မာတိကာသို့ ခုန်သွားရန်

မဟာလတာ

ဝီကီပီးဒီးယား မှ

မဟာလတာတန်ဆာ သည် ဝိသာခါ၏ အကျော်ကြားဆုံးနှင့် အဖိုးအနဂ္ဃထိုက်တန်ဆုံး တန်ဆာတစ်ခုဖြစ်ပါသည်။ မြန်မာစာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ "ရတနာများဖြင့် ပန်းနွယ်ပန်းခြောက် စီခြယ်ထားသော ထူးမြတ်သည့် အမျိုးသမီးအဝတ်တန်ဆာ" ဖြစ်သည်။[] ပါဠိစာပေများအရ ဤတန်ဆာကို ဝိသာခါ၏ ဖခင်ဖြစ်သူ ဓနဉ္စယသူဌေးကြီးက ရွှေပန်းထိမ်သည် ၅၀၀ ကို ငှားရမ်းစေပြီး ပြုလုပ်စေခဲ့ခြင်းဖြစ်ပါသည်။ ဝိသာခါသည် ခင်ပွန်းအိမ်သို့ လိုက်ပါသွားစဉ် ဆင်မြန်းရန်အတွက် ဖခင်ဖြစ်သူက အထူးတလည် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မဟာလတာတန်ဆာ ပြုလုပ်ပုံနှင့် တန်ဖိုး

[ပြင်ဆင်ရန်]

မဟာလတာတန်ဆာ ပြုလုပ်ရာတွင် ရွှေစင်အပြင် အဖိုးတန် ရတနာများစွာကို အသုံးပြုခဲ့ပါသည်။ အသုံးပြုခဲ့သော ရတနာများမှာ -

  • ဝဇီရစိန် - လေးစလယ် ကွမ်းစားရှိသော ဝဇီရစိန်များ
  • ပုလဲ - တစ်ဆယ့်တစ်စလယ် ကွမ်းစားရှိသော ပုလဲများ
  • သန္တာ - နှစ်ဆယ့်နှစ်စလယ် ကွမ်းစားရှိသော သန္တာများ
  • ပတ္တမြား - သုံးဆယ့်သုံးစလယ် ကွမ်းစားရှိသော ပတ္တမြားများ
  • အခြား ရတနာခုနစ်ပါး

ဤရတနာများကို ရွှေသားအစစ်ဖြင့် ချည်သားအစား အသုံးပြုကာ သေသေချာချာ ပုံဖော်ပြုလုပ်ထားပါသည်။ မဟာလတာတန်ဆာသည် ဦးခေါင်းမှ ခြေဖမိုးအထိ ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားပြီး၊ တန်ဆာတစ်ခုလုံး၏ အလေးချိန်မှာ ဆင်ငါးစီးခန့်အားရှိသော အမျိုးသမီးတစ်ဦးမှသာလျှင် မနိုင်မနည်း ထမ်းရွက်နိုင်သည်ဟု ဆိုပါသည်။

