မာတိကာသို့ ခုန်သွားရန်

ဇာတိ

ဝီကီပီးဒီးယား မှ

ဇာတိ[]ကို အောက်ပါအတိုင်း အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပါသည်။

  • (၁) ဖြစ်ခြင်း။[]
    (က) မွေးဖွားခြင်း။[]
    (ခ) ပေါက်ရောက်ခြင်း။[]
    (ဂ) ဖြစ်မှုဥပါဒ်၊ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှု ဥပါဒ်ဟူသော-မှတ်ကြောင်း-လက္ခဏာ။
  • (၂) ဇာတ်၊ အမျိုး။
    (က) အမျိုးဇာတ်။
    (ခ) အမျိုးအစား။
  • (၃) ဇာတ်၊ ဇာတ်သကတ်၊ တူညီမှု အခြင်းအရာ၊ မကွဲပြားသော အသိဉာဏ်, သဒ္ဒါတို့၏–ဖြစ်ကြောင်း-ဖြစ်ရာ–သဘောတရား။
  • (၄) ဘဝ၊ အတ္တဘော၊ ပဋိသန္ဓေ, စုတိတို့ဖြင့် ပိုင်းခြားအပ်သော ခန္ဓာ-အစဉ်။[]
  • (၅) အကြောင်း၊ အကြောင်းတရား။[]
  • (၆)
    (က) ဖြစ်ရာဌာန။[]
    (ခ) မွေးဖွားရာ အရပ်။[]
    (ဂ) ဥပပတ္တိဘဝ-ပဋိသန္ဓေခန္ဓာ-၏ ဖြစ်ရာအခါ၊ ပဋိသန္ဓေအခါ။[]
    (ဃ) မွေးဖွားရာအခါ။[၁၀]
  • (၇) ပဋိသန္ဓေ၊ ပဋိသန္ဓေနေခြင်း၊ တစ်ခုသောဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ ရှေးဦးစွာဖြစ်ခြင်း။
  • (၈) သဘော။
    (က) ပင်ကိုယ်-ပြကတေ့-သဘော။[၁၁]
    (ခ) တရားသဘော။[၁၂]
  • (၉) အထူး။[၁၃]
  • (၁၀) ဂိုဏ်း၊ အပေါင်း၊ အကျင့် အနွယ် တူသူတို့၏ အပေါင်း။[၁၄]
  • (၁၁) အမိ၊ မိခင်။[၁၅]
  • (၁၂) အမိဝမ်း၊ မိခင်၏ဝမ်းတိုက်။[၁၆]
  • (၁၃) အိမ်ခြံ၌ မွေးဖွားသော သတ္တဝါ၊ ခြံပေါက်သတ္တဝါ။[၁၇]
  • (၁၄) ထိုနေ့၌ မွေးဖွားသော သတ္တဝါ၊ မွေးဖွားစ သတ္တဝါ။[၁၈]
  • (၁၅) အလိုလိုဖြစ်သော၊ အလေ့ပေါက်ဖြစ်သော (တော)။[၁၉]
  • (၁၆) မြတ်လေးပင်၊ မြတ်လေးပန်း[၂၀]
  • (၁၇) သီလ၊ အရိယသီလ၊ အရိယာအဖြစ်ကို ပြုတတ်သောသီလ (ပါတိမောက္ခသံဝရသီလ စတုပါရိသုဒ္ဓိသီလ)။[၂၁] (ဖော်ပြပါ အဋ္ဌကထာ, ဋီကာဆရာတို့က မဇ္ဈိမပဏ္ဏာသပါဠိတော်လာ “ဇာတိ”သဒ္ဒါကို “အရိယသီလ”ဟူသော အနက်ကိုဟော၏ဟု ဖွင့်ဆိုကြသော်လည်း ထိုပါဠိတော်၏ အဖွင့်ဖြစ်သည့် မဇ္ဈိမပဏ္ဏာသဋ္ဌကထာ (နှာ-၂၃၃-၄)နှင့် ဋီကာ (နှာ-၁၅၆) တို့ကမူ “အရိယသီလ”ဟု မဖွင့်ဆိုကြသည့်အပြင် “ရဟန်းအဖြစ်” ဟူသော “အမျိုးဇာတ်”ကိုပင် ဖွင့်ဆိုလိုရိပ် ထင်ပေသည်။ “ဇာတိသဒ္ဒါ၏ အတ္ထုဒ္ဓါရကို ပြဆိုကြသော ဝိမာနဝတ္ထုဋ္ဌကထာ (နှာ-၂၅), သာရတ္ထဒီပနီဋီကာ (တ၊ နှာ-၁၇၁)နှင့် အဘိဓာနပ္ပဒီပိကာ (ဂါထာ-၇၉၂) တို့၌လည်း “အရိယသီလ”ဟူသော အနက်ကို မပြဆိုကြပေ။)
  • (၁၈) စကားတုံ့၊ တုံ့ပြန်ချေဖျက်သော စကား။
  • (၁၉) ဇာတိမည်သော (နတ်)။[၂၂]

