တွင်းတောင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ မြောက်ဘက် (၂၁)မိုင် ခန့်အကွာတွင် ဘုတလင်မြို့နယ်တွင်ရှိသည်။ ဘုတလင်မြို့မှ အနောက်ဘက် ၃-မိုင်ခန့် အကွာတွင် တွင်းရွာ ရှိသည်။ တွင်းရွာသားများသည် ယာလုပ်ကိုင်ခြင်း၊ ကွမ်းစိုက်ပျိုးခြင်း၊ တွင်းပိုးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြသည်။ တွင်းရွာမှ အနောက်ကို ၂ ဖာလုံကျော်ကျော်ကလေး သွားလျှင် တွင်းတောင်ကို ရောက်သည်။ တွင်းတောင်သည် မီးတောင်ဟောင်း ဖြစ်သည်။ တွင်းတောင်၏ အကျယ်အဝန်းသည် ၂၀၀ မီတာ မျှကျယ်သည်။ အပြင်မှ ကြည့်လျှင် တောင်ကြီး တစ်လုံးပုံဖြစ်သည်။ အပေါ်ရောက်ရင် ဒယ်အိုး ပုံကဲ့သို့ ချိုင့်ဝှမ်းကြီး ဖြစ်နေသည်။ တွင်း အခြေဆင်းတဲ့လမ်းသည် မတ်စောက်လှသည်။ တွင်းတောင်ထဲတွင် စိမ်းပြာပြာ ကျိချွဲချွဲ နှင့် ရေတွေရှိသည်။ ထိုရေမှ အဖိုးတန် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနားများ ထုတ်လုပ်သည်။ တွင်းတောင်ထဲမှ ရေများသည် ချင်းတွင်းမြစ်ရေ တက်နေချိန်မှာ တွင်းထဲက ရေများသည် ကျ၍ ချင်းတွင်းမြစ်ရေ ကျချိန် နွေအခါမှာ တွင်းရေက တက်လာသည်။
တွင်းပိုး
[ပြင်ဆင်ရန်]မြန်မာအမည် - တွင်းပိုး
အင်္ဂလိပ်အမည် - Predaceous diving beetle
သိပ္ပံအမည် - Eretes sticticus
( Linnaeus, 1767 )
မျိုးရင်း - Dytiscidae
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်မှ ထွက်ရှိသော ဒေသထွက် စားစရာ အင်းဆက်တစ်မျိုးဖြစ်သည်။ အင်းဆက်များစွာရှိသည့်အနက် လူသားတို့ကို အကျိုးပြုသော မျိုးစိတ်များနှင့် လူသားတို့အား အကျိုးမဲ့စေသော အင်းဆက်များဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပြီး အကျိုးပြုသော အင်းဆက်များတွင် စားသုံးရန်သင့်လျော်သော အင်းဆက်များ( Edible insects )အများအပြားပါဝင်နေသည်။ အင်းဆက်တို့ကို စားသုံးသော ဓလေ့သည် လူမျိုး ဘာသာအလိုက် ကွဲပြားမှုရှိသော်လည်း အမှန်တကယ် စားသုံးသည့် အလေ့အထမှာ နည်းနေဆဲဖြစ်သည်။ ပညာရှင်များ၏ ခန့်မှန်းချက်များအရ နောင် နှစ် ၂၀ ခန့်တွင် ကမ္ဘာ့လူဦးရေ တိုးပွားများပြားလာခြင်းနှင့်အတူ စားနပ်ရိက္ခာ လိုအပ်ချက်သည်လည်း များပြားလာမည် ဖြစ်တော့သည်။ ယင်း စားနပ်ရိက္ခာ လိုအပ်ချက်တွင် ပရိုတင်းလိုအပ်မှု အခန်းကဏ္ဍသည်လည်း ထိပ်တန်း အခြေအနေတွင် ရှိနေမည်ဖြစ်၍ လူသားတို့အတွက် ပရိုတင်းလိုအက်ချက်ကို ဖြည့်စည်းပေးနိုင်ရန် စားရန်သင့်လျော်သော