မဟာလတာတန်ဆာတွင် အစိတ်အပိုင်းအမျိုးမျိုး ပါဝင်ပါသည်။

  • ဥဒေါင်းရုပ် - အဓိက အစိတ်အပိုင်းမှာ ဥဒေါင်းရုပ်ဖြစ်ပြီး၊ ဥဒေါင်းရုပ်၏ နှုတ်သီးကို သန္တာဖြင့် ပြုလုပ်ထားကာ မျက်လုံး၊ လည်ပင်းနှင့် အမြီးတို့ကို ပတ္တမြားတို့ဖြင့် ပြုလုပ်ထားပါသည်။ ဥဒေါင်းရုပ်၏ အတောင်တစ်ခုစီတွင် လေသာတောင် ၅၀၀ စီ ပါဝင်ပြီး၊ လေသာတောင်အရိုးတံများကို ငွေဖြင့် ပြုလုပ်ထားပါသည်။ ဥဒေါင်းရုပ်ကို ဝိသာခါ၏ ဦးခေါင်းထိပ်တွင် တောင်ထွတ်၌ နားနေသော ဥဒေါင်းငှက်ကဲ့သို့ တပ်ဆင်နိုင်ပါသည်။
  • ကမ္ပတ်သိမ်း ကြယ်သီးများ - တန်ဆာတွင် လက်စွပ်ကွင်းများဖြင့် တွဲဖက်ထားသော ကမ္ပတ်သိမ်း ကြယ်သီးများ ပါဝင်ပြီး၊ ကြယ်သီးများကို ရွှေဖြင့် ပြုလုပ်ထားကာ ကြယ်သီးအိမ်များကို ငွေဖြင့် ပြုလုပ်ထားပါသည်။ ကြယ်သီးများကို ဦးခေါင်းအလယ်၊ နားရင်း၊ လည်ချောင်း၊ ဒူးဆစ်၊ တံတောင်ဆစ်၊ ပေါင်နှင့် ခါးစောင်နံဘေး စသည့်နေရာများတွင် တပ်ဆင်နိုင်ပါသည်။

မဟာလတာတန်ဆာတစ်ခုလုံး၏ တန်ဖိုးမှာ ကိုးကုဋေ ဖြစ်ပြီး၊ ပန်းထိမ်ခ တစ်သိန်း ပေးရသည်ဟု ဆိုပါသည်။ (ကုဋေတစ်ကုဋေသည် ၁၀ သန်းဖြစ်ပြီး၊ ကိုးကုဋေမှာ ၉၀ သန်း ဖြစ်ပါသည်။)[]

ဝိသာခါ၏ ရှေးကုသိုလ်ကံ

[ပြင်ဆင်ရန်]

ဝိသာခါသည် ဤမျှ အဖိုးတန်သော မဟာလတာတန်ဆာကို ရရှိခြင်းမှာ ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ကဿပဘုရားရှင် လက်ထက်တော်အခါ၌ ဝိသာခါသည် ရဟန်း ၂၀၀၀၀ တို့အား သင်္ကန်းနှင့် ပုဆိုးများ လှူဒါန်းခဲ့ပြီး၊ သင်္ကန်းရက်လုပ်ရာတွင် လိုအပ်သော ချည်၊ အပ်နှင့် ဆိုးဆေးများကိုလည်း လှူဒါန်းခဲ့ဖူးပါသည်။ ထိုကုသိုလ်ကံကြောင့် ယခုဘဝတွင် မဟာလတာတန်ဆာကို ရရှိခြင်းဖြစ်သည်ဟု ဗုဒ္ဓဘာသာ ယုံကြည်မှုအရ ဆိုပါသည်။

မဟာလတာတန်ဆာကို စွန့်လွှတ်ခြင်း

[ပြင်ဆင်ရန်]

ဝိသာခါသည် သာဝတ္ထိမြို့သို့ ရောက်ပြီးနောက် မိဂါရသူဌေး၏ အိမ်သို့ ဝင်သောအခါ မဟာလတာတန်ဆာကို ဆင်ယင်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ကျောင်းသို့ တရားနာသွားစဉ် မဟာလတာတန်ဆာသည် ရဟန်းသံဃာတော်များနှင့် မသင့်လျော်ဟု ယူဆကာ ချွတ်ပြီး ကျွန်မအား ပေးခဲ့ပါသည်။

ကျောင်းတွင် တရားနာပြီး ပြန်အထွက် ကျွန်မဖြစ်သူက မဟာလတာတန်ဆာကို ကျောင်းတွင် မေ့ကျန်ခဲ့ပါသည်။ အာနန္ဒာမထေရ်က မဟာလတာတန်ဆာကို တွေ့ရှိပြီး သိမ်းဆည်းထားသောအခါ ဝိသာခါသည် အာနန္ဒာမထေရ် ကိုင်တွယ်ထားသော တန်ဆာကို ပြန်မယူတော့ဘဲ၊ ထိုတန်ဆာကို ရောင်းချ၍ ရရှိသော ငွေကြေးများဖြင့် သံဃာတော်များအတွက် ကျောင်းဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

နောက်ဆုံးတွင် ဝိသာခါသည် မဟာလတာတန်ဆာကို ကိုးကုဋေ နှင့် တစ်သိန်းတိတိဖြင့် ပြန်လည်ဝယ်ယူပြီး၊ ထိုငွေကြေးများဖြင့် သာဝတ္ထိမြို့အရှေ့တံခါးအနီးတွင် ပုဗ္ဗာရုံကျောင်းတော်ကြီး ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။

မဟာလတာတန်ဆာကို ပိုင်ဆိုင်သူများ

[ပြင်ဆင်ရန်]

ဤကမ္ဘာမြေ၌ မဟာလတာတန်ဆာကို ပိုင်ဆိုင်သူ သုံးဦးသာရှိသည်ဟု ပါဠိစာပေများတွင်ဖော်ပြသည်။ ဓမ္မပဒ အဋ္ဌကထာအရ ထိုသုံးဦးမှာ ဝိသာခါ၊ မဟာဗန္ဓုစစ်သူကြီးကတော် မလ္လိကာနှင့် ဗာရာဏသီ သူဌေးသမီးတို့ ဖြစ်သည်။[] သို့သော် သုတ်မဟာဝါ အဋ္ဌကထာအရ ဝိသာခါ၊ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ နှင့် ဒေဝဒါနိယခိုးသူဟူ၍ ဖော်ပြပါရှိသည်။[]

မလ္လိကာ၏ မဟာလတာတန်ဆာအလှူ

[ပြင်ဆင်ရန်]

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဥတုဇရုပ်ကလာပ်တော်ကို မြို့လယ်လမ်းမှ ပင့်ဆောင်လာစဥ် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် ကြားသိရလျှင် လင်ဖြစ်သူ ကွယ်လွန်ချိန်မှစ၍ မဆင်မြန်းဘဲ သိမ်းထားသော မဟာလတာတန်ဆာကို ထုတ်ယူစေပြီး ပူဇော်ရန် ပြင်ဆင်ခဲ့သည်။ တန်ဆာကို သန့်စင်ပြီး အိမ်တံခါးဝတွင် စောင့်ဆိုင်းကာ ရုပ်ကလာပ်တော် ရောက်သည်နှင့် တန်ဆာကို ဆင်မြန်းပူဇော်ခဲ့သည်။ မလ္လိကာသည် ရွှေရောင်ဝါဝင်းသော ရုပ်ကလာပ်တော်ကို ရတနာတန်ဆာ ဆင်ယင်ထားသည်ကို ကြည်ညိုသဒ္ဓါပွားများကာ နောင်ဘဝတိုင်း တန်ဆာဆင်ပြီး ကိုယ်ခန္ဓာကို ပိုင်ဆိုင်လိုကြောင်း ဆုတောင်းခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Burmese Orthography, Myanmar Language Commission, 1993.
  2. မဟာဗုဒ္ဓဝင် ဆဋ္ဌတွဲ (ဒုတိယပိုင်း) မင်းကွန်းဆရာတော်
  3. ဦးရွှေအောင် မဟာဝိဇ္ဇာ (သက္ကတ)၊ ဝဋံသကာနှင့် သိရောမဏိ (၁ နိုဝင်ဘာ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်) (ဒုတိယအကြိမ် ed.)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၄၈၈ - ၅၂၈။CS1 maint: location (link)
  4. တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၉၇)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ)၊ ဒုတိယအကြိမ်။ သာသနာရေးဦးစီးဌာန။ p. 33။

ကိုးကား

[ပြင်ဆင်ရန်]