ပဋိသန္ဓေ

[ပြင်ဆင်ရန်]

[၂၃]

တစ်ခုသောဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ ရှေးဦးစွာ ဖြစ်ခြင်း။ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ်လာကြသည့် သတ္တဝါတို့၏ သန္တာန်ဝယ် ရုပ်, နာမ် ခန္ဓာတို့၏ ရှေးဦးအစ ပဌမဖြစ်ပေါ်လာမှု အခြင်းအရာကို မုချအားဖြင့် “ပဋိသန္ဓေ”ဟု ခေါ်သည်။ ထို့ပြင် ဥခွံ၌ဖြစ်သည့် “အဏ္ဍဇသတ္တဝါ”နှင့် သားအိမ်၌ဖြစ်သည့် “ဇလာဗုဇသတ္တဝါ”တို့၏ ပဋိသန္ဓေနေသည်မှစ၍ မွေးဖွားသည်တိုင်အောင် အထပ်ထပ် ဖြစ်ပေါ်နေသော ခန္ဓာတို့ကိုလည်းကောင်း, အညှိ၌ဖြစ်သည့် “သံသေဒဇသတ္တဝါ”နှင့် ခန္ဓာကိုယ်အထင်အရှား ဖြစ်ပေါ်လာသည့် “ဩပပါတိကသတ္တဝါ”တို့၏ ရှေးဦးအစ ပဌမဖြစ်ပေါ်လာသော ခန္ဓာတို့ကို၎င်း သွယ်ဝိုက်တင်စားမှု “ပရိယာယ်”အားဖြင့် “ပဋိသန္ဓေ”ဟူ၍ပင် ခေါ်ဆိုရပေသည်။

ဇာတိ၏ ဓမ္မဝဝတ္ထာန် ၄-ပါး

[ပြင်ဆင်ရန်]

[၂၄]

  • တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ လက်မှုန်အစ ပဌမဖြစ်ခြင်းဟူသော မှတ်ကြောင်း “လက္ခဏာ”ရှိသည်။
  • တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ခန္ဓာပိုင်ရှင်သတ္တဝါအား “ရော့၊ ယူလော့”ဟု အပ်နှင်းသကဲ့သို့ ဖြစ်ခြင်း “ကိစ္စရသ”ရှိသည်။
  • လွန်ခဲ့ပြီးစ အခြားမဲ့ ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်၏ထင်ရှား ပေါ်လာခြင်းဟူ၍ ဉာဏ်အားရှေးရှူထင်လာမှု အခြင်းအရာ “အာကာရပစ္စုပဋ္ဌာန်”ရှိသည်။
  • အမျိုးမျိုးသော ဆင်းရဲဒုက္ခဟူသောအကျိုး “ဖလပစ္စုပဋ္ဌာန်”လည်း ရှိသည်။
  • ကုသိုလ် အကုသိုလ် ကမ္မဘဝဟူသော နီးစွာသော အကြောင်း “ပဒဋ္ဌာန်” ရှိသည်။

ပဋိသန္ဓေခေါ် “ဇာတိ”သည် တစ်ခုသော ဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ လက်မွန် အစပဌမ ဖြစ်ပေါ်လာခြင်း သဘောအားဖြင့် တစ်ပါး သာဖြစ်သည်။ တဖန် ရုပ်ပဋိသန္ဓေ, နာမ်ပဋိသန္ဓေဟူ၍ ရုပ်, နာမ်အားဖြင့် ၂-ပါး၊ ကာမပဋိသန္ဓေ, ရူပပဋိသန္ဓေ, အရူပပဋိသန္ဓေ ဟူ၍ ဘုံအားဖြင့် ၃-ပါး၊ အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေ, သံသေဒဇပဋိသန္ဓေ, ဩပပါတိကပဋိသန္ဓေဟူ၍ နတ်ပဋိသန္ဓေ လူပဋိသန္ဓေ, ငရဲပဋိသန္ဓေ, ပြိတ္တာပဋိသန္ဓေ, တိရစ္ဆာန်ပဋိသန္ဓေဟူ၍ ဂတိအားဖြင့် ၅-ပါး၊ ဤသို့ စသည်ဖြင့် အမျိုးမျိုး ပြားသည်။ [၂၅]

ဒုက္ခ ၁၁-ပါးတို့၏ အကြောင်းရင်း

[ပြင်ဆင်ရန်]

