စကားတုံ့
“ဇာတိ”မည်သော တုံ့ပြန် ချေဖျက်သောစကားကို စကားတုံ့ဟု ခေါ်သည်။
ယင်းစကားမျိုးကား နျာယကျမ်း၌လာသော စကားမျိုးဖြစ်သည်။ ထို “ဇာတိ”မည်သော တုန့်ပြန် ချေဖျက်သည့် စကားမျိုးကို နျာယကျမ်း၌ ၂၄-ပါး အပြားအားဖြင့် အကျယ်ပြဆိုထားပေသည်။ ယင်းတို့တွင် ဤ၌ ပုံစံအဖြစ်ဖြင့် “သာဓမ္မသမ” ခေါ် ပဌမဇာတိနှင့် “ဝေဓမ္မသမ” ခေါ် ဒုတိယ ဇာတိ စကား ၂-မျိုးကိုသာထုတ်၍ အကျဉ်းချုပ်ပြဆိုပါအံ့။ လက်ဦးပဌမပြောဆိုသူ “ဝါဒီပုဂ္ဂိုလ်”က ပြီးပြေစေလိုသော အကြောင်းအရာတစ်ခုကို အလျော်“အနွယ”အားဖြင့်သော်လည်းကောင်း, ဆန့်ကျင်ဖက် “ဗျတိရေက”အားဖြင့်သော်၎င်း ပြီးပြေအောင် ပြောဆိုရာတွင် ဆန့်ကျင်ပြောဆိုသူ “ပတိဝါဒီပုဂ္ဂိုလ်”သည် အရာအားလုံး၌ မပြန့်နှံ့သော အကြောင်းမျိုးကိုပြကာ သက်သက် တူကာမျှဖြစ်သည့် သဘောဖြင့်သော်၎င်း မတူကာမျှ ဖြစ်သည့် သဘောဖြင့်သော်၎င်း တုံ့ပြန် ချေဖျက်တတ်လေသည်။
လက်ဦးပဌမ ပြောဆိုသူ “ဝါဒီပုဂ္ဂိုလ်”က “အသံသည် မမြဲသော သဘောတရားမျိုးဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပြုပြင်အပ်သော သဘောရှိ၍ အိုးနှင့်တူသောကြောင့် ဖြစ်သည်” ဤသို့ အကြောင်းပြကာ တူမျှသော သဘောကိုဆောင်၍ အလျော်“အနွယ”အားဖြင့် အသံ၏ မမြဲမှုကို ပြီးပြေအောင် ပြောဆိုလေသည်။ ထိုအခါ ဆန့်ကျင်ပြောဆိုသူ “ပတိဝါဒီပုဂ္ဂိုလ်”က “အို ဝါဒီပုဂ္ဂိုလ်-အသင် ပြောဆိုသည့်အတိုင်း အသံသည် မမြဲသော သဘောတရားမျိုးမဟုတ်၊ မြဲသောသဘော တရားမျိုးသာဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အကောင်အထည်မရှိ၍ ကောင်းကင်နှင့် တူသောကြောင့် ဖြစ်သည်” ဤသို့ အကြောင်းပြကာ တူမျှသော သဘောကို ဆောင်၍ လက်ဦးပဌမပြောဆိုသူ “ဝါဒီပုဂ္ဂိုလ်”၏ စကားကို တုံ့ပြန် ချေဖျက်လေသည်။ ဤ၌ ဝါဒီပုဂ္ဂိုလ်၏ စကားရပ်တွင် “ပြုပြင်အပ်သော သဘောရှိ၍” ဟူသော အကြောင်းပြစကားသည် ပြုပြင်အပ်သော သဘောရှိသော တရားမှန်သမျှ မမြဲသည်ချည်း ဖြစ်သောကြောင့် အရာအားလုံး၌ ပြန့်နှံ့သော အကြောင်းပြစကားမျိုးဖြစ်သည်။ သို့ရကား “ပြုပြင်အပ်သော သဘောရှိသောကြောင့် အိုးသည်မမြဲသကဲ့သို့ ပြုပြင်အပ်သောသဘော ရှိသောကြောင့် အသံသည် မမြဲ”ဟူသော ဝါဒီပုဂ္ဂိုလ်၏ ဆိုလိုရင်း စကားသည် ပြန့်နှံ့ ခိုင်လုံသော အကြောင်းပြဖြင့် ဥပမာ, ဥပမေယျ နှီးနှောမိကာ ဧကန် မှတ်သားသင့်သော ယထာဘူတနည်းလမ်းကျ စကားမျိုး ဖြစ်သည်။ ပတိဝါဒီပုဂ္ဂိုလ်၏ စကားရပ်တွင် “အကောင်အထည်မရှိ၍”ဟူသော အကြောင်းပြ စကားသည် အကောင်အထည် မရှိသော သဘောတရားများတွင် အချို့သာမြဲ၍ အချို့ကားမမြဲသောကြောင့် အရာအားလုံး၌ ပြန့်နှံ့သော အကြောင်းပြစကားမျိုး မဟုတ်ချေ။ သို့ရကား “အကောင်အထည် မရှိသောကြောင့် ကောင်းကင်သည် မြဲသကဲ့သို့ အကောင်အထည် မရှိသောကြောင့် အသံသည် မြဲ၏”ဟူသော ပတိဝါဒီပုဂ္ဂိုလ်၏ ဆိုလိုရင်း စကားသည် မပြန့်နှံ့ မခိုင်လုံသောအကြောင်းပြဖြင့် ဥပမာ, ဥပမေယျ ကျနသေချာစွာ မနှီးနှောမိ၍ ဧကန် မှတ်သားသင့်သော ယထာဘူတနည်းလမ်းကျစကား မဟုတ်ပေ။
ထို့ကြောင့် လက်ဦးပဌမ ပြောဆိုသူ “ဝါဒီပုဂ္ဂိုလ်”၏ စကားသည် ဖော်ပြပါအတိုင်း ဆန့်ကျင်ပြောဆိုသူ “ပတိဝါဒီပုဂ္ဂိုလ်”က တုံ့ပြန်ချေဖျက်သော်လည်း မကျေပျက်ပဲ ခိုင်မြဲလျက်သာရှိလေသည်။ ဤပတိဝါဒီ ပုဂ္ဂိုလ်၏ စကားသည် မပြန့်နှံ့ မခိုင်လုံသောအကြောင်းကိုပြကာ သက်သက်တူကာမျှဖြစ်သော သဘောဖြင့် တုံ့ပြန်ချေဖျက်သောစကား ဖြစ်သောကြောင့် “သာဓမ္မသမ” ခေါ် ဇာတိစကားမျိုးဖြစ်သည်။ တဖန် ဝါဒီပုဂ္ဂိုလ်က “အသံသည် မမြဲသော သဘောတရားမျိုးဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပြုပြင်အပ်သော သဘောရှိ၍ ကောင်းကင်နှင့် မတူသောကြောင့် ဖြစ်သည်” ဤသို့ အကြောင်းပြကာ မတူမျှသော သဘောကိုဆောင်၍ ဆန့်ကျင်ဖက် ဗျတိရေကအားဖြင့် အသံ၏ မမြဲမှုကို ပြီးပြေအောင်ပြောဆိုပြန်သည်။ ထိုအခါ ပတိဝါဒီပုဂ္ဂိုလ်က “အို ဝါဒီပုဂ္ဂိုလ်-အသင် ပြောဆိုသည့်အတိုင်း အသံသည် မမြဲသော သဘောတရားမျိုးမဟုတ်၊ မြဲသောသဘောတရားမျိုးသာ ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အကောင်အထည်မရှိ၍ အိုးနှင့်မတူသောကြောင့် ဖြစ်သည်” ဤသို့ အကြောင်းပြကာ မတူမျှသော သဘောကိုဆောင်၍ ဝါဒီပုဂ္ဂိုလ်၏ စကားကို တုံ့ပြန်ချေဖျက်ပြန်လေသည်။ ဤ၌လည်း ဆန့်ကျင်ပြောဆိုသူ “ပတိဝါဒီပုဂ္ဂိုလ်”သည် “အကောင်အထည်မရှိ”၍ မပြန့်နှံ့ မခိုင်လုံသော အကြောင်းကိုပင်ပြကာ တုံ့ပြန်ချေဖျက်သောကြောင့် လက်ဦးပဌမ ပြောဆိုသူ “ဝါဒီပုဂ္ဂိုလ်”၏ စကားသည် မကျေပျက်ပဲခိုင်မြဲလျက်သာ ရှိလေသည်။ ဤပတိဝါဒီပုဂ္ဂိုလ်၏ စကားသည် မပြန့်နှံ့ မခိုင်လုံသောအကြောင်းကိုပြကာ သက်သက်မတူကာမျှဖြစ်သော သဘောဖြင့် တုံ့ပြန် ချေဖျက်သောစကား ဖြစ်သောကြောင့် “ဝေဓမ္မသမ” ခေါ် ဇာတိစကားမျိုးဖြစ်သည်။ ဤကား “ဇာတိ”မည်သော တုံ့ပြန်ချေဖျက်သည့် စကား ၂၄-မျိုးတွင် ပဌမ ဒုတိယ စကား ၂-မျိုးဖြစ်ပေသည်။ အကျယ်ကို—နျာယဒဿန, ဝါစပ္ပတိ, သဒ္ဒသာဂရ-တို့၌ ကြည့်။ [၁]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဒူသနဘာသာ ဇာတယော၊ ဥတ္တရပဋိရူပကာတိ အတ္ထော။ အနုဋီ၊၃၊၅၇။ နီတိ။ သုတ္တ။ နှာ-၄၁၄။