ပကုဓကစ္စာယန
ပကုဓကစ္စာယနသည် ရှေးဗုဒ္ဓကာလက ထင်ရှားသော ဆရာကြီးတစ်ဦးဖြစ်ပြီး သဿတဝါဒီ (Eternalism) ဟုခေါ်သော အယူဝါဒကို ကိုင်စွဲသူဖြစ်သည်။ သူ၏အယူအဆများမှာ ဗုဒ္ဓဘာသာအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ထိုခေတ်အခါက အခြားသော အယူဝါဒများနှင့်လည်း ကွဲပြားခြားနားသည်။
ပကုဓကစ္စာယန၏ အဓိကအယူအဆများမှာ အောက်ပါအတိုင်း ဖြစ်သည်-
အမြဲတည်ရှိသော အရာဝတ္ထု ခုနစ်ခု
[ပြင်ဆင်ရန်]ပကုဓကစ္စာယနသည် ဤလောက၌ မပျက်စီးဘဲ အမြဲတည်ရှိနေသော အရာဝတ္ထု ခုနစ်ခုရှိသည်ဟု ဆိုသည်။ ထိုအရာဝတ္ထု ခုနစ်ခုတို့မှာ-
* ရေ * မြေ * လေ * မီး * သုခ * ဒုက္ခ * ဇီဝ
ဤ ခုနစ်မျိုးတို့သည် မပျက်စီးဘဲ အမြဲတည်ရှိကြသည်။ ယင်းတို့သည် အကြောင်းတရားလည်းမဟုတ်၊ အကျိုးတရားလည်းမဟုတ်ဟု သူကယုံကြည်သည်။
အကြောင်းအကျိုး ဆက်စပ်မှု မရှိခြင်း
[ပြင်ဆင်ရန်]ပကုဓကစ္စာယန၏ အဆိုအရ ဤလောက၌ အကြောင်းတရားလည်းမရှိ၊ အကျိုးတရားလည်းမရှိ။ မိမိတို့၏ မသိမှု= အဝိဇ္ဇာကြောင့်သာ ဤတရား ခုနစ်ပါးက အကြောင်းနှင့်အကျိုးအဖြစ် ဆောင်ရွက်နေသည်ဟု ထင်ရခြင်း ဖြစ်သည်။
သုခ၊ ဒုက္ခနှင့် ဇီဝ
[ပြင်ဆင်ရန်]- ထိုတရား ခုနစ်ပါးတို့တွင် သုခသည် အရာဝတ္ထုများကို ပူးပေါင်းမိအောင် ဆောင်ရွက်ပေးသည်။
- ဒုက္ခက အရာဝတ္ထုများကို ကွဲသွားအောင် ဆောင်ရွက်ပေးသည်။
- ဇီဝ- က သုခနှင့်ဒုက္ခကို ခံစားသည်။
- သုခ- က ဓာတ်ကြီးလေးပါးကို သာယာဖွယ်အနေဖြင့် ပေါင်းမိအောင် ဆောင်ရွက်ပေးလျှင် ချမ်းသာ၏။ မသာယာဖွယ်အနေဖြင့် ပေါင်းမိအောင် ဆောင်ရွက်ပေးလျှင် ဆင်းရဲ၏။ ဒုက္ခကလည်းထိုနည်းအတူ ချမ်းသာနှင့် ဆင်းရဲကို ဖြစ်စေသည်။
- ထို့ကြောင့် သုခနှင့်ဒုက္ခ ပေါ်မလာအောင် ဇီဝ-က ဆောင်ရွက်ရ၏။
အမတနှင့် လောက
[ပြင်ဆင်ရန်]- အရာဝတ္ထုများသည် ပူးပေါင်းခြင်းနှင့် ကွဲသွားခြင်းမရှိဘဲ မူလသဘာဝအတိုင်း ငြိမ်သက်နေပါက “အမတ” ဖြစ်ပေါ်လာ၏။
- အမတ ဟူသည် လောကုတ္တရာဖြစ်၏။
- အရာဝတ္ထုများ ပူးပေါင်းလျှင်ဖြစ်စေ၊ ကွဲသွားလျှင်ဖြစ်စေ၊ ထိုအခါ လောကဖြစ်၏။
- လောကနှင့် လောကုတ္တရာဟူ၍ တရားကိုယ်ဓမ္မအားဖြင့် သီးခြားမရှိ။ ထိုတရား ခုနစ်မျိုးတို့ လှုပ်ရှားလျှင် လောက၊ မလှုပ်ရှားလျှင် လောကုတ္တရာ။