ဇာတိသည် ပဋိသန္ဓေနေခြင်း ဆင်းရဲ “ဇာတိဒုက္ခ”, အိုခြင်းဆင်းရဲ “ဇရာဒုက္ခ”, သေခြင်းဆင်းရဲ “မရဏဒုက္ခ”, စိုးရိမ်ပူဆွေးခြင်းဆင်းရဲ “သောကဒုက္ခ”, ငိုကြွေးရခြင်း ဆင်းရဲ “ပရိဒေဝဒုက္ခ”, ကိုယ်ပင်ပန်းခြင်း ဆင်းရဲ “ဒုက္ခဒုက္ခ” နှလုံးမသာယာခြင်း ဆင်းရဲ “ဒေါမနဿဒုက္ခ”, ပြင်းစွာပင်ပန်းခြင်း ဆင်းရဲ “ဥပါယာသဒုက္ခ”, မုန်းသူနှင့် ပေါင်းဖော်ရခြင်းဆင်းရဲ “အပ္ပိယသမ္ပယောဂဒုက္ခ”, ချစ်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ “ပိယဝိပ္ပယောဂဒုက္ခ”, လိုတာမရခြင်း ဆင်းရဲ ဣစ္ဆိတာလာဘဒုက္ခ, ခန္ဓာဝန်ဆင်းရဲ “ဥပါဒါနက္ခန္ဓဒုက္ခ”ဟူသော ဒုက္ခသစ္စာလာ “ဒုက္ခ ၁၂-ပါး”တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ထို့ပြင် ဇရာဒုက္ခစသော “ဒုက္ခ ၁၁-ပါး”တို့၏ အကြောင်းရင်းလည်း ဖြစ်သည်။ ယင်းဇာတိသည် မိမိ သဘောအားဖြင့်ကား ဆင်းရဲဒုက္ခ မဟုတ်ပေ။ အပါယ်ဘုံ၌ဖြစ်သော ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် သုဂတိဘုံတွင် လူ့ပြည်လောက၌ ဖြစ်သော ဆင်းရဲ ဒုက္ခ အမျိုးမျိုးတို့၏ အမိဝမ်းအကြောင်းရင်းဖြစ်သောကြောင့်သာ “ဒုက္ခ” ဟူ၍ ဆိုရသည်။

ဇာတိဒုက္ခများ

[ပြင်ဆင်ရန်]

ထိုတွင် လူ့ပြည်လောက၌ အမိဝမ်းတိုက်ဝယ် ဖြစ်လာရသောသတ္တဝါသည် ကြာညို, ကြာနီ, ကြာဖြူ စသည့် အဆင်းအနံ့ သင်းပျံ့သော နေရာဌာန၌ ဖြစ်ရသည်မဟုတ်ပေ။ စင်စစ်သော်ကား အမိဝမ်းတိုက်ရှိ အစာသစ်အိမ်၏အောက်, အစာကျက် (= မစင်) အိမ်၏ အထက်, ကျောက်ကုန်းရိုးတို့၏ အလယ် အလွန်ကျဉ်းမြောင်းသည့် နေရာဝယ် ဖြစ်လာရပေသည်။ ထိုနေရာသည်ကား မှောင်အတိကျနေသည့်အပြင် အမျိုးမျိုးသော အပုပ်နံ့တို့ဖြင့် ထုံထားအပ်သောကြောင့် လွန်စွာဆိုးရွားသည့် အနံ့ရှိသော စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အမိဝမ်းတိုက်ပင်ဖြစ်သည်။ ဥပမာဆိုရသော် အမိဝမ်းတိုက်၌ ဖြစ်လာရသည့် ပဋိသန္ဓေကိုယ်ဝန် သူငယ်သည် ငါးပုပ်, မုယောမုန့်ပုပ်, တံစီးတွင်း စသည်တို့၌ ဖြစ်လာရသည့် ပိုးလောက် သဖွယ် ဖြစ်ချေသည်။

ဖော်ပြပြီး ပဋိသန္ဓေကိုယ်ဝန်သူငယ်သည် အမိဝမ်းတိုက်အတွင်း၌ ၁၀-လပတ်လုံး အမိဝမ်းမှဖြစ်သော ကိုယ်ငွေ့ဖြင့် ချက်ပြုတ်အပ်ပြီးသော ထမင်းထုပ်, ဟင်းထုပ်ကဲ့သို့ ကျက်ရပြီးလျှင် ပေါင်းအိုး၌ ထည့်ထားသည့် ညက်ခဲပမာ အပေါင်းခံရသကဲ့သို့ ဖြစ်ကာ လွန်စွာပြင်းထန်လှသည့် ဆင်းရဲဒုက္ခကို ခံစားရပေသည်။ ဤကား “ဂဗ္ဘောက္ကန္တိမူလကဒုက္ခ” ခေါ် အမိဝမ်းတိုက်သို့ သက်ရောက်ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

