ဌေးမောင်
ဌေးမောင် | |
---|---|
မွေးဖွား | ဌေးမောင် ဇန်နဝါရီ ၁၉၊ ၁၉၂၇ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ |
ကလောင်အမည် | ရေနံမြေက ရဲဘော်၊ ရဲဘော်မောင်လှ၊ မောင်မြတ်စံ၊ စာရေးဆရာတစ်ဦး၊ အယ်ဒီတာတစ်ဦး၊ စာဖတ်သူတစ်ဦး။ |
နိုင်ငံလူမျိုး | ![]() |
လူမျိုး | ဗမာလူမျိုး |
စာပေအမျိုးအစား | ဝတ္တုတို၊ ဝတ္တုရှည်၊ ဆောင်းပါး။ |
ထင်ရှားသည့်လက်ရာများ | အရေးတော်ပုံ (၁၉၆၄) တိုက်ပွဲခေါ်သံ(၁၉၆၅) |
ရရှိသည့်ဆုများ |
|
အိမ်ထောင်ဖက် | မငွေဆိုင် |
မိဘ | ဦးတိုင်းကျော် + ဒေါ်ငွေခဲ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
ဦးဌေးမောင်သည် တိုက်ပွဲခေါ်သံ၊ အရေးတော်ပုံ စသောစာအုပ်များကိုရေးသားခဲ့ပြီး နိုင်ငံတော်က ချီးမြှင့်သော အမျိုးသား စာပေဆု(တစ်သက်တာဆု) ရရှိခဲ့သူ စာရေးဆရာတစ်ဦးဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးဌေးမောင်ကို ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အဖ ဦးတိုင်းကျော်၊ အမိ ဒေါ်ငွေခဲ တို့မှ မွေးဖွားခဲ့သည်။ ဇာတိမြို့မှာ ချောက်မြို့ဖြစ်ပြီး မွေးချင်းခုနှစ်ယောက်အနက် ပဉ္စမမြောက်သားဖြစ်သည်။ စစ်ကြိုခေတ် ချောက်မြို့၊ အေးစေတီ အထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရေနံချောင်းမြို့၌ ဂျပန်စစ်တပ်ကဖွင့်သော ဆေခိယုခေါဂျော (ခေါ်) အင်ဂျင်နီယာကျောင်း၌ ပညာသင်ကြားခဲ့သည်။
စစ်အတွင်း၌ ချောက်မြို့၊ အရှေ့အာရှတိုက်လူငယ်များ အစည်းအရုံး ဉာဏဗလမှူး၊ စစ်ပြီးခေတ် လူငယ်အစည်းအရုံး အမှုဆောင် စသည့် လူထုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]၁၉၅၀ ပြည့်နှစ် ဧပြီလတွင် ချောက်မြို့မှ မငွေဆိုင်နှင့် အိမ်ထောင်ကျ၍ သားခြောက်ယောက် ထွန်းကားခဲ့သည်။ သားနှစ်ယောက် ကွယ်လွန်ခဲ့ပြီး ယခု သားလေးယောက်၊ မြေးများနှင့်အတူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သည်။
စာပေလောကသားဘဝ
[ပြင်ဆင်ရန်]၁၉၄၇ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ထုတ် ပြည်သူ့ရဲဘော်ဂျာနယ်တွင် သင်းတို့လောကဝတ္တု ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုအချိန်က ကလောင်အမည်မှာ ရေနံမြေက ရဲဘော်ဖြစ်သည်။ ရေနံမြေက ရဲဘော်၊ ရဲဘော်မောင်လှ ကလောင်အမည်များဖြင့် ဝတ္တုဆောင်းပါးများကို ရေးသားခဲ့သည်။ ၁၉၄၈ခုနှစ် မတ်လထုတ် ရှုမဝမဂ္ဂဇင်းတွင် နု ဝတ္တုရှည်ကို ဌေးမောင်အမည်ဖြင့် စတင်ရေးသားခဲ့သည်။
ထို့နောက် (၁၉၅၂-၅၅) ခုနှစ်ထိ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာ၊ (၁၉၅၆-၁၉၇၈)ခုနှစ်ထိ မြဝတီ၊ ငွေတာရီမဂ္ဂဇင်းအယ်ဒီတာ၊ (၁၉၈၀-၁၉၈၄)ခုနှစ်ထိ သပြေမဂ္ဂဇင်းအယ်ဒီတာနှင့် (၁၉၈၅-၉၃)ခုနှစ်ထိ သိပ္ပံမဂ္ဂဇင်းအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇ခုနှစ်မှ ၂၀၀၁ခုနှစ်ထိ ပင်ကိုရေး၊ ဘာသာပြန်၊ ဝတ္တုတိုရှည်ပုဒ်ပေါင်း(၁၀၀၀) ကျော် ရေးသားခဲ့သည်။ သွေးသောက်၊ မြဝတီ၊ ငွေတာရီနှင့် သပြေမဂ္ဂဇင်းတို့တွင် (၂၅)နှစ်တိုင်တိုင် ခေါင်းကြီးရေးသားခဲ့သည်။
ဝတ္တု(၅)ပုဒ်ကို ရုပ်ရှင်ရိုက်ကူး ပြသခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် အရေးတော်ပုံဝတ္တု ရေးသားခဲ့သည်။ ၎င်းဝတ္တုကို မစိန်တင် (မော်စကိုရေဒီယိုမှ ရုရှားအမျိုးသမီး)က ရုရှားဘာသာ ပြန်ဆို၍ ဆိုဗီယက်ပြည်ထောင်စုတွင် အုပ်ရေငါးသောင်း ထုတ်ဝေခဲ့သည်။
ရရှိသော ဆုတံဆိပ်များ
[ပြင်ဆင်ရန်]၁၉၆၄ ခုနှစ်တွင် အရေးတော်ပုံဝတ္တုဖြင့် အမျိုးသား စာပေဆု(ဝတ္တုရှည်) ဒုတိယရရှိခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တိုက်ပွဲခေါ်သံဝတ္တုဖြင့် အမျိုးသား စာပေဆု(ဝတ္တုရှည်) ပထမဆုရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော အမျိုးသား စာပေ(တစ်သက်တာဆု)ကို ရရှိခဲ့သည်။