အင်းဆက်များက အထောက်အကူပြုနိုင်ပြီး အနာဂါတ်၏ ပရိုတင်းဖြည့်စွက် အစားအစာဟု ဆိုရမည်ဖြစ်သည်။ ကျနော်ငယ်စဉ် ခလေးဘဝက လူကြီးသူမများ၏ ပြောစကားများအရ ခြဘုရင်မ တစ်ကောင်ကို စားသုံးလိုက်ခြင်းဖြင့် အင်အားများပြည့်ဖြိုးလာပြီး ၂ မိုင်ခရီးအား မနားတမ်းပြေးနိုင်သည်ဟု မှတ်သားဖူးသည်။ ထို့အပြင် ပျားသလက်နှင့် ပျားသားလောင်းတို့အပါအဝင် တချို့သော လိပ်ပြာနှင့် ဖလံများ၏ ရုပ်ဖုံးအတွင်းမှ သားလောင်းတို့သည်လည်း လူတို့အတွက် အားအင်ပြည့်ဖြိုးစေရန် များစွာ အထောက်အကူ ပြုသည်ဟု သိရသည်။ စားသုံးရန်သင့်လျော်သော အင်းဆက်မျိုးစိတ်များစွာရှိ၍ ဥပမာအနေဖြင့်
ဖော်ပြရပါက -
- ရေဗီလား( Notonecta )၏ ဥမြုံ
- အုန်းပိုး( Rhynchophorus palmarum )
- တစ်မျိုး၏ သားလောင်းကောင်
- ရင်ဘက်ပိုင်းတွင် ကြွက်သားများဖြင့်
- ပြည့်နေသော ပုရွက်ဆိတ်(Atta cephalotes)
- အခြောက်လှန်း အမှုန့်ကြိတ်ပြီးနောက်
- ပေါင်မုန့်အတွင်း ဌာပနာ၍ စားသုံးနိုင်သည့်
- အပြင် အကောင်လိုက်ကြော်၍လည်း
- စားသုံးနိုင်သော ဥမှင်တိုနှံကောင်(Locust) အစရှိသဖြင့် စားသုံးရန်သင့်လျော်သော အင်းဆက်မျိုးစိတ် အများအပြားရှိနေသည်။ စားသုံးရန်သင့်လျော်သော အင်းဆက်များစွာမှ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်မှ ထွက်ရှိသော တွင်းပိုးသည်လည်း အပါအဝင် ဖြစ်သည်။
တွင်းပိုးဟုဆိုလိုက်သည်နှင့် စားလို့ရတဲ့ ပိုးကောင်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ ထို့အပြင် တွင်းပိုးအခြောက်မှုန့်ကို နွားနို့ပူပူထဲ ထည့်သောက်ပါက အားအင်တွေကို အမြန်ဆုံး ပြည့်ဖြိုးလာစေလို့ အမျိုးသား အများစု အကြိုက်တွေ့ပါတယ်။ အမျိုးသမီးတွေကတော့ တွင်းပိုးကြော်နဲ့ လက်ဖက်သုပ်(Laphet thote) တွဲဖက်စားရတာကို ခုံမင်နှစ်သက်ကြတယ်လို့ သိရပါတယ်။ တွင်းပိုး အစိမ်းများကို ချင်း၊ ကြက်သွန်ဖြူတို့နှင့် ရောထောင်၍ ကြော်စားကြသည်လည်း ရှိသကဲ့သို့ ငါးဖယ်၊ ငါးဆုပ်ကဲ့သို့ ပြုလုပ်၍ ဆီပြန် ချက်စားလျင်လည်း အလွန်အရသာရှိသည်ဟု သိရသည်။
သားလောင်း
