ရည်ညွှန်းသား
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
“ရည်ညွှန်းသား” ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၊ အထူးသဖြင့် ရဟန်းတော်များအတွက် အရေးပါသော ဝိနည်းစည်းကမ်းတစ်ရပ်နှင့် သက်ဆိုင်သည့် အသုံးအနှုန်းဖြစ်သည်။ ရည်ညွှန်းသားဆိုသည်မှာ တစ်ဦးတစ်ယောက်၊ အထူးသဖြင့် ရဟန်းတော်များ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးအတွက် ရည်ရွယ်၍ သတ်ဖြတ်ပြုပြင်ထားသော အသားငါးများကို ဆိုလိုသည်။ ပါဠိဘာသာဖြင့် “ဥဒ္ဒိဿကမံသ” ဟု ခေါ်ဆိုပြီး၊ ၎င်းသည် သီလစောင့်ထိန်းမှုတွင် သတိထားရမည့် အချက်တစ်ခုဖြစ်သည်။
ရဟန်းတော်များအတွက် ဤရည်ညွှန်းသားကို စားသုံးမိပါက အာပတ်သင့်နိုင်သည်ဟု ဝိနည်းတော်တွင် ဖော်ပြထားသည်။ သို့သော် အာပတ်သင့်မသင့်မှာ သိမှု၊ မသိမှုနှင့် စားသုံးသည့်အချိန်တွင် ရှိသော အသိစိတ်ပေါ်တွင် မူတည်သည်။ ဥပမာ၊ စားချိန်တွင် ၎င်းအသားသည် မိမိအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားသည်ကို မသိခဲ့ပါက အာပတ်မသင့်ဟု ဆိုသည်။ နောက်မှ သိရှိခဲ့သည်ဆိုပါကလည်း အာပတ်ဒေသနာကြားရန် မလိုအပ်ဘူးဟု ဖော်ပြထားသည်။
လူပုဂ္ဂိုလ်များအတွက်လည်း အလားတူပင်ဖြစ်သည်။ မိမိအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားသော အသားငါးကို သိလျက်နှင့် စားသုံးပါက ငါးပါးသီလတွင် ပါဝင်သော “ပါဏာတိပါတ” (သတ်ခြင်းမှ ရှောင်ကြဉ်ရန်) ကံကို လွန်ကျူးမိသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် သီလကို ချစ်မြတ်နိုးသူများအနေဖြင့် ဤအချက်ကို ရိုရိုသေသေ သတိထားသင့်သည်။
ဥပမာတစ်ခု
[ပြင်ဆင်ရန်]ဥပမာအနေဖြင့် တောရွာတစ်ရွာ၌ အိမ်တစ်အိမ်တွင် ကြက်မွေးထားသည်။ စားခါနီးတွင် တစ်ဦးက ထိုကြက်ကို ရိုက်သတ်ပြီး ချက်ပြုတ်ကာ မိသားစုတစ်ခုလုံး ဝိုင်းစားသည်ဟု ဆိုပါစို့။ ဤအခါ၌ ထိုကြက်သည် မိသားစုအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားသည်ကို သိရှိထားသူများအနေဖြင့် စားသုံးခြင်းသည် သီလချို့ယွအေင်းမှုကို ဖြစ်စေနိုင်သည်။ သို့သော် မသိလျက် စားမိပါက အာပတ် သို့မဟုတ် ဒုစရိုက်မဖြစ်ဟု ဆိုနိုင်သည်။
အစွန်းသုံးပါးလွတ်တဲ့ အသားငါး
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာဝင်များ၊ အထူးသဖြင့် ရဟန်းတော်များအတွက် အသားငါးစားသုံးရာတွင် “အစွန်းသုံးပါး လွတ်မှု” သည် အဓိကအချက်ဖြစ်သည်။ အစွန်းသုံးပါးဆိုသည်မှာ-
- မမြင်ခြင်း (ဒိဋ္ဌ) - ရဟန်းတော်များအတွက် ရည်ညွှန်းပြီး သားငါးများကို သတ်ဖြတ်၍ ယူဆောင်လာသည်ကို မမြင်ရခြင်းကို ဆိုလိုသည်။ - မကြားခြင်း (သုတ) - ရဟန်းတော်များအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားသည်ဟု မကြားရခြင်းကို ဆိုလိုသည်။ - သံသယမရှိခြင်း (အပရိသင်္ကိတ) - မြင်ခြင်း၊ ကြားခြင်းနှင့် ဆက်စပ်၍ သံသယဖြစ်စရာ အကြောင်းမရှိခြင်းကို ဆိုလိုသည်။
