မယား
လူ့သဘာဝအရ လူသားဖြစ်သော ကျား(အဖို)နှင့် မ(အမ) တို့ ချိန်ခါရွယ်ရောက်ပြီးနောက် အကြင်လင်မယားအဖြစ် အိုးအိမ်ထူထောင်နေထိုင်လေ့ရှိရာတွင် အမဖြစ်သော သတ္တဝါကို ရည်ညွှန်းသတ်မှတ်ခေါ်သော အမည်တမျိုးဖြစ်သည်။
မယားဟူသည် လင်၏ အိမ်ထောင်ဖက်ဖြစ်ပြီး သားသမီးများကို ပြုစုပျိုးထောင်ပေးသူ၊ လင်ကို လုပ်ကျွေးပြုစုသူ၊ လင်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသူ၊ လင်ကို အားပေးကူညီသူဖြစ်သည်။ [၁]
မန်လည်ဆရာတော် အနက်ဖွင့်ဆိုချက်
[ပြင်ဆင်ရန်]မန်လည်ဆရာတော် ဘုရားသည် 'မယားကို ဘယ်လိုဟာမျိုးပါလိမ့်'ဟူ၍ ဗျုပ္ပတ္တိရှုထောင့်မှ ကြည့်တော်မူပြီးမှ သူ မြင်ရသောအမြင်အတိုင်း မယားကို တည်ပုဒ်ပြု၍ အနက်ဖွင့်သွားပုံကို ပဒုမပြဇာတ်တွင် စာရွှင်ရွှင်နှင့်တွေ့ရသည်ကား...
မယား-၁
[ပြင်ဆင်ရန်]လူတို့တွင် အကြင်လင်မယားအခွင့်သာရုံ၊ ချစ်ပါကုန်သည်၊ အာရုံ အသက်ထား၍။
ဤစကားတွင် မယားဆိုသည်မှာ...
ယောက်ျားကျိကျိ၊ ယားချိချိနှင့်၊ ရှိသည့်ထိုအခါ၌ လွန်သာယာသည်၊ ခံသာမငြီးစေ။ လင်ယောက်ျားတို့ အယားပျောက်အောင်၊ ရွက်ဆောင်နေ့ည၊ တမမတည့်၊ ယားကဖျောက်တတ်လေ၍။ ထို့ကြောင့်ပေ၊ လူ့ပြေရှေးအဟို အိမ်သူသက်ထား၊ ကြင်ဖော်များကို၊ "မယား"ဟူ၍ဆို၏။
ဤကား ပဒုမပြဇာတ်လာ စကားဖြစ်၏။ အချုပ်အားဖြင့် "လင်ယောက်ျားကိုအယား ပျောက်အောင် ဖျောက်ပေးသူ"ဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက်မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ်ရှုထောင့်မှကြည့်လျှင် အဓိပ္ပာယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။ မြန်မာမှု၌ "ယား"ဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအနက်၊ ကြရွခြင်းအနက် ဖြစ်၏။ ယောက်ျားသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ်လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။ များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။ ထိုအခါ လင်ယောက်ျားခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက်နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ်
သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောက်ျား အမောပြေအောင်၊ အယားပျောက်အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ မယားဆိုသည်မှာ ယောက်ျားကျိကျိ၊ ယားချိချိနှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။ ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ လင်ကို အယားဖြေတတ်
သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို ပြန်သည်ကား...
