မာတိကာသို့ ခုန်သွားရန်

ထုပိကာ

ဝီကီပီးဒီးယား မှ

ထုပိကာ ဆိုသည်မှာ ပြာသာဒ်ဆောင်၏ အငယ်ဆုံးဘုံဆင့်ပေါ်တွင် ရှိသော ပြာသာဒ်အထွဋ်(ထွတ်)ကို ဆိုသည်။ အုတ်ပြာသာဒ်တွင် ဖြစ်စေ၊ သစ်သားပြာသာဒ်တွင် ဖြစ်စေ၊ သံပြာသာဒ်တွင် ဖြစ်စေ ချည်ခွင်ပုံ (သို့) မကိုဋ်ပုံ ထီး၏အောက်ပိုင်းက တပ်ဆင်ရလေသည်။

မြန်မာဘာသာတွင် ထုပိကာ ဟု ယခုအရေးတွင်လျက်ရှိသော စကား၏ မူလမှာ ပါဠိဘာသာ ထူပိက ပုဒ် ဖြစ်သည်။ ပါဠိဘာသာတွင် ယင်း ထူပိက ပုဒ်သည် ထူပ ပုဒ်သက်ဖြစ်၍၊ ထူပ ပုဒ်၏အနက် “ခေါင်းလောင်း ပုံသဏ္ဌာန် ရှိစေတီ” ဟောဖြစ်သည်။ စစ်ကိုင်းမြို့ ကောင်းမှုတော် ခေါ် ရာဇမဏိစူဠာ စေတီတော်၊ ထူပါရုံစေတို့တော်တို့၏ ပုံမျိုးကို ဆိုလိုသည်။ သီဟိုဠ်ကျွန်းတွင်သော် ကောင်းမှုတော် ပုံသဏ္ဌာန်မျိုးကို တည်ဆောက်ကြသည်က များသည်။ ထို့ကြောင့် ထူပိက၏ အနက်ရင်းမှာ “ခေါင်းလောင်း ပုံသဏ္ဌာန်ရှိ ခေါင်, အမိုး” ဟူ၏။ ထူပိက ကိုတဖန် ဋီကာကျမ်းတို့တွင် ကူဋာဂါရ၊ “စုလစ်, မွမ်းချွန်ပါသော အဆောက်အဦ” ဟုဖွင့်ကြပြန်သည်။ သို့ဖြင့် မြန်မာ ဘာသာ၌ ပြာသာဒ်တင်သော အဆောက်အဦတို့တွင်၊ ဘုံအဆင့်ဆင့်ရှိ ပြာသာဒ်ဝယ်၊ ဘုံဆင့်များ၏အထက်၊ ထီးအောက်ရှိ၊ သုံးမြှောင့်, လေးမြှောင့် စသည်အမြှောင့်များ ဖေါ်ထားလေ့ရှိ၍၊ အထက်သို့ ခပ်ရှူးရှူး တက်သွားသော အချောင်းကြီးကို ထုပိကာ ဟု ခေါ်စ မှတ် ပြုလျက်ရှိသည်။ စေတီတို့၌သော် ယင်း အချောင်းကြီးမှာ ငှက်ပျောဖူးသဏ္ဌာန်လုံးချောဖြစ်သဖြင့်။ ယင်းနေရာ အစိတ် အပိုင်းကို “ငှက်ပျောဖူး”ဟူ၍သော်၎င်း၊ ခရားသီးသဏ္ဌာန်နှင့်လည်းတူသဖြင့်။ “ခရားသီး” ဟူ၍သော်၎င်း ခေါ်လေ့ရှိသည်။ ပြာသာဒ်တို့၌သော်ကို “ပိစပ်ဖူး၊ ဟင်းရမ်းဖူး” ဟူ၍လည်းခေါ်သေးကြောင်း၊ ယုဒသန်အဘိဓာန်တွင် ပြဆိုထားသည်။

