ဖယောင်းတိုင်



ယခုခေတ် ဖယောင်းတိုင်များမပေါ်မီ ရှေးကလူတို့သည် ကျူပင်များမှ ကျူအူကိုထုတ်ကာ အိမ်သုံးဆီတွင်စိမ်၍ မီးထွန်းရသည့် ဆီမီးကိုသာသုံးခဲ့ကြရသည်။ ထို့နောက်များမကြာမီ အခြားတနည်းကို တွေ့လာကြသည်။ ထိုနည်းတွင် ဂုံလျှော်နှင့် ဝါချည်များကို ကျစ်၍ မီးနှင့်ဖျော်ထားသော အမဲဆီတွင် ထပ်ကာတလဲလဲ စိမ်ပေးသောအခါ ဖယောင်းတိုင်ကဲ့သို့ ဂုံလျှော်အတောင့် ဖြစ်လာသည်။ ထိုဖယောင်းတိုင်ကို မီးထွန်းညှိသောအခါ အထက်ပါ ဆီမီးမျိုးထက် ပိုလင်းသည်ကို တွေ့ရသည်။ ဂုံလျှော်ဖယောင်းတိုင်သည် နှစ်ပေါင်းများစွာ ခေတ်စားခဲ့၍ ထိုအချိန်၌ ပျားဖယောင်းနှင့်ပြုလုပ်သည့် ဖယောင်းတိုင်များလည်း ပေါ်ပေါက်လျက်ရှိပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ယခင်က ကညင်ဆီမီး၊ ဆီမီးခွက်နှင့် ပျားဖယောင်းတိုင်များကို အသုံးပြုခဲ့ရပေသည်။
၁၈ ရာစုအလယ်ပိုင်းတွင် ဝေလငါး ဦးခေါင်းမှရသော စပါမာစီတီ ခေါ် ဖယောင်းဖြူတစ်မျိုးဖြင့် ဖယောင်းတိုင်များ ပြုလုပ်ထွန်းညှိခဲ့သည်။ သို့ရာတွင် ဝေလငါးဆီမှာ အလွန်ဆတ်သဖြင့် ပျားဖယောင်းနှင့်ရောစပ်၍ အသုံးပြုကြရသည်။ ၁၈ ရာစုနှစ်နောက်ပိုင်းတွင် ဤသို့ရောစပ်ထားသည့် ဖယောင်းတိုင်များကို အများအပြား အသုံးပြုလာကြသည်ကို တွေ့ရသည်။
နောင်သော် ငါးကြီးဆီ ဖယောင်းတိုင်များ အသုံးပြုခဲ့ကြရာမှ တွင်းထွက်ရေနံမှရသော ရေနံဖယောင်းကို လူတို့ပြုလုပ်လာနိုင်ကြရာ ယခုအခါ ကျွန်ုပ်တို့အသုံးပြုနေကြသော ဖယောင်းတိုင်မှာ ရေနံဖယောင်းဖြင့် ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ ရေနံဖယောင်းသက်သက်မှာ ပျော့သဖြင့် ကွေးကောက်မသွားစေရန် စတီယာရင် ခေါ် ဒြပ်ပေါင်းကို ၅ မှ ၁၀ % အထိ ရောစပ်ပေးရသည်။ ပူအိုက်သော ဒေသများတွင် စတီယာရင်ကို ပို၍ရောစပ်ပေးရသည်။ စတီယာရင်အစား မြေဖယောင်းတစ်မျိုးမှရသော ဆီရီဆင်းကိုလည်း အသုံးပြုနိုင်သည်။
ယခုအခါ ဖယောင်းတိုင်ကို စက်ဖြင့် အမြောက်အမြားပြုလုပ်ကြရာ ဖယောင်းတိုင်လုပ်ငန်းတွင် မီးစာသည် အလွန်အရေးကြီး၏။ မီးစာ၏ အရွယ်နှင့် ရက်ထားပုံ မသေချာလျှင် ဖယောင်းတိုင်သည် ကောင်းစွာ မလင်းချေ။ ဖယောင်းတိုင် မီးစာအတွက် ဝါချည်ကို အများအားဖြင့် အသုံးပြုကြ၍ ဝါချည်ကို ဖွတ်မြီးထိုးပြီးလျှင် ဖော့စဖိတ်၊ သို့မဟုတ် အမ်မိုးနီးယား ကလိုရိတ်တွင် စိမ်ပေးပြီးမှ အသုံးပြုကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၃)။ "ဖယောင်းတိုင်"။ မြန်မာ့စွယ်စုံကျမ်း။ ၇ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၁၉၁။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |