အယ်လ်ကွန်ဖန်
အယ်လ်ကွန်ဖန် | |
---|---|
တိုင်းမှူး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် | |
တာဝန်သက်တမ်း ၁၈ ဩဂုတ် ၁၉၈၁ – ၁၆ အောက်တိုဘာ ၁၉၈၅ | |
ယခင်လူ | ဗိုလ်မှူးကြီး အေးစိန် |
ဆက်ခံသူ | ဗိုလ်မှူးကြီး ကျော်ဘ [၂] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မိုးမောက်မြို့နယ်၊စိန်လုံကဘာရွာ | ၆ ဇန်နဝါရီ၊ ၁၉၂၈
ကွယ်လွန် | အောက်တိုဘာ ၁၆၊ ၁၉၈၅ မြစ်ကြီးနားမြို့ | (အသက် ၅၇)
ကွယ်လွန်ရသည့် အကြောင်းရင်း | လုပ်ကြံခံရခြင်းကြောင့် |
ကြင်ဖော်(များ) | ဒေါ်ညွန့်ညွန့်မာ |
သားသမီး | ၆ဦး |
မိဘ | လဇွန်တန်နောင် + မရန်အလိန် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
အလုပ်အကိုင် | စစ်မှုထမ်း |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၅၀-၁၉၈၅ |
ရာထူး | ဗိုလ်မှူးချုပ် |
ဆုတံဆိပ်များ | ဇေယျကျော်ထင် |
အယ်လ်ကွန်ဖန် (၆ ဇန်နဝါရီ ၁၉၂၈ - ၁၆ အောက်တိုဘာ ၁၉၈၅) သည် ကချင်လူမျိုး တပ်မတော်သားဖြစ်ပြီး ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းခဲ့သူဖြစ်သည်။တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကချင်တိုင်းရင်းသားများထဲ ပထမဦးဆုံးရာထူးအမြင့်ဆုံးရခဲ့သူဖြစ်ခဲ့ပြီး စစ်တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် လုပ်ကြံခံရမှုကြောင့် ကွယ်လွန်ခဲ့ရသူလည်းဖြစ်သည်။[၃]
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၂၈ ခု၊ ဇန်နဝါရီလ ၆ ရက်တွင် တိရိစ္ဆာန်ဆေးကုအင်စပတ်တော် လဇွန်တန်နောင် (Lazum Tang Nau) နှင့် မရန်အလိန် (Maran Aling) တို့က ဗန်းမော်-မိုးမောက်-လွယ်လှယ်လမ်းဘေး စိန်လုံကဘာရွာ၌ မွေးသည်။ မွေးချင်း ၁၃ ယောက်အနက် ၆ ယောက်မြောက် ဖြစ်၏။ အမည်ရင်းမှာ အယ်လ်ကွန်ဖန် (L. Kum Hpang) ဖြစ်သည်။
မွေးချင်းများမှာ အယ်လ်ခေါန်လွမ်း (ဒူဝါ လဖိုင်ဇော်ဂွန်း ဇနီး)၊ အယ်လ်ဘုလု (ဦးငွေ ဇနီး)၊ အယ်လ်ခေါင်ဒွဲ (ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဖေါ်ယူခါး ဇနီး)၊ အယ်လ်ထန်းကိုင်း (ဗိုလ်ကြီး မလန်ထူး ဇနီး)၊ အယ်လ်လီလီယန်ခါးနောင် (ဦးတင် မိန်းမ)၊ အယ်လ်ဘောက်နော် (ဆေးကျောင်းတက်စဉ် ကားတိုက်ခံရ၍ လွန်)၊ အယ်လ်ပရီလွန်း (လဖိုင် ဇော်ဘ ဇနီး)၊ အယ်လ်ထန်ယန်း၊ အယ်လ်ဂျာရုံ၊ အယ်လ်နိမ်ထွယ်၊ အယ်လ်ဖူးကြီး၊ အယ်လ်ဒွဲလိန် (ကျော်လှိုင်လေး ဇနီး) တို့ ဖြစ်ကြသည်။
