ရေကရားပင်

ရေကရားပင် (Pitcher plant) သည် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်အပူပိုင်းဒေသများအပြင် ဖိလစ်ပိုင်ကျွန်းစု၊ ဩစတြေးလီးယားတိုက် မြောက်ပိုင်းနှင့် မက်ဒါဂက်စကားကျွန်းတို့တွင် ပေါက်သည်။ အထူးသဖြင့် ဗော်နီယိုကျွန်းတွင် ပေါများသည်။ ရေကရားပင်သည် နီပင်သေးစီအီး မျိုးရင်းတွင် နီပင်သီးမျိုးစု၌ ပါဝင်၍ မျိုးစိတ်ပေါင်း ၆ဝ ခန့်ရှိသည်။ ရေကရားပင်သည် နွယ်ပင်မျိုးဖြစ်၍ ချုံဖုတ်များကို နွယ်ပတ်၍ ပေါက်သည်။ ရေကရားပင်ဟု ခေါ်ဆိုရခြင်းမှာ အရွက်ဖျား၌ ရေကရားပုံရှိသော ထူးဆန်းသည့် အရွက်အိတ်ကလေးများ တွဲလျားကျနေသောကြောင့် ဖြစ်သည်။
ရေကရားပင်ကို သားစားပင်(သို့မဟုတ် ပိုးကောင်စားပင်) ဟုလည်း ခေါ်ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အရွက်အိတ်ထဲသို့ ဝင်မိသောပိုးကောင်များသည် ထောင်ချောက်တွင် မိနေသကဲ့သို့ ဖြစ်၍ ထွက်မလာနိုင်တော့သောကြောင့် ဖြစ်သည်။
ရေကရားပုံ ရွက်အိတ်ကလေးများသည် အပင်မျိုးစိတ်ကို လိုက်၍ ပုံအမျိုးမျိုးနှင့် အရွယ်အမျိုးမျိုးရှိသည်။ အချို့သည် လက်ညှိုးလောက်သာရှိ၍ အချို့သည် အစိတ်ဝင် ပုလင်းလောက်အထိ ကြီးမားသည်။ အရောင်မှာလည်း အဝါမှ အစိမ်းပုပ်အထိ အမျိုးမျိုးကွဲလွဲ၍ အချို့တွင် အနီစင်းများပင် ပါတတ်သေးသည်။ ရွက်အိတ်တွင် အဖုံးများလည်း ပါရှိ၍ ယင်းတို့သည် ရွက်အိတ် နုနယ်စဉ်အချိန်တွင် ပိတ်နေလျက် ကြီးရင့်လာသောအခါကျမှ ပွင့်သွားလေသည်။
ရွက်အိတ်ပိုင်းသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပိုးကောင်ထောင်ချောက် ဖြစ်၏။ ထိုထောင်ချောက်အတွင်း၌ ပိုးကောင်များကို သွေးဆောင်နိုင်သော ဝတ်ရည်ရှိသည်။[၁] ပိုးကောင်များသည် ထိုဝတ်ရည်ကို စားသောက်ရန် အပေါက်ဝမှ အထဲသို့ ဝင်ကြသည်။ ထိုအခါ ဝင်လမ်းသာရှိ၍ ထွက်လမ်းမရှိသော ရွက်အိတ်ထဲတွင် ပိုးကောင်တို့သည် ဝတ်ရည်များနှင့် ရောသွားပြီးလျှင် သေကြေ ပျက်စီးသွားကြလေသည်။ တစ်နည်းဆိုလျှင် အပင်က ပိုးကောင်များကို ဝါးမျို ချေဖျက်လိုက်လေသည်။ ထိုသို့ ချေဖျက်လိုက်ခြင်းဖြင့် အပင်၏ အသက်ရှင်ရေးအတွက် လိုအပ်သော နိုက်တြိုဂျင်ဓာတ်ကို ရရှိသွားလေသည်။[၂]
ပြခန်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Quite a few reasons for calling carnivores 'the most wonderful plants in the world" (2011). Annals of Botany 109 (1): 47–64. doi: . PMID 21937485.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)