မာတိကာသို့ ခုန်သွားရန်

ဃနာနို့ဆွမ်း

ဝီကီပီးဒီးယား မှ

ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့တွင် သူကြွယ်သမီး သုဇာတာသည် ဘုရားရှင်အား ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းလေသည်။ ရှေးရှေးသော ဘုရားတို့၌လည်း ဤနည်းတူစွာ ဃနာနို့ဆွမ်းကို အလှူခံရစမြဲဖြစ်၏။ ဃနာနို့ဆွမ်းဟူသော ဝေါဟာရတွင် 'ဃနာ'သဒ္ဒါသည် အစိုင်အခဲကို ဟောပေသည်။ ပါဠိဘာသာအားဖြင့် ဃနာနို့ဆွမ်းကို ပါယာသဟုခေါ်သည်။ သုဇာတာနှင့် ဃနာနို့ဆွမ်း၏အကြောင်းကို အပါဒါန်အဋ္ဌကထာ၌ ဖော်ပြပါရှိပေသည်။ သုဇာတာသည် ဃနာနို့ဆွမ်းကို ဂေါတမမြတ်စွာဘုရား အလောင်းတော်အား ဆက်ကပ်လှူဒါန်းခဲ့သည့် အကြောင်းကား ဤသို့ဖြစ်လေသည်။

ဥရုဝေလတောအနီး သေနနိဂုံးရွာ၌ မဟာသေနအမည်ရှိသောသူကြွယ်၏ သမီးဖြစ်သူ သုဇာတာသည် အရွယ်သို့ရောက်သောအခါ တစ်ခုသော ညောင်ပင်ရင်းသို့ကပ်၍ 'ကျွန်ုပ်သည် အမျိုးတူသော ယောက်ျားနှင့် ပေါင်းဖက်ရ၍ သားဦးယောက်ျားရပါက ညောင်စောင့်ရုက္ခစိုးအား တစ်နှစ်လျှင် တစ်သိန်းသော ဥစ္စာတို့ကို စွန့်၍ ပူဇော်ပါမည်'ဟု ကတိထား၍ ဆုတောင်း၏။ တောင်းသည့်အတိုင်းပြည့်လေသော် ရုက္ခစိုးနတ်အား ပူဇော်ရန် နို့ဆွမ်းကို စီမံ၏။ မဏိကုဏ္ဍလဝတ္ထုအရ နို့ဆွမ်းကိုစီမံပုံမှာ နွားမ ၁၀၀၀ ကို နွယ်ချိုတောမှာကျောင်း၍ ထို ၁၀၀၀ သော နွားမတို့၏ နို့ရည်ကို နွားမ ၅၀၀ အား တိုက်၏။ တစ်ဖန် ထိုနွားမတို့၏ နို့ရည်ကို ၂၅၀ သော နွားမတို့ကို တိုက်၏။ ဤသို့ဖြင့် ၂၅၀ သော နွားမတို့၏ နို့ရည်ကို ၁၂၅ သော နွားမတို့ကိုလည်းကောင်း၊ ၁၂၅ သော နွားမတို့၏နို့ရည်ကို ၆၄ ကောင် သောနွားမတို့ကိုလည်းကောင်း၊ ၆၄ ကောင်သော နွားမတို့မှ နို့ရည်ကို နွားမ ၃၂ ကောင်ကိုလည်းကောင်း၊ နွားမ ၃၂ ကောင်တို့၏ နို့ရည်ကို နွားမ ၁၆ ကောင်ကိုလည်းကောင်း၊ ထိုနွားမ ၁၆ ကောင်မှ နို့ရည်ကို နွားမ ၈ ကောင်ကိုလည်းကောင်း တိုက်ကျွေး၏။ ထို ၈ ကောင်သော နွားမ တို့မှ နို့ရည်ကို ခံယူ၍ ထူးကဲမွန်မြတ်သော အရသာဖြင့် ပြည့်စုံသည့် ဃနာနို့ဆွမ်း ချက်လေသည်။

ဇိနတ္ထပကာသနီကျမ်း၌မူကား နို့ဆွမ်းစီမံပုံကို ဤသို့ပြဆိုထား၏။ ၁၀၀၀ သောနွားမတို့ကို ၅ စုပြုပြန်၍ ၈၀၀ သော နွားမတို့၏ နို့ရည်ကို ၂၀၀ သော နွားမတို့၌ တိုက်သည်။ ထို ၂၀၀ ကို ၅ စုပြုပြန်၍ ၁၆၀ သော နွားမတို့၏ နို့ရည်ကို ၄၀ သော နွားမတို့ကို တိုက်သည်။ ထို ၄၀ ကို ၅ စုပြုပြန်၍ ၄ စုသော နွားမတို့၏ နို့ရည်ကို ၈ ကောင်သော နွားမတို့ကို တိုက်သည်။ ထို ၈ ခုသော နွားတို့၏နို့ရည်ကို ဃနာနို့ဆွမ်းချက်သည်ဟူ၍ လာရှိလေသည်။

ယင်းသို့ ထူးမြတ်သောနို့ဃနာကိုချက်ပြီးမှ အသပြာ တစ်သိန်း ထိုက်သော ရွှေခွက်တွင်ထည့်၍ သုဇာတာသည် ရုက္ခစိုးကို ပူဇော်ရန် ညောင်ပင်သို့လာ၏။ ထိုနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဖြစ်၏။ ဘုရားလောင်းသည် တယ့်တယ်သော အသရေဖြင့် ညောင်ပင်ရင်းတွင် စံတော်မူသည်ကို သုဇာတာမြင်လျှင် အထူးကြည်ညိုသောစိတ်ဖြင့် ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ ပူဇော်၏။ ဘုရားလောင်း သည်လည်း ရွှေခွက်နှင့်တကွပင် အလှူခံယူတော်မူ၏။ သုဇာတာ သူကြွယ်သမီး ပူဇော်သော ဃနာနို့ဆွမ်းကို ဘုဥ်း‌ပေးတော်မူလေသည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)