ရွာရှိ မူလတန်းကျောင်း၌ မူလတန်းပညာကုန်သည်နောက် ဗန်းမော်အလကကို ဦးလေး ဆူဗေဒါဗေဂျာ ဂျိမ်းဖေါဂန်၏အိမ်၌ နေ၍ တက်သည်။ ယင်းနောက် ရန်ကုန်ကူရှင်ကျောင်း (ယခု အထက(၄)အလုံ) တက်သည်။ ဒုတိယကမ္ဘာစစ်အစတွင် ရွာပြန်နေသည်။
ဘီအိုင်အေမှ ဗိုလ်တာရာ၊ ဗိုလ်ဗလတို့ ဗန်းမော်ရောက်လာသော် ဒေသလုံခြုံရေးတပ်ဖွဲ့တွင် ဝင်ပါသည်။ မိဘများက သဘောမတူကြ။ ဖက်ဆစ်တော်လှန်ရေးအတွက် ဗမခ အယ်လ်တန် ခေါင်းဆောင်သော ကချင်ရိန်းဂျားများတပ် ဖွဲ့သည့်အခါ ၁၉၄၅ ခု၊ ဇန်နဝါရီလ၌ တပ်ရင်း(၅) သို့ ဝင်သည်။
စစ်ပြီးသည်နောက် အာသံနယ်ရှိ စိန့်အတ္တမွန်ကောလိပ် (St. Edmond College) တက်သည်။ ၁၉၄၇ ခု၊ ဇန်နဝါရီလတွင် ကာလကတ္တားမှ ရန်ကုန်ပြန်ကူးကာ ကူရှင်ကျောင်း၌ ပြန်နေသည်။ ၁၉၄၈ ခု၌ အထက်တန်းအောင်သည်။ ဥပစာသိပ္ပံ ဆက်တက်စဉ် ညကလပ်များ၌ ဂစ်တာတီးကာ ငွေရှာသည်။ ညီမအား ဆေးကျောင်းတက်နိုင်ရန် ထောက်ပံ့ခဲ့၏။ ရန်ကုန်တက္ကသိုလ် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ အင်းစိန်တိုက်ပွဲဖြစ်သော် တပ်ဘက်မှ ဗော်လံတီယာအဖြစ် ပါဝင်၏။ စာရေးများသပိတ်မှောက်စဉ် အတွင်းဝန်ရုံးရှိ ကချင်ပြည်နယ်ကိုယ်စားပြု အစိုးရအဖွဲ့ရုံးတွင် ၃ လခန့် စာရေးဝင်လုပ်၏။
စစ်သားဘဝ
[ပြင်ဆင်ရန်]၁၉၄၉ ခု၌ ကျောင်းများပြန်ဖွင့်သော် ဗိုလ်ရွေးအောင်သည့်အတွက် ဗိုလ်သင်တန်း အပတ်စဉ် (၄) ကို မေမြို့ (ယခု ပြင်ဦးလွင်) ၌ တက်သည်။ ၁၉၅၀ အောက်တိုဘာ ၁ - ၁၉၅၁ မတ် ၁ ကာလအား ဖြတ်သန်းပြီးနောက် ဒုဗိုလ်ဖြစ်လာသည်။ ပြန်တမ်းဝင်အမှတ်မှာ ၅၉၉၇ ဖြစ်၏။ ထူးချွန်သဖြင့် နိုဝင်ဘာလ ၃၀ ရက်အထိ နည်းပြအဖြစ် ကျောင်း၌ ဆက်နေရသည်။ နောက် ညောင်လေးပင်ရှိ အမှတ်(၂)ကချင်လက်နက်ကိုင်တပ်ရင်း (ကချင်(၂)) သို့ တပ်စုမှူးအဖြစ် သွားရသည်။ ၁၉၅၂ ခု၊ ဇွန်လတွင် တပ်က ပြည်ကို ရွှေ့သည်။ ၁၉၅၃ ခု၊ မတ်လ ၁ ရက်တွင် ထောက်လှမ်းရေးအရာရှိ၊ ၁၉၅၄ ခု၊ ဖေဖေါ်ဝါရီလ ၃ ရက်တွင် တပ်ရေးဗိုလ်ကြီးအဖြစ် အဆင့်ဆင့် တာဝန်တိုးယူရသည်။ ၁၉၅၈ ခု၊ မေလ ၅ ရက်တွင် တပ်မဟာ(၄) စစ်ဌာနချုပ်သို့ ပြောင်းရသည်။ ဗိုလ်မှူးချုပ် စိန်ဝင်း၊ ဗိုလ်မှူးကြီး အေးမောင်၊ ဗိုလ်မှူးကြီး သိန်းတုပ်၊ ဗိုလ်မှူးကြီး ဂွမ်ရှိန်၊ ဗိုလ်မှူးကြီး မင်းသိန်းတို့နှင့် လက်တွဲဖူးသည်။ ၁၉၆၂ ခု၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပျဉ်းမနားရှိ အမှတ်(၁၇)ခြေလျင်တပ်ရင်းသို့ ပြောင်းရ၏။