[ပြင်ဆင်ရန်]အရွယ်ရောက် တွင်းပိုးအမသည် ရေကမ်းစပ်ရှိ ကျောက်တုံး၊ ကျောက်ခဲများကြားနှင့် အမှိုက်သရိုက်များပေါ်တွင် ဥအုချလေ့ရှိ၍ ရက်ပိုင်းအတွင်း ဥများမှ အကောင်ငယ်များ ပေါက်လာသည်။ ဥများမှ ပေါက်ခါစ အကောင်ငယ် သားလောင်းကောင်များသည် မိုးရွာသွန်းသည့်အခါ မိုးရေနှင့်အတူ မျောပါ၍ သော်လည်းကောင်း လူတို့က ကန်ရေဖြင့် ပတ်ချ၍ သော်လည်းကောင်း ကန်ထဲသို့ ရောက်သွားသည်။ သားလောင်းကောင်များသည် ကန်ရေတွင် လွတ်လပ်စွာ နေထိုင်ပြီး ၁၇ ရက်ခန့် ကြာပြီးနောက် ညအချိန်တွင် ကမ်းစပ်သို့ ရောက်လာကြသည်။ ယင်း အချိန်တွင် ဖမ်းဆီးခြင်းမပြုကြပဲ မီးရောင်ပြ၍ မောင်းထုတ်ရသည်။ မီးရောင်ကြောက်သော သားလောင်းများသည် ကမ်းစပ်နှင့် ဝေးရာသို့ ပြန်သွားကြပြီး နောက် ၃ ရက်ခန့် အကြာတွင် တဖန် ကမ်းစပ်သို့ ရောက်လာကြပြန်သည်။ ပထမ တစ်ကြိမ်တွင် မီးရောင်ကြောက်သော်လည်း ဒုတိယအကြိမ်တွင် မီးရောင်အားမကြောက်တော့သည့်အပြင် မီးရောင်ရှိရာသို့ စုပြုံရောက်ရှိလာကြသည်။ ထိုအချိန်မှသာ ဖမ်းဆီးခြင်းကို ပြုလုပ်ကြရသည်။
သားလောင်းများ၏ အရောင်သည် ရင်ဘက်တွင်ဖြူ၍ ကျောဘက်တွင် ခဲနက်ရောင် အဆင်းရှိသည်။ အရွယ်အစား ၂ စင်တီမီတာမှ ၂ ဒဿမ ၄ စင်တီမီတာအရွယ်ခန့်ရှိပြီး ကိုယ်တွင် အပိုင်း ၁၂ ခုရှိ၏။ ဦးခေါင်းနှင့် ကိုယ်ပိုင်း ခွဲခြားနိုင်ပြီး ကိုယ်အလယ်ပိုင်းသည် တခြားအပိုင်းတို့ထက်ပို၍ ကြီးမားတုတ်ခိုင်သည်။ ကိုယ်နောက်ပိုင်း အဆစ် ၂ ခုသည် သေး၍ ရှည်လျားသည်။ နောက်ဆုံး အဆစ်ပိုင်းမှ အမြှီးသဏ္ဌာန် အမွေးနှစ်ခုရှိ၏။ ယင်း အမွေးနှစ်ချောင်းပေါ်တွင် မွေးညှင်းကလေး များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ ဦးခေါင်းသည်ပြားချပ်၍ ဂေါ်ပြားသဏ္ဌာန်ရှိ၏။ ဦးမှင်တစ်စုံရှိ၍ စုပေါင်းမျက်လုံး( Compound eye )ဖြစ်လာမည့် မျက်လုံးတစုံလည်း ပါဝင်သည်။ ပါးစပ်တွင် ပါးစပ်အစိတ်အပိုင်းရှိ စွန်ကုက်သဏ္ဌာန်ညှပ် သို့မဟုတ် မေးရိုး ( Mandible)သည် သန်မာ၍ သားကောင် ဖမ်းရာတွင် များစွာအသုံးဝင်သည်။ သားလောင်းသည် အခြားသော သားလောင်းကောင် အချင်းချင်းနှင့် ငါးများကို ဖမ်းယူစားသောက်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ရေကျားဟု တင်စားကြသည်။ အခြားသော အင်ဆက်ပိုးများကဲ့သို့ပင် လေဗရမ်( Labrum )၊ မက်ဆီလာ( Maxilla ) တစ်စုံနှင့် လေဗီယမ်( Labium ) လည်းရှိ၏။ သားလောင်းအဆင့်တွင် အခြားအင်းဆက်များနှင့် မတူပဲ တမူထူးခြားစွာ ဖွံ့ဖြိုးမှုရှိသည့် အင်္ဂါမှာ အတက်အလက် သို့မဟုတ် အင်းဆက်တို့၏ ခြေချောင်းများ( Appendage ) ဖြစ်သည်။ သားလောင်းကောင် ကိုယ်အရှေ့ပိုင်းတွင် အတက်အလက် သုံးစုံပါရှိသည်။ အတက်အလက် အားလုံးတို့သည် ကောင်းစွာဖွံ့ဖြိုးပြီး အဖျားပိုင်း အဆစ်နှစ်ခုတွင် မွေးညှင်းများရှိသည်။ ရေတွင် လျင်မြန်စွာ ကူးခပ်နိုင်သည်မှာ ယင်း အတက်တို့က ရေယက်သဏ္ဌာန် ဆောင်ရွက်ပေးခြင်းကြောင့်ဖြစ်သည်။ သားလောင်း အမျိုးအစားသည် အီလက်တာရီဖွန်း ( Elateriform ) အမျိုးအစားဖြစ်သည်။ သားလောင်းများသည် ရေတွင်သာမက ကုန်းပေါ်တွင်လည်း လျင်မြန်စွာ သွားလာ လှုပ်ရှားနိုင်ကြသည်။
