ထူးတဲ့ဆုတောင်း
ထူးတဲ့ဆုတောင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]မောင်းထောင်ဆရာတော် သီဟိုဠ်ကျွန်းသို့ စွယ်တော်ဖူးမြော်ရန်သွားသည့်အကြောင်းကို ဖွဲ့ဆိုထားသည်။
ထူးတဲ့ဆုတောင်း
[ပြင်ဆင်ရန်]ကိန်းယူဇနာတြိန်းသတာ အဝှန်းတဲ့၊ စာညွှန်းပုံမပိုမိုဘု၊ ကျွန်းသီဟိုဠ်ခေါ်သမိုက်ကြ၊ နန်းစိုက်သည့်နုရာဓ တွင်မှ၊ တွင်ပသည့်သာသနာ။
စိန္တေယျာရွှေဗျာသံနှင့်၊ ဒေဝါနံ စေနာရှိန်ကြောင့်၊ မာရဇိန် နိဗ္ဗာန်သို့လှစ်ခဲ့တော့၊ ကျန်ရစ်သည်ဓာတ်တမျိုးတဲ့၊ ညှပ်ရိုးတော်ပူဇော်လှုံလို့၊ ထူပါရုံတည်ကာဆင်မိရင်၊ ထေရ်ရှင်ပင်မဟိန္ဒက၊ နှမတော်သင်္ဃမိတ်ကယ့်ကို၊ ပင့်ဖိတ်ပါဒကာကိုဟောသတဲ့၊ ထိုရောအခါဖြင့်၊ အသောကာမာသီရိက၊ ဗောဓိညောင်တောင်အခက်ကို၊ ဆောင်ရွက်တော်မူပါဟု၊ မြင်းသီလာ ရွှေဝါသားလိုက်ရင်၊ ဆယ်ပါးမွန်နံ့သာဖြင့်၊ သုဝဏ္ဏာကုမ္ဘာအိုးနှင့်၊ စိုက်ပျိုးစဉ်အခါက၊ ရိုးသန္တာရွက်ညွန့်ဖျား၊ ကွန့်နားကာအဲသည်တုန်းက၊ ငါးလုံးတိုင်ရွှေညောင်သီးက၊ ရေမီးစုံရောင်ညီဖြာ၍၊ ဗြဟ္မာရွာတိုင်အောင်ထွန်းသတဲ့၊ ဤကျွန်းခွင်သီဟိုဠ်မှာရှိရစ်တဲ့၊ ဗောဓိရုက္ခာ။
ရှစ်ပြည်ထောင်ယူဆောင်ကြဉ်းကြတဲ့၊ တတင်းချင်ဓာတုယောတို့၊ တဒေါဏာလေးပြည်ရှိသတဲ့၊ ကောလိယာပြည်စံမင်းတို့၊ ဆောင်ကြဉ်းကာ တည်စေတီနှင့်၊ ရေနဒီမြစ်ကမ်းပါးမှ၊ ဘုရားပြိုပြန်၍၊ နဂါးထံယူဆောင်ကြဉ်းတော့၊ ခံတွင်းဝယ်ဓာတ်တော်ကြုပ်ကို၊ သောနုတ္တရာ မထေရ်ပျံက၊ သီဟဠံကျွန်းဒေသ၏၊ ဟေမမာဥယျာဉ်တွင်း၊ မြှုပ်သွင်းစေဌာပနနာလို့၊ တည်မဟာစေတီသခဲ့၊ မင်းဒုဋ္ဌမဏိကာ ရှိပဏာညွတ်ပြောင်း။
ပြည်သီဟိုဠ်စေတီပေါင်းငယ်နှင့်၊ ရွှေကျောင်းရာဟူသရွေ့တို့၊ စုံစေ့အောင်စာမသွင်းပြီဘု၊ မင်းဋ္ဌောဂါမဧိက၊ အာဒိပထမံပ၊ ဓမ္မခန်ဒေသနာတို့၊ သေချာအောင်ပေလွှာဖူးငယ်နှင့်၊ ရေကူးကာမူတင်ဘို့၊ ထေရိရှင်ပင်ငါးရာဟောလောက်တဲ့၊ အာလောကာဂူလိုဏ်ကြီးနှင့်၊ ခရီးကွာဘိတောင်းပ၊ ရွာမောင်းထောင်စဉ်ကာတဲ့၊ မြို့သေလာသင်္ခန္တ၊ သင်္ခငွေပုလဲကဲ့သို့၊ လက်ဝဲစွယ်တော်ဖူးကြရ၊ ဗလဝါမုက္ခာ၊ မဟာသမုဒ္ဒရာကူးနိုင်လို့၊ ထူးတဲ့ဆုတောင်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ တြိန်းသတာ = ၃၀၀ အရေအတွက်။
၂။ နုရာဓ = အနုရာဓမြို့တော်။
၃။ ရွှေဗျာသံ = ရွှေဗျာဒိတ်မြွက်ကြားခဲ့သည့်အသံ။
၄။ ဒေဝါနံ = ဒေဝါနံပီယတိဿမင်း။
၅။ မာရဇိန် = မာရ်ငါးပါးကို အောင်သည့်ဘုရား။
၆။ အာသောကာမာသီရိ = သီရိဓမ္မာသောကမင်းကြီး။
၇။ သုဝဏ္ဏကုမ္ဘာ = ရွှေအိုး။
၈။ တဒေါဏာ = လေးပြည်၊ တစိတ်။
၉။ သောဏုတ္တရာ = သောဏနှင့် ဥတ္တရမထေရ်။
၁၀။ ဒုဋ္ဌမဏိကာ = ဒုဋ္ဌကာမဏိမင်းကြီး။
၁၁။ သင်္ခန္တ = သင်္ခတ တရားတို့ကုန်ဆုံးရာမြို့။
၁၂။ ဗလဝါမုက္ခာ = လှိုင်းလေထန်သော ရေပင်လယ်။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။