ဖလသမာပတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ဖလသမာပတ် = ဖိုလ်သို့ ကောင်းစွာရောက်ခြင်း၊ ဖိုလ်ဝင်စားခြင်း။ (အရိယာဖိုလ်စိတ်၏ နိဗ္ဗာန်၌ အပ္ပနာ အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဖလသမာပတ်မည်၏။ ဖိုလ်ဝင်စားခြင်း ဟု သုံးစွဲသည်။ မဂ်၏ အခြားမဲ့၌ဖြစ်သော (မဂ္ဂဝီထိ၌ ပါဝင်သော) ဖိုလ်ကိုမူ သီးခြားပရိကံမရှိ၍ ဖလသမာပတ်မဆိုရချေ [၁]။ အဋ္ဌကထာအရ လောကီနှင့် လောကုတ္တရာ ဈာန်အားလုံးကို အပ္ပနာဟု ခေါ်ဆိုသည်။
မည်သူတို့ ဝင်စားနိုင်သနည်း၊ မဝင်စားနိုင်သနည်း
[ပြင်ဆင်ရန်]ဖလသမာပတ်ကို အရိယာပုဂ္ဂိုလ်များ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ) တို့သာ ဝင်စားနိုင်ပြီး၊ မိမိရရှိထားသော ဆိုင်ရာ ဖိုလ်ကိုသာ ဝင်စားနိုင်သည်။ ပုထုဇန်များကား မဂ်ဖိုလ် မရရှိသေးသဖြင့် ဝင်စားခွင့်မရှိ။ အထက်အရိယာများသည် အောက်ဖိုလ်ကို မဝင်စားနိုင်သလို၊ အောက်အရိယာများလည်း အထက်ဖိုလ်ကို မဝင်စားနိုင်ပေ။
အဘယ်ကြောင့် ဝင်စားကြသနည်း
[ပြင်ဆင်ရန်]ဖလသမာပတ်ကို ဝင်စားခြင်းသည် မျက်မှောက်ဘဝ၌ ကိလေသာမီးငြိမ်းပြီး ငြိမ်သက်ချမ်းမြေ့စွာ နေထိုင်နိုင်ရန် (ဒိဋ္ဌဓမ္မသုခဝိဟာရ) ဖြစ်သည်။ ၎င်းသည် နိဗ္ဗာန်၏ သန္တိသုခကို ခံစားနိုင်ရန် အချိန်ပိုင်းခြားပြီး ဝင်စားကြခြင်းဖြစ်သည်။
ဝင်စားပုံ၊ တည်တံ့ပုံ၊ ထပုံ
[ပြင်ဆင်ရန်]- ဝင်စားပုံ= နိဗ္ဗာန်မှလွဲ၍ အခြားအာရုံကို နှလုံးမသွင်းဘဲ၊ နိဗ္ဗာန်ကိုသာ နှလုံးသွင်းခြင်းဖြင့် ဝင်စားသည်။ အရိယသာဝကသည် ဝိပဿနာဉာဏ်ကိုးပါးဖြင့် သင်္ခါရတရားများကို ရှုပြီး ဖလသမာပတ်သို့ စိတ်ညွတ်သည်။
- တည်တံ့ပုံ= (၁) သင်္ခါရနိမိတ်ကို မသွင်းခြင်း၊ (၂) နိဗ္ဗာန်ကို သွင်းခြင်း၊ (၃) ဝင်စားမီ အချိန်ကာလပိုင်းခြားခြင်း ဟူသော အကြောင်းသုံးမျိုးဖြင့် တည်တံ့သည်။
- ထပုံ= (၁) သင်္ခါရနိမိတ်ကို နှလုံးသွင်းခြင်း(ဘဝင်စိတ်၏ အာရုံကိုယူခြင်း)၊ (၂) နိဗ္ဗာန်ကို နှလုံးမသွင်းခြင်း ဟူသော အကြောင်းနှစ်မျိုးဖြင့် ထသည်။[၂] [၃]
ဖိုလ်၏ အခြားမဲ့၌ ဖြစ်သော တရား၊ ဖိုလ်ဖြစ်မှု
[ပြင်ဆင်ရန်]- ဖိုလ်စိတ်၏ အခြားမဲ့၌ နောက်ဖိုလ်စိတ် သို့မဟုတ် ဘဝင်ဖြစ်သည်။
- ဖိုလ်သည် (၁) အရိယမဂ်၊ (၂) ဖိုလ်၊ (၃) အနုလုံ (ဂေါတြဘု)၊ (၄) နေဝသညာနာသညာယတန၏ အခြားမဲ့၌ ဖြစ်သည်။ ဥပမာ- နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် သို့မဟုတ် အရဟတ္တဖိုလ်သည် နေဝသညာနာသညာယတန၏ နောက်၌ ဖြစ်သည်။
နိရောဓသမာပတ်
[ပြင်ဆင်ရန်]၎င်းသည် ဈာန်ရှစ်ပါးရရှိထားသော အနာဂါမိနှင့် ရဟန္တာတို့သာ ဝင်စားနိုင်ပြီး၊ စိတ်စေတသိက် ချုပ်ငြိမ်းသည့် အခြေအနေဖြစ်သည်။ ပုထုဇန်၊ သောတာပန်၊ သကဒါဂါမိ၊ ဈာန်မရှိသော အနာဂါမိ/ရဟန္တာတို့ ဝင်စားခွင့်မရှိ။
ဝိပဿနာသုံးမျိုး
[ပြင်ဆင်ရန်](၁) သင်္ခါရပရိဂဏှနကဝိပဿနာ (မဂ်၏ အကြောင်း)၊ (၂) ဖလသမာပတ္တိဝိပဿနာ (ထက်မြက်ပြီး ဖိုလ်သို့ ဆောင်)၊ (၃) နိရောဓသမာပတ္တိဝိပဿနာ (မနုံ့လွန်း မထက်လွန်းရှိရမည်)။
အနှစ်ချုပ်အားဖြင့် ဖလသမာပတ်သည် အရိယာများ၏ နိဗ္ဗာန်ချမ်းသာကို ခံစားရာ လောကုတ္တရာဈာန်ဖြစ်ပြီး၊ ဝိပဿနာဉာဏ်ဖြင့် ဝင်စား၍ ကိလေသာငြိမ်းကာ သန္တိသုခကို ရရှိစေသည်။ [၄]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၇)
- ↑ (ဖလသမာပတ်၏ အကြောင်းစုံ အဓိပ္ပါယ်အကျယ်ကို ပဋိသံ၊ဋ္ဌ၊၁၊၂၄၆-၉။ ဝိသုဒ္ဓိ၊၂၊၃၄၀-၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၃-၂၀-တို့၌ ကြည့်။)
- ↑ ဓမ္မသွာက္ခာတတာ ကုသလမူလရောပနာယ စ ဖလသမာပတ္တိယာ စ သာဓာရဏံ ပဒဋ္ဌာနံ။ နေတ္တိ။ ၄၃။ (ဝိ၊ဋ္ဌ၊၁၊၁၆၄။ ဒီ၊ဋ္ဌ၊၂။ ၁၃၇။ မ၊ဋ္ဌ၊၁၊၁၀၇။) ကာ ဖလသမာပတ္တိတိ? ယာ အရိယဖလဿ နိရောဓေ အပ္ပနာ။ ပဋိသံ၊ဋ္ဌ၊၁၊၂၄၆။ ဝိသုဒ္ဓိ၊၂၊၃၄၁။
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်