၎င်းတို့ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်စပ်လျဥ်းပြီး နိုင်ငံတကာက ဖိအားမျိုးစုံပေးခဲ့သည်။၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ချမှတ်ထားသည့် ပြစ်ဒဏ်များမှ နေ၍ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရသည်။[၅] လွတ်ငြိမ်းရသည့်နေ့မှာပင် အနောက်နိုင်ငံသို့ ထွက်ခွာသည်။ ၎င်းတို့နှစ်ဦးထောင်မှ လွတ်မည့်နေ့ကို ပြည်ထဲရေးဝန်ကြီးပင် နောက်ကျမှ သိရသည်။
ရရှိခဲ့သည့်ဆုများ
[ပြင်ဆင်ရန်]သတင်းမီဒီယာ အလုပ်လုပ်ကိုင်နေရင်း ထောင်ထဲ ရောက်သွားခဲ့ကြမှုဖြင့် တိုင်းမ် မဂ္ဂဇင်းက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ရက်တွင် Person of the Year 2018 ထဲ ထည့်သွင်းဖော်ပြခဲ့သည်။၂၀၁၉ခုနှစ်အတွက် နိုင်ငံတကာသတင်းရေးသားခြင်း (International Reporting) ခေါင်းစဉ်အောက်မှနေ၍ ပူလစ်ဇာဆုကိုလည်း ပူးတွဲရရှိသည်။ယင်းအပြင် လန်ဒန်အခြေစိုက် Foreign Press Association FPA က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးသတင်းသမားများအဖြစ် သတ်မှတ် ဆုချီးမြှင့်သည်။ [၆] ကုလသမဂ္ဂ UNESCO ကလည်း ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်ဆု (၂၀၁၉) ကို ချီးမြှင့်ခဲ့သည်။[၇]
စွပ်စွဲခံရမှုများ
[ပြင်ဆင်ရန်]မြန်မာ့တပ်မတော် က ၎င်းနှင့် သတင်းထောက် ဝလုံးတို့ကို မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း တိုင်းပြည်မျက်နှာကိုမထောက်ထားဘဲ တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ကြသူများအဖြစ် စွပ်စွဲသည်။ပြည်ပမှမွေးမြူထားသောသတင်းထောက်များ အဖြစ်လည်း သတ်မှတ်သည်။ယင်းအပြင် ၎င်းတို့ရေးသားခဲ့သော မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဆောင်းပါးကြောင့် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး (JCJ) ၌ တရားစွဲဆိုခံခဲ့ရသည်ဟု အပြစ်ဖို့သည်။[၈]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ သမီးတစ်ဦး ထွန်းကားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝေးလံခေါင်ဖျားသည့် ကျေးရွာတစ်ခုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ သတ်ဖြတ်ခဲ့ကြသည်။ Reuters (၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ပူလစ်ဇာဆု လက်ခံရယူ။ RFA Burmese (၂၈ မေ ၂၀၁၉)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဖမ်းဆီးခံသတင်းထောက် နှစ်ဦးကို ဒုတိယအကြိမ် ရုံးထုတ်မည်။ The Irrawaddy (၁၀ ဇန်နဝါရီ ၂၀၁၈)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီး။ Eleven Media Group (၁၂ ဒီဇင်ဘာ ၂၀၁၈)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး ပြန်လွတ်လာမှု ကန် ဒုသမ္မတ အပါအဝင်နိုင်ငံတကာ ကြိုဆို။ VOA Burmese (၈ မေ ၂၀၁၉)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဝလုံးနဲ့ ကျော်စိုးဦးတို့ အကောင်းဆုံးသတင်းသမားဆုရ။ VOM Myanmar (၂၇ နိုဝင်ဘာ ၂၀၁၈)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ ရိုက်တာသတင်းထောက်နှစ်ဦး UNESCO သတင်းလွတ်လပ်ခွင့်ဆု ရရှိမှု CPJ ကြိုဆို။ VOA Burmese (၁၁ ဧပြီ ၂၀၁၉)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုယ့်တိုင်းပြည်မှ ကိုယ်မချစ်တတ်တဲ့သူဟာ ဘာကိုမှချစ်တတ်မည်မဟုတ်။ MWD Webportal (၄ မတ် ၂၀၂၂)။ ၉ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။