အမေရိကန်ပြည်ထောင်စုက ဖိတ်ခေါ်သည့် တပ်စုမှူးသင်တန်းကို မတ်လ ၂၀ ရက်မှ မေလ ၁၅ ရက်အထိ တက်ရသည်။ ထူးချွန်သဖြင့် ဖို့တ်ဝိန်း (Fort Wayne) ရှိ နိုင်ငံတကာကြည်းတပ်ရိန်းဂျားများသင်တန်းကို ဆက်တက်ခွင့်ရသည်။ မေလ ၂၅ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ ကြာသည်။ လက်ဖြောင့်ထူးချွန်ဆု ရသည့်အတွင် ထူးချွန်သင်တန်းသားအဖြစ် ကြေးပြားပေါ်တွက် ကမ္ဗည်းတင်ခံရသည်။ ကြည်းတပ်အကြီးတန်းအရာရှိသင်တန်းကို ဇူလိုင်လ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ တက်သည်။
အမေရိကန်မှ ပြန်လာပြီးနောက် သာယာဝတီရှိ အမှတ်(၂၅)ခြေလျင်တပ်ရင်းတွင် ယာယီတပ်ခွဲမှူးအဖြစ် ခေတ္တတာဝန်ယူရသည်။ ဖါပွန်သို့ စစ်ဆင်ရေးဝင်သော် စစ်ကြောင်းမှူးအဖြစ် ထားသည်။ ၁၉၆၆ ခုတွင် တပ်က ထားဝယ်သို့ ပြောင်း၏။ ကေအန်ယူမှ ဗိုလ်မြ၊ ဗိုလ်ထွန်းမြင့်တို့နှင့် ရင်ဆိုင်သည်။
၁၉၆၈ ခု၊ ဇူလိုင်လ ၉ ရက်တွင် ကျောက်မဲရှိ အမှတ်(၂၂)ခြေလျင်တပ်ရင်းသို့ ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးသည်။ ကျောက်မဲမြို့ လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ယူရသည်။ ၁၉၆၉ ခု၊ စက်တင်ဘာလ ၁၈ ရက်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး အယ်လ်ဇော်ဘွန်းနှင့် ခရီးတခုသွားစဉ် ကားမှောက်သဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ ၅ လခန့် ကုသခံသည်။ ဆေးရုံမှဆင်းသော် မေမြို့ရှိ စစ်ခွေးလေ့ကျင့်ရေးတပ်မှူးအဖြစ် ၁၉၆၉ ခု၊ ဒီဇင်ဘာလ ၁ ရက်မှ ၁၉၇၁ ခု၊ ဩဂုတ်လ ၁၂ ရက်အထိ တာဝန်ယူရသည်။ ဒဏ်ရာအရှင်းပျောက်သော် ကလောရှိ အမှတ်(၆၄)ခြေလျင်တပ်ရင်းသို့ ပြောင်းသည်။ ၁၉၇၂ ခု၊ ဩဂုတ်လ ၁၃ ရက်တွင် နမ့်စန်၌ အသစ်ဖွင့်သော အမှတ်(၆၆)ခြေလျင်တပ်ရင်းသို့ ရွှေ့သည်။ တရုပ်ဖြူ၊ ပအို့ဝ်၊ ရှမ်း၊ ကချင် လက်နက်ကိုင်များနှင့် ထိတွေ့ရသည်။
စစ်ဦးစီးတက္ကသိုလ် အပတ်စဉ်(၁၇) တက်ပြီးနောက် ၁၉၇၄ ခု၊ မတ်လ ၂၉ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးအရာရှိ(ပထမတန်း) ဖြစ်လာသည်။ ၁၉၇၅ ခု၊ ဧပြီလ ၅ ရက်တွင် မကွေးရှိ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်သို့ ဒုတပ်မမှူးရာထူးဖြင့် သွားသည်။ ၁၉၇၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မိတ္ထီလာရှိ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဖြစ်လာသည်။
