နွဲ့နွဲ့စန်း
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
အကယ်ဒမီ စည်သူ ဒေါ်နွဲ့နွဲ့စန်း | |
---|---|
မွေးဖွား | ၁၉၄၁ (အသက် ၈၃–၈၄) လင်းကတောရွာ၊ မြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး |
နိုင်ငံသား | မြန်မာ |
ရရှိသည့်ဆုများ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၊ မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆု |
ဆိုဗီယက်ပြန် ဒေါ်နွဲ့နွဲ့စန်း (၁၉၄၁ မွေးဖွား) သည် မြန်မာ့ဇာတ်သဘင်လောကတွင်သာမက မြန်မာ့ရုပ်ရှင်လောကတွင်ပါ ထင်ရှားသော မင်းသမီးတစ်ဦးဖြစ်သည်။ သူမ၏ ပြောင်မြောက်လှစွာသော သရုပ်ဆောင်ချက်များနှင့် နိုင်ငံတော်အကျိုးအတွက်သဘင်ပညာဖြင့်အကျိုးပြုမှုများအတွက် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)။ စည်သူဘွဲ့၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၊ မြန်မာ့ရုပ်ရှင်တစ်သက်တာထူးချွန်ဆုများ ရရှိခဲ့သူ ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဒေါ်နွဲ့နွဲ့စန်းကို ၁၉၄၁ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်ရှိသည့်အနက် သုံးယောက်မြောက်ဖြစ်သည်။ သူမငယ်စဉ်အချိန်ကပင် ဖခင်ကွယ်လွန်ခဲ့သည်။ သူမ ခုနှစ်နှစ်အရွယ်တွင် မန္တလေးမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီး မန္တလေးပန်တျာကျောင်းတွင် ပန်တျာပညာများကို သင်ယူခဲ့သည်။ သူမ၏ ငယ်ဆရာများမှာ ဝဏ္ဏကျော်ထင် ဒေါ်ဩဘာသောင်းနှင့် မင်းသားကြီးဦးရွှေဒေါင်းညိုတို့ ဖြစ်ကြသည်။ သူမနှင့်အတူ ပညာသင်ကြားခဲ့ကြသူများမှာ - ဒေါ်အမာစိန်၊ပန်တျာကျင်ကျင်မြိုင်၊လှထိပ်တင်၊ယုဝတီမြင့်မြင့်၊ မရှပ်တေး၊ညိုညိုစန်း စသူတို့ဖြစ်သည်။ သူမအသက်ရှစ်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဦးခင်မောင်လေး၏ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါကပြခဲ့ရသည်။ အဆိုပါ ခရီးစဉ်သည် သူမ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ခဲ့သည်။
အငြိမ့်မင်းသမီးဘဝ
[ပြင်ဆင်ရန်]ဒေါ်နွဲ့နွဲ့စန်းသည် အသက်တစ်ဆယ့်တစ်နှစ်တိုင်အောင် မန္တလေးပန်တျာကျောင်းတွင် ပညာသင်ယူခဲ့သည်။ သူမသည် မန္တလေးမှအငြိမ့်တည်ထောင်သူ ဦးမန်းရီ တည်ထောင်သော မင်္ဂလာအငြိမ့်တွင် အငြိမ့်မင်းသမီးအဖြစ် စတင်ကပြခဲ့သည်။ သူမနှင့်အတူကပြခဲ့သူများမှာ လူရွှင်တော်ကြီးများဖြစ်ကြသော ဦးရွှေဒေါင်း၊ ဦးငွေမောင်း စသူတို့ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အဆင့်အခမ်းအနားများတွင်လည်း ကပြဖျော်ဖြေခဲ့ရသည်။ သူမ အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် အိန္ဒိယဝန်ကြီးချုပ်နေရူးနှင့်ဇနီးတို့လာရောက်စဉ် ယိုးဒယားအကဖြင့်ကပြဖျော်ဖြေခဲ့ရာ ထဘီတစ်ထည်ဆုချခြင်းခံရသည်။ သူမအသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် သူမ၏ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်း ဟုနာမည်ကျော်စေမည့် ဆိုဗီယက်ပြည်ထောင်စုသို့ အနုပညာရှင်ကြီးများဖြစ်ကြသော ရွှေမန်းတင်မောင်၊ ဦးကက်နက်စိန်၊ ဦးစိန်အောင်မင်း၊ ဦးဟန်ပ၊ ဦးဘသန်းစသော အနုပညာရှင်များပါဝင်သော ချစ်ကြည်ရေးအဖွဲ့ကြီးဖြင့်သွားရောက်ဖျော်ဖြေခဲ့ရသည်။ ထို့နောက် အသက်နှစ်ဆယ်ခန့်တွင် တရုတ်နိုင်ငံနှင့်နယ်နမိတ်ရေးဆွဲရေးကိစ္စနှင့်ပတ်သက်၍ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ထပ်မံသွား ရောက်ဖျော်ဖြေခဲ့ရသည်။
