မနုစာရီ
![]() Centauress, by John La Farge | |
အုပ်စု | ဒဏ္ဍာရီလာ သတ္တဝါ |
---|---|
အုပ်စုခွဲ | မျိုးစပ် |
ဆင်တူသောအရာ | မစ်နာတော၊ ဆာ့သီးရို့၊ ဟာပီ |
ရိုးရာပုံပြင် | ဂရိ |
အခြားအမည်များ | စင်းတော (အင်္ဂလိပ်: Centaur) |
ဒေသ | ဂရိနိုင်ငံ၊ ဆိုက်ပရပ်စ် |

ဂရိရှေးဟောင်းပုံပြင်များထဲတွင် သက်ဆလီနှင့် အာကေးဒီးယားတောင်များ၌ လူတပိုင်း မြင်းတပိုင်းသတ္တဝါ တစ်မျိုး နေထိုင်သည်ဟုဆိုသည်။ ထိုလူတစ်ပိုင်း မြင်းတစ်ပိုင်း တို့သည် အစ်အိုင်အွန်ဘုရင်နှင့် နက်ဖီလီ နတ်သမီးတို့မှ ပေါက်ဖွားလာသူများဟု ပြောလေ့ရှိကြသည်။ မနုစာရီ (သို့) စင်းတော (Centaur) ခေါ် ထိုသတ္တဝါတို့သည် ခါးပိုင်းအထိ လူကိုယ်ဖြစ်၍၊ အောက်ပိုင်းမှာ မြင်းကိုယ်ဖြစ်လေသည်။
မနုစာရီ (စင်းတော)များအကြောင်း ပါဝင်သည့် ပုံပြင်များတွင် လက်ပီသီးဘုရင်နှင့်စင်းတောများ စစ်ပြိုင်သည့်အကြောင်းကို ဖော်ပြသော ပုံမှာ ထင်ရှားသည်။ ထိုပုံပြင်တွင် လက်ပီသီးပြည် ဘုရင် ပေရီသို့နှင့် ဒီအစ်ဒါမီယားတို့ လက်ထပ်ပွဲနေ့တွင် စင်းတောတို့သည် သတို့သမီးကို လုယူထွက်ပြေးရန် ကြံစည်သဖြင့် တဖက်နှင့်တဖက် အပြင်းအထန် တိုက်ခိုက်ကြလေသည်။ လက်ပီသီးဖက်မှ ဘုရင်၏အကြည်တော် သီးဆယုက ဝင်ရောက် ကူညီတိုက်ခိုက်သဖြင့် မနုစာရီ (စင်းတော)တို့ အရေးနိမ့်ကြ ရလေသည်။
မနုစာရီ (စင်းတော)တို့သည် စည်းကမ်းမဲ့သော လူရိုင်းများဖြစ်၍ မိမိတို့၏စိတ်ကို မထိန်းသိမ်းနိုင်သူများဖြစ်ကြသည်။ သို့သော် ဖောလပ်နှင့် ကိုင်ရွန်ဆိုသူနှစ်ဦးမှာ အခြားစင်းတောတို့နှင့် အလွန်ကွာခြားလေသည်။ ကိုင်ရွန်သည် အပေါလို နတ်သားထံတွင် နည်းနားခံယူရသဖြင့် အတတ်ပညာနှင့် ပြည့်စုံသူဖြစ်သည်ဟု ဆိုကြသည်။ အပေါလိုသည် သူ၏သားတော် အက်စကျူလေးပိပယ်ကိုပင် ကိုင်ရွန်အား စောင့်ရှောက် ထိန်းသိမ်းသွန်သင်စေ၏။ ကိုင်ရွန်၏တပည့် ထိုနတ်သားမှာ နောင်အခါတွင် သမားတော်များကို စောင့်ရှောက်သောနတ်သား ဖြစ်လာလေသည်။
ထင်ရှားသော သူရဲကောင်းများဖြစ်ကြသည့် ပီးလိယပ်၊ ဂျေဆင်နှင့် အကီးလီးတို့သည် ကိုင်ရွန်၏တပည့်များ ဖြစ်ကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၆)။ "စင်းတော"။ မြန်မာ့စွယ်စုံကျမ်း။ ၃ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၄၆၇။