မယား-၂
[ပြင်ဆင်ရန်]သူတို့ကလည်း အလိုကြီးမား ယောက်ျားပေါ်မှာ တကြောသာအောင်၊ သေပါလုလုယားရှင့်။ သည်ကြောင်းကျားကြောင့်၊ မယားခေါ်ကြဆို ယားလည်းယားတတ်။ ယားစေတတ်သည် ပညတ်များ ထိုထိုတည်း။ ဤစကားအရ ကောက်ချက်ချသော် သူတို့ကိုယ်၌ကလည်းယားသောကြောင့် မယား ဟုစာရွှင်ရွှင်နှင့်တင်ပြသွားခြင်းဖြစ်သည်။ သို့သော် မယားသည် ဘာကို ယားသနည်း။ ဘာတွေ ဘာတွေက ယားယားနေသ နည်း။ စဉ်းစားလျှင် အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ။ မိစ္ဆာကြဉ်ရှောင်ဟူသော မယား ဝတ်ငါးပါးကို ညွှန်ထား၍မရပေ။ အိမ်တွင်းမှုလုပ်ဟူသော စကားဖြင့် အလုပ်များကြောင်း ကိုဆိုသည်။ အလုပ်များခြင်းသည် မိန်းမတို့၏လှုပ်ရှားခြင်း၊ ယားခြင်းပင်တည်း။ အလုပ် များသောနေရာတွင် မိန်းမများက ယောက်ျားများထက် သာလေသည်။ အလုပ်များသော ကြောင့် အလုပ်မြန်မြန်ပြီးဖို့အတွက်လည်း ယောက်ျားထက် ဆန္ဒစောကြလေသည်။ အလို ကြီးကြသည်။ ဤသည်ကို ရည်၍သာ မန်လည်ဆရာတော်ဘုရားက... သူတို့ကလည်း အလိုကြီးမား ယောက်ျားပေါ်မှာ၊ တကြောသာအောင် သေပါလုလုယားရှင့်။ ဟုစပ်ဆိုသတည်း။ တလှုပ်ရှားရှား အလုပ်များခြင်းကို ယား သည်ဟု ဆိုသည်။ ထိုယားခြင်းမျိုးကား ယောက်ျားများထက် ပို၍ယားသည်။ ပို၍အလုပ် များသည် ကိုယ်တိုင်ယားနေသော အယားများကို မယားအောင်၊ အယားပြေအောင် ဖြေ ဖျောက်တတ်သောကြောင့် မယားခေါ်သည်ဟု ဒုတိယအနက် ဆက်၍ မန်လည်ဆရာ တော် ဖွင်သတည်း။ [၂]
မယား ၇-မျိုး
[ပြင်ဆင်ရန်]ရှေးအစဉ်အလာအရ မယားအမျိုးအစားများကို ခုနစ်မျိုးခွဲခြားခဲ့ကြသည်။ [၃]
၁. သူသတ်မယား - စိတ်ဆိုးဒေါသကြီးပြီး မိမိအကျိုးစီးပွားကိုသာ ကြည့်ရှုသောမယား။ လင်ကိုမထီမဲ့မြင်ပြုပြီး အခြားယောက်ျားကို တပ်မက်ကာ လင်ကိုသတ်ရန် ကြံစည်တတ်သည်။
၂. ခိုးသူမယား - လင်၏ဥစ္စာပစ္စည်းများကို ခိုးယူလိုသောမယား။ လင်၏ ပညာ၊ ကုန်သွယ်မှု၊ လယ်ယာလုပ်ငန်းမှရရှိသော ဥစ္စာကို ခိုးယူရန် အခွင့်အခါကို စောင့်နေတတ်သည်။
၃. အရှင်မယား - ပျင်းရိပြီး စားလိုစိတ်ကြီးသောမယား။ စိတ်ထားလည်း ကြမ်းတမ်းပြီး လင်ကို အနိုင်ယူလိုသည်။
၄. အမိမယား - အမြဲတမ်း လင်၏အကျိုးကို ကြည့်ရှုသောမယား။ အမိက သားကိုစောင့်ရှောက်သကဲ့သို့ လင်ကိုစောင့်ရှောက်ပြီး လင်၏ဥစ္စာကို ထိန်းသိမ်းပေးသည်။