ထို ပဋိသန္ဓေကိုယ်ဝန်သူငယ်သည် အမိဝမ်းတိုက်၌ ကိန်းအောင်းနေရစဉ် အမိ၏ ချော်လဲခြင်း, အဆောတလျင် သွားခြင်း အဆောတလျင် ထိုင်ခြင်း, အဆောတလျင် ထခြင်း လူးလည်းပြန်လှန်ခြင်း စသည်ကို ပြုလုပ်လိုက်သောအခါ သေသောက်ကြူး၏ လက်တွင်းသို့ ရောက်နေရသည့် ဆိတ်သူငယ်ကဲ့သို့လည်းကောင်း, အလမ္ပာယ်ဆရာ၏ လက်တွင်းသို့ ကျရောက်နေရသည့် မြွေငယ်ကဲ့သို့၎င်း ရှေးရှူဆွဲငင်ခြင်း, ထက်ဝန်းကျင် ဆွဲငင်ခြင်း, အောက်သို့ခါခြင်း, ထက်ဝန်းကျင်ခါခြင်းနှင့် တူသော လုံ့လပယောဂကြောင့် လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခကို ခံစားရပေသည်။ ထို့ပြင် အမိ၏ရေအေးကို သောက်လိုက်သောအခါ လောကန္တရိက်ငရဲ၌ ဖြစ်ရသကဲ့သို့လည်းကောင်း, ပူသောယာဂု ထမင်းစသည်ကို စားမျိုလိုက်သောအခါ မီးကျီးမိုးဖြင့် ရွာပြွမ်းနေရသကဲ့သို့လည်းကောင်း, အငန်, အချဉ် စသော အစာကို စားမျိုလိုက်သောအခါ ဓားဖြင့် ရွေ၍ ဆားငန်ရေပက်ခြင်းကို ခံရသကဲ့သို့၎င်း လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဂဗ္ဘပရိဟရဏမူလကဒုက္ခ”ခေါ် အမိ၏ ကိုယ်ဝန်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားခါနီးအချိန်တွင် ကိုယ်ဝန်သူငယ်သည် အမိ၏ ယောနိ (= အင်္ဂါဇာတ်)ဝသို့ ဖြောင့်ဖြောင့်မသွားပဲ လမ်းမှားနေသောအခါ အမိ၏ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သောသူ စသည်တို့က မျက်စိဖြင့် မမြင်နိုင်သည့် ဒုက္ခဝေဒနာ ဖြစ်ပေါ်နေရာ၌ နှိပ်နယ်ခြင်း, ဖြတ်ခြင်း, ခွဲခြင်း စသည်ကို ပြုလုပ်ကြသည်ရှိသော် ကိုယ်ဝန်သူငယ်သည် လွန်စွာ ပြင်းထန်လှသည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဂဗ္ဘဝိပတ္တိမူလကဒုက္ခ” ခေါ် ကိုယ်ဝန်ပျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားတော့မည့်အချိန်တွင် အမိဝမ်းတိုက်ရှိ ကမ္မဇလေတို့က ဦးခေါင်းစောက်ထိုး ခြေမိုးမျှော်ဖြစ်အောင် ပြန်လှန်လိုက်သဖြင့် နရက်ချောက်သို့ ကျရောက်ရသည့်ပမာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အမိ၏ ယောနိဝသို့ ကျရောက်ပြီးလျှင် ကျဉ်းမြောင်းလှသည့် ယောနိဝဖြင့် ငင်ထုတ်ခံရသော ကိုယ်ဝန်သူငယ်သည် လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဥပမာဆိုသော် အလွန်ကျဉ်းမြောင်းသော သံကောက်ပေါက် (= သော့ပေါက်)ဖြင့် ငင်ထုတ်ခံရသော ဆင်ပြောင်ကြီး၏ ဆင်းရဲဒုက္ခမျိုး ကဲ့သို့၎င်း၊ ကျောက်တောင် သံတောင်တို့ဖြင့် မှုံမှုံညက်ညက် ကြိတ်ချေခံရသော ငရဲသား သတ္တဝါ၏ ဆင်းရဲဒုက္ခမျိုးကဲ့သို့၎င်း ဖြစ်ချေသည်။ ဤကား “ဝိဇာယနမူလကဒုက္ခ” ခေါ် မွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားပြီးစအချိန်တွင် အသားနုတက်သော အနာနှင့်တူသည့် အလွန်သိမ်မွေ့နူးညံ့သော ကိုယ်ဝန်သူငယ်သည် လက်သည် (ဝမ်းဆွဲ) စသော သူတို့၏ လက်ဖြင့်ကိုင်ခြင်း, လက် ခြေစသည်ကို ရေဆေးပေးခြင်း, အနှီးဖြင့် အညစ်အကြေးကိုသုတ်ခြင်း စသည်ကို ပြုလုပ်သောအခါ အပ်ဖျား, သင်ဓုန်းသွားတို့ဖြင့် ထိုးဆွ လှီးဖြတ်လိုက်သည့်ပမာ လွန်စွာပြင်းထန်သော ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဗဟိနိက္ခမနမူလကဒုက္ခ” ခေါ် အမိဝမ်းတိုက်မှ အပသို့ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