- ကြည့်သူ ဇီဝ များကိုလိုက်၍ လောကနှင့် လောကုတ္တရာတို့ အချင်းချင်း ကွဲပြားသွားခြင်းဖြစ်၏။ အမှန်ကတော့ လောကဟူသည်မှာလည်း ဤတရား ခုနစ်ပါးပင် ဖြစ်၏။ လောကုတ္တရာဟူသည်မှာလည်း ဤ တရား ခုနစ်ပါးပင်ဖြစ်၏။
အဝိဇ္ဇာ၏ အခန်းကဏ္ဍ
[ပြင်ဆင်ရန်]- အကယ်၍ အဝိဇ္ဇာ မရှိတော့သော သူမြတ် ဇီဝ များ၏ ရှုထောင့်မှ လောကကိုကြည့်လျှင် သုခနှင့်ဒုက္ခတို့သည် ဝေဒနာအနေဖြင့် ချုပ်လေပြီဖြစ်သောကြောင့် ဤ တရား ခုနစ်ပါးတို့၏ ငြိမ်သက်မှု “သန္တိ”ကိုတွေ့ရ၏။ သန္တိဟူသည် လောကုတ္တရာဖြစ်၏။ လောကုတ္တရာ ဟူသည်မှာလည်း ဤအမြုတေတရား ခုနစ်ပါး တို့၏ အချင်းချင်း မရောဘဲ ငြိမ်သက်နေခြင်းဖြစ်၏။
- အဝိဇ္ဇာရှိသော ပုဂ္ဂိုလ် ဇီဝများ၏ ရှုထောင့်မှ လောကကိုကြည့်လျှင် သုခနှင့် ဒုက္ခတို့၏ ဆွဲငင်မှုနှင့် တွန်းကန်မှုကြောင့် အဆိုပါအမြုတေတရား ခုနစ်ပါးတို့၏ မငြိမ်သက်မှုကို တွေ့ ရ၏။ မငြိမ်သက်မှုဟူသည် လောကဖြစ်၏။ ငြိမ်သက်မှုသည် လောကုတ္တရာဖြစ်၏။
သံသရာမှ လွတ်မြောက်ခြင်း
[ပြင်ဆင်ရန်]- ထို့ကြောင့် သံသရာမှ လွတ်မြောက်လိုပါလျှင် အဆိုပါအမြုတေ တရား ခုနစ်ပါး တို့ ငြိမ်သက်နေအောင် ဆောင်ရွက်ရ၏။
- အကယ်၍ သုခကလှုပ်ရှားလျှင် ဓမ္မတာအားဖြင့် လောဘနှင့် မောဟ-က ဝင်၏။ ဒုက္ခ-က လှုပ်ရှားလျှင် ဓမ္မတာအားဖြင့် ဒေါသနှင့် မောဟ-က ဝင်၏။ ထိုအခါ လောဘ, ဒေါသ, မောဟ စသောအမြုတေ မဟုတ်သော တရားနှင့် အမြုတေဟုတ်သောတရား ခုနစ်ပါးတို့သည် ထွေးရော ယှက်တင် ဖြစ်ကာ ဇီဝသည် အမြုတေ ဖြစ်ပါလျက် အဝိဇ္ဇာကွန်ရက်မှ မထွက်နိုင်ဘဲ ရှိလေ၏။
ပကုဓကစ္စာယန၏ အယူအဆများသည် ထိုခေတ်အခါက အခြားသော အယူဝါဒများနှင့်အတူ ဗုဒ္ဓဘာသာ၏ အယူအဆများနှင့်လည်း ကွဲပြားခြားနားသည်။ ဗုဒ္ဓဘာသာသည် အကြောင်းအကျိုး ဆက်စပ်မှုကို အလေးထားပြီး၊ အရာခပ်သိမ်းသည် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အတ္တမရှိခြင်းဟူသော သဘောတရားများကို ဟောကြားသည်။[၁]
ဆက်စပ်ဖတ်ရှုရန်
- တိတ္ထိဆရာကြီး ပကုဓကစ္စာယနဝါဒ၌ ဦးဥက္ကဋ္ဌဝါဒ ပါဝင်ပုံ
- ပကုဓကစ္စာယန ဝါဒ ဝဏ္ဏနာ [၂]