ဖိုးသူတော် ခေါ် ပိုးရုပ်ဖုံး
[ပြင်ဆင်ရန်]သားလောင်းတို့သည် ရေထဲတွင် ရက် ၂၀ နေပြီးနောက်ကုန်းပေါ် တက်လာကြသည်။ ယင်းကဲ့သို့ တက်လာကြသည်မှာ ဖိုးသူတော်ခေါ် ပိုးရုပ်ဖုံး( Pupa ) အဆင့်သို့ ကူးပြောင်းရန်အတွက် မြေအောင်းရန် ကမ်းစပ်သို့ တက်လာခြင်းဖြစ်သည်။ ထို့နောက် သားလောင်းတို့သည် ရေစပ်မှ သုံးပေအကွာ စိုစွတ်သော မြေကြီးထဲသို့ တိုးဝင်ပြီး မြေအနက် တစ်လက်မခွဲခန့်တွင် ငြိမ်သက်စွာ ခိုအောင်းနေသည်။ ၅ ရက်မျှ ခိုအောင်းပြီးနောက် အရေခွံ ၁ ကြိမ် လဲသည်။ ထိုအခါ ကိုယ်ခန္ဓာသည် ပို၍ တုတ်ခိုင်လာပြီး တစ်ကိုယ်လုံး ဖြူဖွေးသော အရောင်ဖြစ်လာသည်။ ထိုကဲ့သို့ အရေခွံ လဲလိုက်သည်နှင့် တပြိုင်နက် သားလောင်း၏ အနောက်ဖက် ခြေထောက်အစုံသည် ပို၍ ကြီးထွားလာပြီး သာမန်မျက်လုံးမှ စုပေါင်း အဖြစ်သို့ တဖြည်းဖြည်း ဖွံ့ဖြိုးလာ၏။
ပိုးရုပ်ဖုံး( Pupa) အမျိုးအစားသည်ကား အိတ်ဆာရိတ်( Exarate ) အမျိုးအစားဖြစ်သည်။
သက်ကြီးကောင်
[ပြင်ဆင်ရန်]ရုပ်ဖုံးအဆင့်တွင် ၅ ရက်နေပြီးနောက် အတောင်အလက်စုံသော သက်ကြီးကောင် ဘဝသို့ ရောက်ရှိသွားသည်။ အရွယ်ရောက်ကောင်သည် အညိုရောင်ရှိ၍ အတောင်ဖုံးတွင် အမည်းရောင် အစက်များက အရှေ့နှင့် အနောက် တန်းလျက်ရှိသည်။ အတောင်ဖုံး( Elytra )သည် ပျံသန်းမှု မပြုသော်လည်း ပျံသန်းရာတွင် အသုံးဝင်သည့် အတောင်ပါးကို နားနေစဉ် မပျက်ဆီးစေရန် အကာအကွယ်ပေးသည်။ အရွယ်ရောက်ကောင်သည် ၁၅ × ၈ စင်တီမီတာ အရွယ်ရှိ၍ ထင်ရှားသော စုပေါင်းမျက်လုံးနှင့် အင်တာနာ ဦးမှင်တစ်စုံပါရှိသည်။ ရင်ဘက်ပိုင်းရှိ အတက်အလက်တို့သည် ရေတွင် ကူးခပ်ရာ၌ များစွာအထောက်အကူပြုသည်။ သက်ကြီးကောင်တို့သည် ရေတွင်နေထိုင် ကျက်စားသော ပိုးကောင်ဖြစ်သောကြောင့် ရေငုပ်ပိုးတောင်မာ(Diving beetle)ဟုခေါ်သည်။ သက်ကြီးကောင်များကို အဖို အမ ခွဲခြားရန် နည်းတစ်မျိုးသာရှိသည်။ ရင်ဘက်ပိုင်းရှိ ပထမဆုံး အတက်အလက်၏ ပုံစံကိုကြည့်၍ ခွဲခြားနိုင်သည်။ ထိုသို့ခွဲခြားရာတွင် တာဆိုင် ( Tarsi ) သည် အဝိုင်းသဏ္ဌာန်ပြန့်ကားနေပါက အဖိုဖြစ်သည်။ အခြားသော ပြင်ပလက္ခဏာတို့မှာ အဖို အမ များစွာမကွာခြားပဲ အတူတူဖြစ်သည်။ သားလောင်းကောင်များသည် ရေကမ်းစပ် ပတ်လည် ကမ်းအားလုံးသို့ တက်လာခြင်း မပြုကြပါ။ အနောက်ဘက်နှင့် တောင်ဘက် ကမ်းခြေတို့တွင်သာ တက်လေ့ရှိသည်ဟု သိရှိရ၍ လဆန်းပိုင်းတွင် တောင်ဘက် ကမ်းခြေသို့ လာရောက်လေ့ရှိ၍ လပြည့်ကျော် ရက်များတွင် အနောက်ဘက် ကမ်းခြေသို့ ရောက်လာလေ့ရှိသည်။ ပိုးကောင် အတက်များသောအချိန်သည် ညဉ့်ဦးယံမှ ညဉ့်နက်သန်းခေါင်အထိ အများဆုံး ကျတက်သည်။ တခါတရံ နံနက်ပိုင်းတွင်လည်း ပိုးကောင်များ တက်လေ့ရှိသည်။ နံနက်ပိုင်းတွင် အာရုံဦး ရောင်နီလာချိန်မှစ၍ နေမြင့်သည်အထိ ရောက်လာသည်လည်းရှိသည်။ ကမ်းစပ်သို့ ရောက်ရှိလာသော တွင်းပိုးများကို မီးရောင်ပြကာ ဆန်ဆေး စကာခုံးအကြီးစားများ အသုံးပြု၍ ယက်သယ့်ဖြင့် ဖမ်းယူသကဲ့သို့ ဖမ်းရသည်။ ဖမ်းဆီးရရှိလာသော ပိုးကောင်များကို ရေနွေးဆူဆူတွင် ခဏမျှ ထည့်ပြုတ်၍ ရေစစ်ပြီး အခြောက်လှန်းရသည်။
ထိန်းသိမ်းသင့်
[ပြင်ဆင်ရန်]ယခုအခါတွင် တွင်းတောင်မှ တွင်းပိုးအထွက်နှုန်း အရင့်အရင် ကာလများကဲ့သို့ ထွက်ရှိမှုမရှိပဲ အထွက်နှုန်း များစွာလျော့နည်းလျက်ရှိသည်ဟု သိရသည်။ မိုးဦးကာလ တွင်းပိုးအမများ ဥချချိန်တွင် ဖမ်းဆီးမှုမပြုရန် တာဝန်ရှိသူတို့က နှိုးဆော်တိုက်တွန်းရမည်ဖြစ်သည့်အပြင် တွင်းပိုးဥများ တွေ့ရှိပါက သစ်ကိုင်း၊ သစ်ခက်များဖြင့် ဖုံးအုပ်ပေးရမည်။ ထို့အပြင် အခြားသော ကျေးငှက်များ စားသောက်မှု မပြုနိုင်ရန် ငှက်ခြောက်နိုင်သည့် အရာများဖြင့် စီမံ၍ ကာကွယ်သင့်သည်။ စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းစကားများအရ တွင်းတောင်တွင် တွင်းပိုး မထွက်တော့ကြောင်း တချို့ကလည်း အနည်းငယ် ထွက်နေသေးကြောင်း ကြားသိရသည်။ မည်သို့ပင်ဆိုစေကာမူ တွင်းပိုးအပါအဝင် စပီရူလိုင်းနား( Spirulina ) အယ်လဂျီတို့ အလျှံ အပယ် ထွက်ရှိခဲ့သော တွင်းတောင်သည် ယခုအခါ ဂေဟစနစ်များ ပျက်ဆီးခြင်းကြောင့် အရင်လို မဟုတ်တော့ပြီ။
စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား
[ပြင်ဆင်ရန်]တွင်းတောင်ထဲမှ ရေများသည် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား အားဆေးများ(ပရိုဗီမင်အားဆေး၊ အာဗာမင်အားဆေး၊ စိမ်းပြာရေညှိအဆီ)ကို ထုတ်ယူနိုင်သည်။ စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနားသည် လူကြီးများအတွက်သာမက၊ လူငယ်များအတွက်ပါ အားအင်ပြည့်ဖြိုးစေသည်။