အမိဝမ်းတိုက်မှ ထွက်မြောက်ပြီးနောက် ကြီးပွားလာရာ “ပဝတ္တိ”အခါဝယ် မိမိကိုယ်ကို မိမိ ညှင်းဆဲသတ်ဖြတ်သောသူ အစေလက တက္ကတွန်းတို့၏ အကျင့်ကိုကျင့်ခြင်း စသည်ဖြင့် နေပူ မီးပူ အမျိုးမျိုးကို ခံသောသူ အမျက်ထွက်သဖြင့် မစားမသောက်ဘဲ အစာ ငတ်ခံသူ, သေဇွဲမှု (ဇွဲကြိုးချ) သောသူတို့သည် အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “အတ္တူပက္ကမမူလကဒုက္ခ” ခေါ် မိမိ၏လုံ့လပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။ ထို့ပြင် သူတစ်ပါးတို့၏ သတ်ဖြတ်ခြင်း, နှောင်ခြင်းစသည်ကို ခံရသောသူသည် “ပရူပက္ကမမူလကဒုက္ခ” ခေါ် သူတစ်ပါးတို့၏ လုံ့လပယောဂကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း ခံစားရပေသေးသည်။ ပြဆိုခဲ့ပြီးသော ဆင်းရဲဒုက္ခဟူသမျှတို့၏ အကြောင်းရင်းကား အရင်းစစ်လျှင် အမြစ်မြေက”ဟူသကဲ့သို့ ပဋိသန္ဓေခေါ် “ဇာတိ”သာလျှင် ဖြစ်ပေသည်။ ထို့အတူ အပါယ်ဘုံ၌ဖြစ်သည့် မြောက်မြားစွာသော ဆင်းရဲဒုက္ခတို့၏ အကြောင်းရင်းမှာလည်း “ဇာတိ”သာလျှင် ဖြစ်ပေတော့သည်။ [၂၆]

(စာသစ် စာကျက်၊ အောက်ထက်ဝန်းရံ၊ ပုပ်နံညှီလှောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောက်ကို ဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးကြားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မြောက်အိုကုပ်သည့်နှယ်၊ မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊ မြွေငယ်ချိသို့၊ အမိစပ်ခါး၊ ပူအေးစားလည်း။ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊ လေကမ္မဇ၊ ဦးစောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်မှ၊ ဆွဲမြောက်ဆင်ပြောင်၊ သံတောင်ကြိတ်ချေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း။ အပ်ဆူသည့်ဟန်၊ ကြီးပြန်ဒုက္ခ၊ များပြားလှသည်၊ လက်စဇာတိ မူရင်းတည်း။ [၂၇])

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ

[ပြင်ဆင်ရန်]

ပဋိသန္ဓေခေါ် “ဇာတိ”သည် အဝိဇ္ဇာအစ ဇရာမရဏအဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။

ယင်းဇာတိ၏အကြောင်းကား လွန်လေပြီးသောဘဝတို့၌ ပြုလုပ်အပ်ပြီးသော “ကမ္မဘဝ” ခေါ် ကုသိုလ် အကုသိုလ်စေတနာသာလျှင် ဖြစ်သည်။ ပဋိသန္ဓေရုပ်, နာမ်ခန္ဓာဟူသော “ဥပပတ္တိဘဝ” မဟုတ်ပေ။ အကြောင်းကား အမိ, အဖတို့၏ သုက်, သွေး, အစာအာဟာရစသော ဗဟိဒ္ဓအကြောင်းတရားများ တူညီနေပါလျက် အမြွာပူးသတ္တဝါတို့အား တစ်ဦးနှင့်တစ်ဦး မြင့်မြတ်ခြင်း, ယုတ်ညံ့ခြင်း, အဆင်းလှခြင်း, မလှခြင်း စသောအားဖြင့် မတူ ထူးခြား ကွဲပြားနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။ ယင်း ကွဲပြားမှုကား အကြောင်းမရှိသည် မဟုတ်၊ ရှိသည်သာလျှင် ဖြစ်သည်။ အကြောင်းများတွင်လည်း ကမ္မဘဝဟူသော အကြောင်းမှတစ်ပါး အခြားအကြောင်း မရှိနိုင်ပေ။ ထို့ကြောင့် “ဇာတိ၏ အကြောင်းကား ကုသိုလ်, အကုသိုလ်စေတနာဟူသော ကမ္မဘဝသာလျှင် ဖြစ်၏”ဟု စင်စစ်မုချ သိသင့်လှတော့သည်။ [၂၈]