၅. နှမမယား - ညီမကြီးက ညီငယ်ကို ရိုသေလေးစားသကဲ့သို့ လင်ကို ရိုသေသောမယား။ အရှက်အကြောက်ကြီးပြီး လင်၏အလိုကို လိုက်သည်။
၆. အဆွေခင်ပွန်းမယား - လင်ကိုမြင်လျှင် ဝမ်းသာအားရ ကြိုဆိုသောမယား။ အမျိုးဇာတ်မြင့်မြတ်ပြီး သီလရှိကာ လင်ကို ရိုသေစွာ ဆက်ဆံသည်။
၇. ကျွန်မမယား - လင်က ရိုက်နှက်ခြိမ်းခြောက်ပါစေ အမျက်မထွက်ဘဲ သည်းခံနိုင်သောမယား။ လင်၏အလိုကို လိုက်ပြီး စိတ်ဆိုးခြင်းမရှိ။
ရှေ့မယား (၃)ယောက်တို့သည် သီလမရှိကုန်။ ကြမ်းကြုက်သာ သဘော ရှိကုန်၏။ လင်ကို ရိုသေခြင်း မရှိကုန်။ ထိုမယားတို့သည် သေသော် ငရဲလားကုန်၏။ နောက် (၄)ယောက်တို့သည် သီလရှိကုန်၏၊ ကြာမြင့်စွာသော ကာလပတ်လုံး စောင့်စည်းကုန်၏၊ ထိုမယားတို့ သေသော် နတ်ရွာသုဂတိသို့ လားရောက်ရကုန်၏။ [၄]
ဝိနည်းလာ မယား ၁၀-မျိုး
[ပြင်ဆင်ရန်]ဥစ္စာဖြင့်ဝယ်အပ်သောမယား၊ အလို တူနေသော မယား၊ စည်းစိမ်ပေး၍နေသော မယား၊ ထမီတဘက်ပေး၍ နေသောမယား၊ ရေခွက်၌ လက်စုံချ၍ နေသောမယား၊ ထင်း ခွေရေခပ်သော ခေါင်းခုကို ချစေ၍ နေသော မယား၊ ကျွန်လည်းဟုတ် မယားလည်းဟုတ် သော မယား၊ အလုပ်သူမလည်းဟုတ်၊ မယားလည်း ဟုတ်သော မယား။ စစ်မြေအရပ်မှ ဆောင်အပ်သော သုံ့ရ မယား၊ တခဏမျှ ပေါင်းဖော်အပ်သော မယား၊ [၅]တို့၌ ဒါရာကိုဝီသတိယာ ဘရိယာနံ ယာကာစိ ဘရိယာဟု ဖွင့်ထားသည်။ ယင်းတို့အလို သဉ္စရိတ္တသိက္ခာပုဒ်လာ မာတုရက္ခိတ စသော မိန်းမ ၁၀ ယောက်၊ ဓနက္ကီတာ စသော မယား ၁၀-ယောက်ကိုပေါင်း၍ မယား ၂၀ ဟု ဆိုဟန်တူသည်။)
မယားကောင်းတစ်ဦးသည် မိမိ၏ လင်အပေါ် ရိုသေလေးစားမှုရှိရုံသာမက လင်၏ စိတ်ချမ်းသာမှုနှင့် အိမ်ထောင်ရေး သာယာမှုအတွက်လည်း ကြိုးစားဆောင်ရွက်ရမည်။ မယားကောင်းတစ်ဦးအတွက် အဓိကကျသော ကျင့်ဝတ်များကို ပါထိကဝဂ်နှင့် ၎င်းအဋ္ဌကထာအတိုင်း အောက်တွင်ဖော်ပြထားပါသည်။ [၆]
၁. လုပ်ငန်းများကို ကောင်းစွာ စီမံခန့်ခွဲခြင်း [၇]
[ပြင်ဆင်ရန်]မယားသည် အိမ်မှုကိစ္စများကို ကောင်းစွာ စီမံခန့်ခွဲရမည်။ ချက်ပြုတ်ရေး၊ အဝတ်လျှော်ဖွပ်ရေး၊ အိမ်သန့်ရှင်းရေး စသည်တို့ကို အချိန်မှန် မှန်ကန်စွာ ပြုလုပ်ရမည်။ လင်၏ အလုပ်ကိုလည်း ကူညီထောက်ပံ့ပေးရမည်။
၂. အိမ်သားများကို စည်းလုံးစေခြင်း [၈]
[ပြင်ဆင်ရန်]မယားသည် မိမိ၏ ဆွေမျိုးများနှင့် လင်၏ ဆွေမျိုးများအပေါ် ရိုသေလေးစားစွာ ဆက်ဆံရမည်။ အိမ်သားများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန် ကြိုးစားရမည်။ အိမ်သားများအကြား အဆင်မပြေမှုများ ရှိပါက ညှိနှိုင်းဖြေရှင်းပေးရမည်။
၃. သစ္စာရှိခြင်း [၉]
[ပြင်ဆင်ရန်]မယားသည် မိမိ၏ လင်အပေါ် သစ္စာရှိရမည်။ အခြားသော ယောက်ျားများကို စိတ်ဖြင့်ပင် မပြစ်မှားရပါ။ လင်အား တစ်ဦးတည်း ချစ်မြတ်နိုးပြီး သစ္စာရှိစွာ ပေါင်းသင်းရမည်။
၄. စည်းစိမ်ကို ထိန်းသိမ်းခြင်း [၁၀]
[ပြင်ဆင်ရန်]မယားသည် လင် ရှာဖွေလာသော စည်းစိမ်ဥစ္စာများကို ကောင်းစွာ ထိန်းသိမ်းရမည်။ မလိုအပ်ဘဲ ဖြုန်းတီးခြင်းမျိုး မပြုလုပ်ရပါ။ စည်းစိမ်ဥစ္စာကို စနစ်တကျ စီမံခန့်ခွဲပြီး မိသားစု၏ အနာဂတ်အတွက် စုဆောင်းထားရမည်။
၅. လိမ္မာပါးနပ်ခြင်း [၁၁]
[ပြင်ဆင်ရန်]မယားသည် အိမ်မှုကိစ္စများတွင် လိမ္မာပါးနပ်ရမည်။ ချက်ပြုတ်ရေး၊ အဝတ်လျှော်ဖွပ်ရေး စသည်တို့ကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။ ထို့အပြင် အခြားသော ကိစ္စများတွင်လည်း လိမ္မာပါးနပ်စွာ ဆောင်ရွက်နိုင်ရမည်။ ပျင်းရိခြင်းမရှိဘဲ တက်ကြွစွာ အလုပ်လုပ်ကိုင်ရမည်။
ဤဖော်ပြပါ မယားကျင့်ဝတ်များသည် လင်နှင့် မယားတို့အကြား ချစ်ခင်လေးစားမှု၊ အပြန်အလှန် ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံထားပါသည်။ ဤကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် မယားသည် လင်အား ဘဝတွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် ဖန်တီးပေးနိုင်ပြီး လင်သည်လည်း မယားအပေါ်တွင် ချစ်ခင်လေးစားစွာဖြင့် သာယာသော မိသားစုဘဝကို တည်ဆောက်နိုင်ပါသည်။
မယားဝတ္တရား ငါးပါး
[ပြင်ဆင်ရန်]- အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
- မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
- ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
- အိမ်သူကျင့်အပ်ရာ။
- (သင်္ဂဇာဆရာတော်)
