ပေါရာဏစာပေးလှူပါ
ပေါရာဏစာပေးလှူပါ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]မောင်းထောင်ရွာဇာတိ ဆရာတော်သည် သုံးဆယ်မြို့ ဆင်စုရွာ၌ သီတင်းသုံးစဉ် ပေါရာဏကထာစာအုပ်ကို လျှောက်တောင်းသောအကြောင်း ဖွဲ့ဆိုထားခြင်း ဖြစ်သည်။ မကြာမီပင် ၄ ကျပ်တန် ပေါရာဏကထာစာအုပ်ကို ရရှိသည်။
ပေါရာဏစာပေးလှူပါ
[ပြင်ဆင်ရန်]ပျို့ကဗျာတီထွင်တဲ့၊ သီလဝင် ခင်ဆရာနှင့်၊ စဉ်အလာ ရှင်မဟာရဋ္ဌနှင့်ဖြင့်၊ အဂ္ဂထေရ် သမာဓိတို့၊ ဂိုဏ်းဂဏာနှိုင်းစရာ မရှိပါဘူ့၊ တိုင်းပြည်သိ ခုထက်တိုင်။
ဇာတ်တဆူဒတ်ဘူရိနှင့်၊ ဟတ္ထိပါလ ဂေါပါလတို့၊ ဝါဒအစုံပြွမ်းလို့၊ ဘုံခဏ်းဆောင် ပါရမီတို့၊ ဝါသနီ စာစီ၍ စပ်သူမို့၊ တပည့်တော်ကြည့်မျှော်၍ မှတ်သော်လဲ ဖော်တတ်သည် ဟူသမျှဖြင့်၊ ပေါရဏံ ဝေါဟာရတို့၊ ဇောကမပိုင်။
အဖိုးတန် သပြာငွေနှင့်၊ ညာမြေတွင် ရှာဖွေလို့ ထုတ်ချင်ငဲ့၊ စာအုပ်သည်ရောင်းသူ မတွေ့သော်ကြောင့်၊ အောက်မေ့လို့ တွေကာမှိုင်၊ ပွေဗျာလှိုင် စိတ်ညှိုး။
အိမ်နေဘုံ သိမ်နေသူတို့၊ စိန္တေတဆူ မြတ်ဘုရားကဲ့သို့၊ ဝပ်တွားကာပူဇော်တဲ့ ဆရာတော်ထိပ်တင်ဖုန်းငဲ့မှာ၊ နယ်သုံးခွင်ရာမဉ်ကျေးက၊ သူဋ္ဌေးသူကြွယ်တွေလှူကြလို့၊ လွယ်တကူလက်တော်ရှိရင်ဖြင့်၊ မသိနိုင်လွန်ခက်ခဲသည့်၊ နက်နဲစွာ ပေါရာဏတို့၊ စကားစမည် နားလည်လှချင်လို့၊ ကယ်မတော်မူနိုင်လောက်ရင်ဖြင့်၊ စာဟောင်းတစောင် မောင်းထောင်ရောက်အောင်လို့၊ တောင်းလျှောက်ရှိခိုး။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ သီလဝင် = ရှင်မဟာသီလဝံသ။
၂။ ရှင်မဟာရဋ္ဌ = ရှင်မဟာရဋ္ဌသာရ။
၃။ အဂ္ဂထေရ် = ရှင်အဂ္ဂသာမိ။
၄။ ဒတ်ဘူရိ = ဘူရိဒတ္ထဇာတ်။
၅။ ဟတ္ထိပါလဂေါပါလ = ဟတ္ထိပါလ၊ ဂေါပါလ စသည့် ညီနောင်လေးယောက်တို့အကြောင်း ဖွဲ့ဆိုသည့် စတုဓမ္မသာရပျို့။
၆။ ဘုံခဏ်း = ဘုံခဏ်းပျို့။
၇။ ပါရမီ = ပါရမီခဏ်းပျို့။
၈။ ဝါသနီ = ဝါသနာ၊ စိတ်ပါဝင်စားခြင်း။
၉။ ပေါရာဏံ = ပေါရာဏ၊ ရှေးစကား။
၁၀။ ဝေါဟာရ = အသုံ:တွင်သောစကား။
၁၁။ ရမဉ်ကျေး = ရမညတိုင်း။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။