ဥပပတ္တိဘဝ

[ပြင်ဆင်ရန်]

တနည်း ဇာတိ၏အကြောင်းသည် ကမ္မဘဝသာမဟုတ်၊ ပဋိသန္ဓေရုပ်, နာမ်ခန္ဓာဟူသော ဥပပတ္တိဘဝလည်း ဖြစ်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတိ ဟူသည် ဥပစယရုပ်ကိုပင် ခေါ်ဆိုရ၍ ဥပစယရုပ်ဆိုသည်မှာလည်း ရုပ်စစ်မဟုတ်၊ နိပ္ဖန္နရုပ် ၁၀-ခုတို့၏ ဦးစွာဖြစ်မှုကိုစွဲ၍ ခေါ်ဆိုသောရုပ်သာ ဖြစ်သည်။ ဤ “ဘဝပစ္စယာဇာတိ”၌ ဥပပတ္တိဘဝဟု ခေါ်ဆိုရသော ပဋိသန္ဓေရုပ် (ကာယ, ဘာဝ, ဝတ္ထု) တို့၏ ဦးစွာ ဖြစ်ပေါ်မှုကိုပင် ရုပ်ဇာတိဟု ခေါ်ဆိုရသည်။ ဥပပတ္တိဘဝမရှိလျှင် ဇာတိဟူ၍ပင် မရှိနိုင်ချေ။ ထို့အတူ ဝိပါက်နာမ်ခန္ဓာ (ပဋိသန္ဓေစိတ်) ၏ ဖြစ်ပေါ်ကို နာမ်ဇာတိဟု ခေါ်ဆိုရ၏။ အချုပ်အားဖြင့် ဇာတိဟူသည် အဘိဓမ္မာ တရားကိုယ် စစ်စစ် ရကောင်းသောတရား မဟုတ်ချေ။

ပဋိသန္ဓေရုပ်, နာမ်ခန္ဓာတို့၏ ဖြစ်ခြင်းသဘော (ဥပါဒ်) အခိုက်အတန့်မျှကိုသာစွဲ၍ ခေါ်ဆိုရသော ဂုဏ်သဘောမျှသာဖြစ်သည်။ ထို့ကြောင့် ဥပပတ္တိဘဝသည်လည်း ဇာတိ၏အကြောင်း ဖြစ်သည်ဟု ဆိုနိုင်သည် [၂၉]

(ဤသို့ “ဘဝပစ္စယာ ဇာတိ”ဟူသော ပါဠိတော်ဝယ် အဋ္ဌကထာနှင့် ဋီကာဆရာတို့ အဓိပ္ပါယ်တစ်မျိုးစီ ဖွင့်ပြနိုင်ခြင်း၏ အကြောင်း၎င်းကား “ဘဝ”အရ ကမ္မဘဝနှင့် ဥပပတ္တိဘဝဟူ၍ ၂-မျိုး ကွဲပြားသကဲ့သို့ “ဇာတိ”အရ ပဋိသန္ဓေခန္ဓာနှင့် ထိုခန္ဓာ၏ ဖြစ်ခြင်းဟူ၍ ၂-မျိုး ကွဲပြားသောကြောင့်ပင်ဖြစ်သည်။ ထိုတွင် အဋ္ဌကထာဆရာက “ဇာတိ”အရ ပဋိသန္ဓေခန္ဓာကိုယူ၍ ထိုခန္ဓာအား ကမ္မပစ္စည်း ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုပေးနိုင်သည့် ကုသိုလ်, အကုသိုလ်စေတနာဟူသော “ကမ္မဘဝ”ကို “ဘဝ”အရယူကာ ဖွင့်ပြတော်မူသည်။ ဋီကာဆရာကား “ဇာတိ”အရ ပဋိသန္ဓေခန္ဓာ၏ ဖြစ်ခြင်းမျှကိုယူ၍ ထိုဖြစ်ခြင်း၏ တည်မှီရာ ခန္ဓာကို “ဘဝ” အရယူကာ ဖွင့်ပြတော်မူသည်။)

“သံဝေဂဝတ္ထု” ၈-ပါးစသည်

[ပြင်ဆင်ရန်]

ဇာတိကြောင့် မုချ ဖြစ်ပေါ်လာမည့် အကျိုးရင်းကား ဇရာမရဏဖြစ်၍ ရံခါ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကား သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ ဖြစ်သည် [၃၀]

ပဋိသန္ဓေခေါ် ဇာတိသည် ဇာတိ, ဇရာ, ဗျာဓိ, မရဏဟူသော ကြောက်မက်ဖွယ်ရာ ဘေးကြီး ၄-ပါးတွင်လည်းကောင်း, ထိတ်လန့်သင့်သော အရာ “သံဝေဇနီယဌာန” ၄-ပါးတွင်၎င်း တစ်ပါး အပါအဝင်ဖြစ်သည် [၃၁]။ ဇာတိ, ဇရာ, ဗျာဓိ, မရဏနှင့် အပါယ်ဘုံ၌ ဖြစ်သောဆင်းရဲ အတိတ်၌ဖြစ်ခဲ့ပြီး ဝဋ်ဆင်းရဲ အနာဂတ်၌ဖြစ်ဦးမည့် ဝဋ်ဆင်းရဲ ပစ္စုပ္ပန်၌ အာဟာရရှာဖွေရမှုအရင်းရှိသည့် ဆင်းရဲဟူသော ထိတ်လန့်ခြင်း၏ အကြောင်း “သံဝေဂဝတ္ထု” ၈-ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည် [၃၂]

တနည်း ဇာတိ, ဇရာ, ဗျာဓိ, မရဏနှင့် အပါယ် ၄-ဘုံ၌ ဖြစ်သည့် ဆင်းရဲဟူသော “သံဝေဂဝတ္ထု” ၈-ပါးတွင်တစ်ပါး အပါအဝင်ဖြစ်သည် [၃၃]

ရန်သူ ၃-ဦး

[ပြင်ဆင်ရန်]

ရန်သူ ၃-ဦးတို့သည် သူတို့မလိုမုန်းထားသည့် ယောက်ျားတစ်ယောက်ကို ညှဉ်းဆဲပုတ်ခတ်သတ်ဖြတ်ရန် အခွင့်ကောင်း ရှာကြံနေကြသကဲ့သို့ ဇာတိ, ဇရာ, မရဏတရား ၃-ပါးတို့ လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို ညှဉ်းဆဲပုတ်ခတ်သတ်ဖြတ်ရန် အခွင့်ကောင်းရှာကြံနေကြသကဲ့သို့ ဖြစ်ချေသည်။ ထင်ရှားစေအံ့၊ ရန်သူ ၃-ဦးတို့ အချင်းချင်း နှီးနှောတိုင်ပင်နေကြသည်မှာ— “ကျွန်ုပ်တို့ မလိုမုန်းထားသည့် ထိုယောက်ျားကို ဤမည်သော တောအုပ်သို့ လိုက်ပါလာအောင် ဖြားယောင်းသွေးဆောင်ကာ ခေါ်ယူခဲ့ပါမည်” ဟု ပဌမရန်သူက ဝန်ခံပြောဆိုသည်။ တဖန် ဒုတိယရန်သူက “တောအုပ်အတွင်းသို့ ထိုယောက်ျား ရောက်လာသောအခါ ရိုက်နှက်ပုတ်ခတ်ပြီးလျှင် အားအင်ချိနဲ့သွားအောင် ပြုလုပ်ပါမည်” ဟူ၍ ပြောဆိုသည်။ တတိယရန်သူက ဝန်ခံပြောဆိုသည်ကား “ထိုယောက်ျား အားအင်ချိနဲ့သွားသောအခါ အလွန်တရာ ထက်မြက်လှသည့် သံလျက်ဖြင့် ဦးခေါင်းကို ပိုင်းဖြတ်ရန်မှာ ကျွန်ုပ်၏တာဝန်ဖြစ်ပါသည်”ဟူ၍ ဖြစ်သည်။

ရန်သူ ၃-ဦးတို့သည် သူတို့ ဝန်ခံပြောဆိုထားသည့်အတိုင်း ထိုယောက်ျားကို ဖြားယောင်းသွေးဆောင်ကာ ညှဉ်းဆဲပုတ်ခတ် သတ်ဖြတ်ကြလေသည်။ ဤဥပမာ၌ ယောက်ျားကို တောအုပ်သို့ လိုက်ပါလာအောင် ဖြားယောင်းသွေးဆောင်မှုကား ပဌမရန်သူ၏ ကိစ္စတာဝန်ဖြစ်သကဲ့သို့ လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို လက်ရှိပစ္စုပ္ပန်ဘဝဝယ် ပေါင်းသင်းဆက်ဆံနေရသည့် ဆွေမျိုးသင်းပင်း ရောင်းရင်းတို့နှင့် ကွဲကွာစေကာ တစ်စုံတစ်ခုသော နောက်ဘဝကို ဖြစ်ပေါ်လာစေမှုကား “ဇာတိ”၏ ကိစ္စသာလျှင် ဖြစ်သည်။ တောအုပ်အတွင်းသို့ ရောက်ရှိလာသော ယောက်ျားကို ရိုက်နှက်ပုတ်ခတ်ကာ အားအင်ချိနဲ့အောင် ပြုလုပ်မှုကား ဒုတိယရန်သူ၏ ကိစ္စတာဝန်ဖြစ်သကဲ့သို့ ဇာတိတရားက ယူဆောင်ပေးအပ်သည့် ခန္ဓာတို့၌ အနာရောဂါများ ကျရောက်ဖြစ်ပေါ်ပြီးလျှင် လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို သူနာညောင်စောင်းဝယ် လျောင်းစက်နေရအောင် ပြုလုပ်မှုကား “ဇရာ”၏ ကိစ္စသာလျှင် ဖြစ်ပေသည်။ ယောက်ျား၏ ဦးခေါင်းကို ပိုင်းဖြတ်မှုကား တတိယရန်သူ၏ ကိစ္စတာဝန် ဖြစ်သကဲ့သို့ လောကတခွင်ဝယ် ကျင်လည်နေကြသော သတ္တဝါတို့ကို အသက်ကုန်ဆုံး တဘဝတုံးအောင် ချေမှုန်းသတ်ဖြတ်မှုကား “မရဏ”၏ ကိစ္စသာလျှင် ဖြစ်ပေသည် [၃၄]

