အားနွဲ့လို့ခွေ
အားနွဲ့လို့ခွေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]၁၂၇၃ ခုနှစ် ဂြိုဟ်အသွားအလာအရ စပါးပေါမည့်အကြောင်း ဖွဲ့ဆိုထားသည်။
အားနွဲ့လို့ခွေ
[ပြင်ဆင်ရန်]အင်္ဂါဂြိုဟ်အစဉ်ထာဝရက၊ နှစ်မာသစီ၊ တရာသီတွင် နားနေကြ၊ နှေးအကြာ၊ ရှေးအခါသို့မသွားပြီဘူ့၊ လေးငါးလထုံ၍နေ။
မိဿေခွင် ထိပ်ဗွေတွင်တခါစုပါလို့၊ ရာဟုဂြိုဟ်စနေနှင့် တွေးသည့်ကြာသပတေးဂြို်ဟ်၊ အောက်ခွင်ကပိတ်သော်ကြောင့်၊ တစိတ်မြေတဒေသသို့၊ မေဃမိုးရေရှားရှာသတဲ့၊ မလောက်နိုင်အောင်၊ အောက်ခရိုင်သားတို့၊ စပါးဆန်အညာမှာသဲ့လာကြ၊ အားနွဲ့လို့ခွေ။
ထာဝစဉ်ရမဉ်တိုင်း မှာဖြင့်၊ ပြင်လှိုင်းရေဗွေသမုတ်တို့က၊ လေသုတ်ကာရွာတဲ့မိုးကြောင့်၊ ရတနာမျိုးစုံလို့၊ လိုမရှားသည့်ပြင်၊ စပါးဆန် အလွန်ပေါသော်လဲ၊ ဥရောပတိုင်းဌာနရယ်က၊ ဝိုင်းလာကြရှုတ်လို့ပွေ၊ တလုပ်ပြေ လွန်ကြူး။
စပါးဆန်စားရန်ဘို့က၊ တချို့ပိုသူပိုနှင့်၊ လိုသူလိုလူဗိုလ်အများတို့၊ တရားဓမ္မာနှင့်၊ သနားမညှာ၊ အားမနာတတ်သူက၊ ငါးမတ်တိုင်တင်သူတင်ကြ၊ နဂါးနတ်ဆင်၊ ဂြိုဟ်ရာဟုတို့၊ ဖရဲဖရို၊ နှစ်ကွဲဂြိုဟ်မစုပေဘု၊ ဂုရုဂြိုဟ်တခွင် ရွေ့နှင့်ပေါ့၊ ခြင်္သေ့ရှေ့ကိုအမှန်တက်ပေါ့၊ သင်္ကြန်ရက်အတာကောဇောပြောင်းမိတော့၊ သတ္တဝါပေါင်းလူ၊ ဇမ္ဗူဒိပ် တွင်မှ၊ စပါးဆန်၊ စားရန်မထိတ်ကြပါနှင့်၊ ငါးစိတ်ပင်ခြင်သူတမျိုးငဲ့ပြင်၊ မြောက်ပြည်မှာ ခြောက်ပြည်ထိတိုးပါလိမ့်၊ ကိုးသန်းမြေကူး။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ နှစ်မာသ = နှစ်လ။
၂။ ထုံ၍နေ = မိယထုံကျင့်၍ နေ၏။
၃။ မဿေခွင် = မိဿရာသီခွင်။
၄။ ရာမဉ်တိုင်း = ရာမညတိုင်း၊ မွန်ပိုင်းသုံးရပ်။
၅။ တလုပ်ပြေ = တရုတ်ပြည်။
၆။ ဇမ္ဗူဒိပ် = ဇမ္ဗူဒီပါတောင်ကျွန်း။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။