ရှေးကျောက်စာတို့တွင် ထုပိကာ ဟူသော အရေးအခေါ်ကို မတွေ့ရ။ ပုဂံ ခေတ်တွင် ယင်းကို အထွတ် ဟု မြန်မာ စကား သက်သက် ဖြင့်သာ ခေါ်ဆိုခဲ့ဟန်တူသည်။ ၅၈၅ ခုစွဲ၊ လေးမျက်နှာဖုရားကျောက်စာတွင် “အထွတ်ကာ ရှယ်တွတ် ပ္လု ဧအ်။ အထွတ်ထက္ကာရှယ်ထီဆောက်၏ (အထွတ်ကား ရွှေထွတ်ပြု၏။ အထွတ်ထက်ကား ရွှေထီးဆောက်၏)။” ဟု ဆိုလျက်ရှိရာ။ ထီး၏ အောက်၌ တည်လျက်ရှိသော ငှက်ပျောဖူး နေရာ၊ ထုပိကာ နေရာကိုပင် အထွတ် ဟုခေါ်လျက်ရှိသည်။ တဖန့် ၅၉၃-ခုစွဲ၊ စောမင်းလတ်ဖုရားကျောက်စာတွင် “စေတီကိုဝ်ရှေယ်အတိသောအထွတ်လေတင်၏ (စေတီကိုရွှေအတိ သော အထွတ်လေတင်၏)။”ဟု ဆိုသည်၌၊ ရှေးကစေတီ တဆူလုံးကို ရွှေမထည့်, ရွှေမချနိုင်သော်၊ ရွှေစည်းခုံစေတီတော်ကြီး၌ကဲ့သို့၊ ငှက်ပျောဖူး မှစ၍ အထက်ကိုသာ ရွှေထည့်ရိုး၊ ရွှေချရိုး အလေ့ရှိသည်ကို ထောက်သော်၊ “ငှက်ပျောဖူး၊ ထုပ်ကာ”ကိုပင် အထွတ် ဟု ခေါ်ဆိုသည်ယူပြန်ရာ၏၊ ထို့ကြောင့် အထွတ် ဟူသောစကားဖြင့် မည်သည့် အချွန်အတက်ကိုမဆို ခေါ်ဆိုနိုင်စေကာ၊ စေတီနှင့်ပြာသာဒ်တို့တွင်ငှက်ပျောဖူးနှင့် ထုပိကာတို့အား အထွတ် ဟု ပင်ခေါ်ဆိုခဲ့သည်မှာသိသာပေသည်။

ပုဂံမင်းမူလထိုး သကျသီဟုဖုရား ကျောက်စာတွင်မှ ထုပိကာ အရေးကို တွေ့မိသည်။ “ဆောက်လုပ်တော်မူသည့် တန်ဆောင်းတော်ကြီး တမျက်နှာသော် အချင်း ၉ တာ၊ လေးမျက်နှာသော် အဝန်း ၃၆ တာ၊ မြေဝင် ၄တောင်၊ မြေပေါ်ထုပိကာထိ အရပ်တော် ၄၁ တောင်၊”

မွန်တို့ကသော်ပါဠိဘာသာဖြင့် ထူပိက၊ မြန်မာဘာသာဖြင့် ထုပိကာ ဟု ခေါ်ဆိုသည်ကို ထုပ်ပြကာ၊ ဓုပ်ပြကာ ဟုရေးသားခေါ်ဆိုသည်။

ဖေါ်ပြပါအကြောင်းတို့ကိုထောက်သော်၊ မြန်မာဘာသာ၌ ယခု ထုပိကာ ဟုခေါ်ဆိုလျက်ရှိသည်ကို၊ ပြာသာဒ်အထွတ်၊ ပြာသာဒ်ထွတ် ဟုခေါ်ဆိုသော်လည်း သင့်ရာ၏။ ဤသို့လျှင် ထူပ မှ ထူဝိက သို့သက်၍၊ “ထူပပုံသဏ္ဌာန် ခေါင်၊ အမိုး၊” ဟောပုဒ်ကို၊ မြန်မာတို့က ထုပိကာ ဟု ခေါ်ဆို ပြီးလျှင်း ပြာသာဒ်အထွတ်၊ ပြာသာဒ်ထွတ် အနက်ဖြင့်သုံးလျက်ရှိသည်ကိုထောက်၍၊ စကားတို့၏အနက်များ မည်သို့ ကျယ်ပြန့်၊ ခြားသန့်လာနိုင်သည်ကို ဆင်ခြင် ရာသတည်း။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာစကားအဖွင့်ကျမ်း-ဦးဖိုးလတ်