ရုပ်ရှင်မင်းသမီးဘဝ
[ပြင်ဆင်ရန်]ဒေါ်နွဲ့နွဲ့စန်းသည် အသက်နှစ်ဆယ်ခန့်အရွယ်တွင် မန္တလေးမှ စက်သူဌေး ဦးမောင်မောင်ခင်နှင့် အိမ်ထောင်ကျခဲ့သည်။ မုန်း ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ အိမ်ထောင်ဖက်၏ ချုပ်ချယ်မှုကြောင့် အနှောင့်အယှက်များစွာဖြစ်ခဲ့သော်လည်း ထားသခင် ၊ မိုးညအိပ်မက်မြူ စသော ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သည်။ အိမ်ထောင်သက် ၁၁ နှစ်အရတွင် ဦးမောင်မောင်ခင်နှင့် ကွာရှင်းခဲ့သည်။ ထို့နောက် ကျော်ဟိန်း၊ ကိုအောင်ဆွေတို့ပါဝင်သော မဟာဗောဓိရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဒုတိယအကြိမ်ဝင်ရောက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သရဖူ ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(ဇာတ်ပို့ဆု) ရရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားပေါင်း (၁၅၀)ခန့် နှင့် ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည်။
ပရဟိတလုပ်ငန်းများ
[ပြင်ဆင်ရန်]၁၉၉၃ ခုနှစ်တွင် အမေများအဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ ပါဝင်သူအများစုသည် ဇာတ်ပို့၊ ဇာတ်ရံအလွှာအသီးသီးမှ ဆင်းရဲနွမ်းပါးသော သက်ကြီးပညာရှင်များဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အမေများအဖွဲ့ဝင်များနေထိုင်ရန် အမေများရွာကို စတင်တည်ထောင်၍ သက်ကြီးပညာရှင်များ နေထိုင်နိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။
တာဝန်ထမ်းဆောင်ခဲ့မှုများ
[ပြင်ဆင်ရန်]ဒေါ်နွဲ့နွဲ့စန်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ (ဇာတ်ပို့ဇာတ်ရံအလွှာ ဥက္ကဋ္ဌ) နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဆို၊က၊ရေး၊တီးပြိုင်ပွဲကြီးတွင်လည်း အကပညာပြိုင်ပွဲ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သည်။
ရရှိခဲ့သောဘွဲ့တံဆိပ်နှင့်ဆုတံဆိပ်များ
[ပြင်ဆင်ရန်]ဒေါ်နွဲ့နွဲ့စန်းသည် သဘင်ပညာဖြင့် နိုင်ငံတော်ကို အကျိုးပြုမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့ ဖြင့်ချီးမြှင့်ခံခဲ့ရသည်။ ထို့အပြင် သူမသည် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ သူမ၏ ရုပ်ရှင်လောကဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ ရုပ်ရှင်လောကတိုးတက်ရေးဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်တစ်သက်တာဆု ကိုချီးမြှင့်ခြင်းခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ရုပ်ရှင်တစ်သက်တာဆုကို နွဲ့နွဲ့စန်း အပါအဝင် ၃ ဦး ရရှိ" (in en-gb)၊ cnimyanmar.com။