အလုပ်မှန်လျှင်ကူညီချင်
အလုပ်မှန်လျှင်ကူညီချင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ခိုးကျောင်းရွာတွင် ဘုန်းတော်ကြီး ဦးဧသီသည် ရေကန်တူးရာ ကျောက်ဖျာများကို လွှာ၍ လွှာ၍ ယူရပြီး ၎င်းကန်နံဘေးတွင်လည်း အုန်း၊ ထန်း၊ ရှောက်၊ သံပရာ၊ မာလကာ စသော သစ်ပင်များ ဖြစ်ထွန်းနေသည်ကို ဝန်ထောက်က နှစ်သက်ကြည်နူးပျော်ရွှင်မှုဖြစ်၍ အစိုးရထံ စာတင်ရာ မြေနှင့်ဆိုင်သည့် မင်းကြီးက ငွေကျပ် နှစ်ထောင်ဖိုးရသဖြင့် ၎င်းကန်သည် အလွန်လှပ ကြီးကျယ်သည်။ ကျောင်းဒကာများက ဤအကြောင်းကို စာဖွဲ့ဆိုခိုင်းသည့်အတွက် ရေးဖွဲ့ထားခြင်း ဖြစ်သည်။
အလုပ်မှန်လျှင်ကူညီချင်
[ပြင်ဆင်ရန်]မိုးနွေအစဉ်၊ ခိုးရွှေချောင်းတွင်မှ၊ ရိုးမြောင်းတာ ယာတလျှောက်က၊ ရွာသောက်ရန်လူခိုမှီဘို့၊ ဦးဧသီတူးစေခိုင်းလို့၊ ငွေတိုင်းထွာ ဖြေ့ကာစွတ်ချည်နှင့်၊ နေ့ရက်ရှည်များစွာလုပ်ရှာရ၊ အားထုတ်ခဲ့အင်မတန်။
ကျောက်ဖျာ ဖောက်လွှာထွင်းလို့၊ မာမြင်းစွာ သေလာပထဝီမို့၊ ဧဆရာသီမေဓါဝီ ဘုန်းငဲ့မှပ၊ မှီအုံးတွင် ခွေကာကြံလို့၊ ညဉ့်သုံးယာမ်မပျော်ဘု၊ နှလုံးတော်သည်စိတ်ထဲတွင်မှ၊ စွဲစေတဲ့ကန်။
ဝိနည်းတော်မဟာဝါက၊ သာဝကာအထင်ပြုကြ၊ ရှင်ကရုဝေလတောတွင်မှ၊ နဒီဃယာ၊ ညီညာတဲ့သဘောနှင့်၊ ပါသောရှင်တထောင်အချွတ်တွင်မှ၊ အဝတ်ထည်သူကောင်ကဖြုတ်လို့၊ လှောင်ပုပ်စွာ ယုတ်မာတဲ့အနံ့နှင့်၊ ဆုတ်ဖြန့်ကာကိုင်တော်မူမိလျှင်၊ ပံ့သုကူလောက်တွေဖွေးရက်မို့၊ ရေဆေးရန် ကန်မရှိသည်ဟု၊ ကြံမိကာ စိတ်တော်ကူးလိုက်လျှင်၊ မျှော်ဖူးနှိမ်ဝတိန်ဖျားက သိကြားပင် အရောက်ဆင်းလို့၊ ကျောက်အင်းပျဉ်ဆေးလျှော်ဖွတ်ဖို့၊ နှင်းလှူကပ်နတ်ရေကန်၊ ပမေနံစံနှုန်း။
စခန်းညွှန်လမ်းဝန်ထောက်က၊ တင်လျှောက်ကာ အလွှာသလို့၊ မာဃနတ်သိကြားက၊ မြတ်ဖျားရှင်လိုသော်ရောက်စေဘို့၊ ဘော်ကျောက်ဖျာ ငွေလွှာစီလို့၊ ပေါက္ခရဏီထွေ ထွေလျှံသည့်၊ ဒေဝဒံရေဖန်ဆင်းလေသို့၊ ကန်ကျင်းရေနှစ်ထောင်တွက်တဲ့၊ ဖောင်မဂ္ဂင်နာဝါလှေနှင့်၊ သတ္တဝါတွေ အမတာပြေထိစီးရအောင်၊ ရေမီးစုံအရောင်သယမ္ဘူနှင့်၊ နောင်တဆူညောင်ဘူမိ၊ ဗောဓိဆွတ်ခြွေခူးရန်ဘို့၊ ဝိပဿနံ၊ ပရိယတ်ညဏ် စူးသူမို့၊ ဘိလပ်စံထပ်မံလို့တူးပေရ၊ ဦးဧသီဘုန်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ သေလာပထဝီ = ကျောက်သားမြေ။
၂။ မေဓာဝီ = ပညာရှိ။
၃။ နဒီဃယာ = ဃယာနဒီမြစ်။
၄။ ပမေနံ = ဥပမာနှိုင်းလောက်သည်။
၅။ ပေါက္ခရဏီ = ကြာရှိသောကန်။
၆။ ဒေဝဒံ = ဒေဝဒတ် (ပါ)၊ နတ်ပေးသည်။
၇။ အမတာပြေ = နိဗ္ဗာန်ပြည်။
၈။ သယမ္ဘူ = အလိုလိုသိမြင်တော်မူသော ဘုရား။
၉။ ဗောဓိ = မဂ်ညာဏ် ဖိုလ်ညာဏ်။
၁၀။ ဝပဿနံ = ဝိပဿနာတရား။
၁၁။ ပရိယတ်ညာဏ် = စာပေကျမ်းဂန် သင်ကြားခြင်း၊ ပညာညာဏ်။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။