ဤအစွန်းသုံးပါး လွတ်နေပါက ထိုအသားငါးကို စားသုံးရန် အပ်သည်ဟု ဆိုသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ဤအစွန်းသုံးပါး လွတ်သော အသားငါးကို ခွင့်ပြုထားသည်ဟု ဝိနည်းတော်တွင် ဖော်ပြထားသည်။
သံသယဖြစ်သင့်သည့် အခြေအနေ
[ပြင်ဆင်ရန်]ရဟန်းတော်များ ဆွမ်းခံကြွရာတွင် အလှူခံရသော ဆွမ်းထဲ၌ အသားငါးပါလာပါက၊ ယခင်နေ့က လက်နက်ကိုင်ဆောင်ထားသည့် လူများကို မြင်ခဲ့ရပြီး ၎င်းတို့သည် ရဟန်းများအတွက် သတ်ဖြတ်ပြင်ဆင်ထားသည်ဟု သံသယဖြစ်လာပါက ထိုအသားငါးကို လက်ခံရန် မအပ်တော့ပေ။ ဤသည်မှာ သံသယဖြစ်သင့်သည့်နေရာ၌ သံသယဖြစ်ရန် လိုအပ်ကြောင်း ပြသနေသည်။
တောဒေသတစ်ခု၌ ဈေးတွင် ကြက်ရောင်းချမှု ရှားပါးသည်။ သို့သော် ဆွမ်းအုပ်ထဲတွင် ကြက်သားပါလာပါက၊ ထိုကြက်သားသည် ရဟန်းများအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားခြင်းဖြစ်မည်ဟု သံသယဖြစ်သင့်သည်။ ဤသံသယသည် သီလစောင့်ထိန်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို လိမ်ညာ၍ “သံသယမရှိပါ” ဟု ဆိုလျှင် အာပတ်သင့်နိုင်သည်။
မသိသူနှင့် သိသူ
[ပြင်ဆင်ရန်]ရည်ညွှန်းသားနှင့် ပတ်သက်၍ အဓိကအချက်မှာ “သိမှု” နှင့် “မသိမှု” ပေါ်တွင် မူတည်သည်။ ဥပမာ၊ ကျောင်းတိုက်တစ်ခု၌ ရဟန်းတော် တစ်ထောင်ရှိသည်ဟု ဆိုပါစို့။ ၎င်းရဟန်းများအတွက် ရည်ညွှန်းပြီး အသားငါးများကို ပြုပြင်စီမံထားသည်ကို သိသည့် ရဟန်းများအတွက် ထိုအသားငါးကို လက်ခံစားသုံးရန် မအပ်ပေ။ သို့သော် မသိသူများအတွက်မူ အပ်သည်ဟု ဆိုသည်။
ဤအချက်ကို လူပုဂ္ဂိုလ်များနှင့်လည်း ချိန်ဆနိုင်သည်။ ဤသည်မှာ “သတ်သူရှိလျှင် စားသူရှိ၊ စားသူရှိလျှင် သတ်သူရှိ” ဟူသော ကွင်းဆက်ဆက်နွယ်မှုကို ပြသနေသည်။
သီလစောင့်ထိန်းမှုအတွက် အလေးထားစဉ်းစားရန်
[ပြင်ဆင်ရန်]သီလကို ချစ်မြတ်နိုးသူများအနေဖြင့် ဤအချက်များကို လေးလေးနက်နက် စဉ်းစားသင့်သည်။ မိမိအတွက် ရည်ညွှန်းပြီး သတ်ဖြတ်ထားသည်ကို သိလျက် စားသုံးခြင်းသည် သတ်ဖြတ်မှုကို သဘောတူ ခွင့်ပြုသည့် အဓိပ္ပါယ်သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် မြို့တစ်မြို့၊ ရွာတစ်ရွာ၊ ကျောင်းတိုက်တစ်ခု၌ နေထိုင်သူများအနေဖြင့် ၎င်းတို့အတွက် ရည်ညွှန်းပြီး ပြုပြင်ထားသည်ကို သိပါက စားသုံးရန် မသင့်တော်ကြောင်း သတိပြုရမည်။
ဤဆောင်းပါးသည် ရည်ညွှန်းသားနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ၏ သတိပြုရမည့် အချက်များကို အကျယ်တဝင့် ဖော်ပြထားပြီး၊ ဝိနည်းနှင့် သီလစည်းကမ်းအရ လိုက်နာနိုင်ရန် ရည်ရွယ်ပါသည်။[၁] [၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဝိနယသင်္ဂဟ-အဋ္ဌကထာ မစ္ဆမံသဝိနိစ္ဆယကထာ (ဝိ၊သင်္ဂဟ၊၂၅-၇။)
- ↑ အညှီအဟောက်ဟူသည် ဖားအောက်တောရဆရာတော်