၁၉၇၈ ခုတွင် ဗကပတို့ ရှမ်းပြည်သို့ ဝင်သော် ဗိုလ်မှူးကြီး အုန်းမြင့်၏ တပ်မ(၅၅) နှင့်အတူ စစ်ဆင်ရေးဝင်သည်။ ၁၉၈၁ ခု၊ ဩဂုတ်လ ၁၈ ရက်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် မပခတိုင်းမှူးဖြစ်လာသည်။ ကချင်ဒေသပါတီဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ယူရသည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]မြူနီစပယ်အင်ဂျင်နီယာ (ငြိမ်း) စကော့ဝဲလ်ဖဲ (Scott Welfare) နှင့် (သီပေါမင်းလက်ထက် အပျိုတော်) သိန်းမျှင်တို့ သမီး ကျောင်းဆရာမ ညွန့်ညွန့်မာနှင့် ဖူးစာဆုံသည်။ သားသမီးများမှာ အယ်လ်ခွန်းရီ (အဆိုတော်)၊ အယ်လ်မလတ်၊ အယ်လ်ဒွဲရာ၊ အယ်လ်ထွဲဝါ၊ အယ်လ်ဘောက်ဝါ (ဇနီး ကြည်ကြည်စိန်၏ ဖခင်မှာ ဂျပန်စစ်သံမှူး ဗိုလ်မှူးကြီးဝင်းစိန်)၊ အယ်လ်ဒွဲဝါ တို့ ဖြစ်ကြသည်။
လုပ်ကြံခံရခြင်း
[ပြင်ဆင်ရန်]၁၉၈၅ အောက်တိုဘာလ ၁၆ ရက်၌ ကြည်းစစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်လှဦးက ကွန်ဖန်အား စစ်ထောက်ချုပ်ခန့်မည်ဟု သတင်းရကြောင်း ဖုန်းဖြင့် ပြောသည်နောက် ဝမ်းသာကာ ဂေါက်ကွင်းသို့ သွားသည်။ ညနေ ၆ နာရီခန့် အကွေ့တခုသို့ရောက်စဉ် ကေအိုင်အေမှ လက်ဖြောင့်တပ်သား ဇော်ထူးနှင့် ဇော်ဆိုင်း(ပုံရွှေ) တို့ ပစ်ခတ်လုပ်ကြံ၏။ ရှေ့ပြေးကားပေါ်မှ ဗိုလ်ကြီးရန်အောင်နှင့် စစ်သည် ၂ ဦး သေသည်။ ဒုတိုင်းမှူးကားပေါ်မှ ဒုတိုင်းမှူး ဗိုလ်မှူးကြီးကျော်သန်း (နောက် လပခတိုင်းမှူး) မျက်စိထိသည်။ တိုင်းမှူးကားပေါ်မှ ယာဉ်မောင်း တပ်ကြပ်ကျော်မြင့် ဘယ်ဒူးထိ၊ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးကျော်အုန်း သေ၊ တိုင်းမှူး ကွန်ဖန်မှာ ၁၄ ချက်ထိကာ သွေးထွက်လွန်သည်။ နောက်မှလိုက်သည့်ကားတွင် ပါသော အမှတ်(၇)ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးသန်းညွန့်က တိုင်းမှူးအား ဆေးရုံပို့သော်လည်း မရောက်ခင် လွန်လေသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။ sacoffice.gov (၁၇ ဧပြီ ၂၀၂၂)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်။ The Irrawaddy (၂၁ မေ ၂၀၂၄)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၁)။ မိုးမခ (၂၉ ဩဂုတ် ၂၀၂၂)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်အား လုပ်ကြံခြင်း။ Myanmar Book Shop။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။