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ပဌမ ဣဓလောကိကသုတ် [၁၂]၌ ယင်းမယားကျင့်ဝတ် ငါးပါးကို မိန်းမများအတွက် ပစ္စုပ္ပန် လောကကို အောင်မြင်ကြောင်း ကျင့်ဝတ် တရားများ အဖြစ် ဟောတော် မူသည်၊ ယင်းသုတ်၌ ကျင့်ဝတ်တရား ၄-ပါးဟု ဟော်တော်မူသော်လည်း ယင်းလေးပါးကို ခွဲလိုက်လျှင် မယား ကျင့်ဝတ် ၅-ပါးနှင့် ထပ်တူပင် ဖြစ်သည်။ အင်္ဂုတ္တိုရ်ပဉ္စကနိပါတ် ဥဂ္ဂဟသုတ် [၁၃] ၌–
- (၁) လင်ယောက်ျား၏ ရှေးဦးစွာ အိပ်ယာမှ ထလေ့ရှိခြင်း နောက်မှ အိပ်ရာဝင်လေ့ ရှိခြင်း, လင်ယောကျ်ား၏ အမိန့်ကို နာခံတတ်ခြင်း, လင်ယောက်ျား နှစ်ခြိုက်ဖွယ် ပြုလုပ်လေ့ရှိခြင်း, ချစ်ဖွယ်စကားကို ဆိုလေ့ ရှိခြင်း။
- (၂) မိမိလင်ယောက်ျားက ရိုသေ လေးစားသည့် မိဖဆရာ သမား ရဟန်း ပုဏ္ဏားများကို မိမိ (မယားဖြစ်သူ) ကလည်း ရိုသေလေးစားပူဇော် ရခြင်း။
- (၃) လင် ယောက်ျား၏ စီးပွါးရေးလုပ်ငန်းများကို မိမိ ကိုယ်တိုင် ကျွမ်းကျင် နားလည်ရမည့်အပြင် ကိုယ်တိုင် ဦးစီးဦးဆောင် ပြုလုပ်၍ စီမံနိုင်ခြင်း၊
- (၄) ကျွန် အစေခံအလုပ်သမားစသော အိမ်တွင်းသားများသည် မိမိ၏ တာဝန်ဖြစ်သည့် လုပ်ငန်းများကို ပုံမှန်လုပ် မလုပ် သိရှိ ရခြင်း, မကျန်းမာသူတို့၏အတွက် ဆေးဝါး ကုသပေးရခြင်း, ခဲဖွယ်ဘောဇဉ်ကို မျှမျှ တတ ခွဲဝေပေးတတ်ရခြင်း။
- (၅) လင် ယောက်ျား ရှာဖွေစုဆောင်းသည့် ပစ္စည်း ဥစ္စာများကို အလေအလွင့်မရှိအောင် ထိန်းသိမ်း စောင့်ရှောက်တတ်ရခြင်း ဟု ၅-ပါး ဟောတော်မူသည်။)
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- ↑ ဘရိယာ (ထီ) [ရ+ယ+အာ။ ဓာန်ဋီ၊ ၂၃၇။] မယား။ အဏ္ဍဘူတာ ဘတာ ဘရိယာ။ ဇာ၊၁၊၁၅။ (ဝိ၊၅၊၂၄၇။ ဒီ၊၂၊၁၉၇။ သံ၊၁၊၇။)ဘရိယာ ပဇာပတိ ပါဒပရိစာရိကာ။ သာ ဟိ ဘတ္တ ဝတ္တာဒီဟိ ဘရိတဗ္ဗတာယ, ဘိန္နသံဝရတာယ, လောကဓမ္မေဟိ ဘရိတဘာယ ဝါ “ဘရိယာ” တိ ဝုစ္စတိ။ ဇာ၊ဋ္ဌ၊၁၊၃၁၁-၂။
- ↑ ဒဂုန်ဦးစန်းငွေ ရေး ၁၉၇၉-ခုနှစ်၊ ဇွန်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၄၉ မှ ၅၁ထိ)၌လာရှိသော ဆောင်းပါး
- ↑ ဘရိယာသုတ်၊ အဗျာကတဝဂ်၊ အင်္ဂုတ္ထိုရ်။
- ↑ အံ၊၂၊၄၆၇-၈။
- ↑ ဝိ၊၁၊၂၀၂။) (ခုဒ္ဒက၊ဋ္ဌ၊၁၁၆။ သုတ္တနိ၊ဋ္ဌ၊၂၊၂၁
- ↑ (ဒီ၊၃၊၁၅၄-၅။ ဒီ၊ဋ္ဌ၊၃၊၁၃၈။)
- ↑ (သုသံဝိဟိတကမ္မန္တာ)
- ↑ (သင်္ဂဟိတပရိဇနာ)
- ↑ (အနတိစာရိနီ)
- ↑ (သမ္ဘတဉ္စ အနုရက္ခတိ)
- ↑ (ဒက္ခာ စ ဟောတိ အနလသာ သဗ္ဗကိစ္စေသု)
- ↑ (အံ၊၃၊၉၇)
- ↑ (အံ၊၂၊၃၀)