လောက၌ ဇာတိ, ဇရာ, မရဏတရား ၃-ပါးထင်ရှား မရှိလျှင် ယင်းတို့မှ လွတ်မြောက်အောင် ကြိုးစား အားထုတ်ပြီးသူ ဘုရားရှင်နှင့် လွတ်မြောက်ရန် နည်းလမ်းကို ညွှန်ပြသည့် ဘုရားရှင်၏ သုတ်, ဝိနည်း, အဘိဓမ္မာဒေသနာတော်သည် ထွန်းပေါ်လာဖွယ် မရှိတော့ပေ။ ဇာတိ, ဇရာ, မရဏတရား ၃-ပါး ထင်ရှားရှိသောကြောင့်သာ ဘုရားရှင်ပွင့်ပေါ်လာပြီးလျှင် ဘုရားရှင်၏ သုတ်, ဝိနည်း, အဘိဓမ္မာဒေသနာတော် ထွန်းပေါ်လာရခြင်းဖြစ်သည်။ ယင်း ဇာတိ, ဇရာ, မရဏ, တရား ၃-ပါးကို ပယ်ရှားလိုက လောဘ, ဒေါသ, မောဟ-ဟူသော အယုတ်တရား ၃-ပါးကို လက်စသိမ်း၍ ချုပ်ငြိမ်းအောင် ပယ်ရှားရမည်သာ ဖြစ်ပေသတည်း [၃၅][၃၆]

ဇာတိအပြား

[ပြင်ဆင်ရန်]

ဇာတိသည် ဘဝကိုးပါးကို အစွဲပြု၍ ကိုးပါးအပြား ရှိသည်။ ၎င်းကိုးပါးတို့မှာ ကာမဇာတိ, ရူပဇာတိ, အရူပဇာတိ, သညီဇာတိ, အသညီဇာတိ, နေဝသညီနာသညီဇာတိ, ဧကဗတါကာရဇာတိ, စတုဝေါကာရဇာတိ, ပဉ္စဝေါကာရဇာတိ တို့ဖြစ်ကြသည်။[၃၇][၃၈]

ကာမဇာတိ

[ပြင်ဆင်ရန်]

ကာမဇတိသည် ဖြစ်ပေါ်ပုံယောနိအပြားအားဖြင့် (၁) အဏ္ဍဇဇာတိ၊ (၂) ဇလာဗုဇဇာတိ၊ (၃) သံသေဒဇဇာတိ၊ (၄) ဩပပါတိကဇာတိ စသည့်ဖြင့် လေးပါးအပြားရှိသည်။[၃၇][၃၈]

ထိုလေးပါးတွင် ဥမှပေါက်ဖွားကြသော ကြက်, ငှက် စသော သတ္တဝါ၊ ငါး, လိပ် စသော သတ္တဝါများကို အဏ္ဍဇ ဟုဆိုသည်။ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် "အဏ္ဍဇဇာတိ" မည်သည်။[၃၇][၃၈]

သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ၊ နွား,ကျွဲ, ဆင်, မြင်း စသော သတ္တဝါတို့ကို ဇလာဗုဇ ဟုခေါ်သည်။ ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဇလာဗုဇဇာတိ" မည်သည်။[၃၇][၃၈]

မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွှံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏ အညှိ, သစ်ပင်များ၏ အညှိများသည် "သံသေဒဇ" မည်သည်။ စိုစွတ်ကျိချွဲသော အရာမဝတ္ထုများ ဖြစ်ကြသည်။ အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွသတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေကြကုန်သော ပဒုမဒေဝီစသော လူသတ္တဝါတို့ကို "သံသေဒဇ" ဆိုသည်။ ထိုသံသေဒဇသတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "သံသေဒဇဇာတိ" မည်သည်။[၃၇][၃၈]

ကောင်းကင်ထက်မှ လျောကျလာသကဲ့သို့ ပြည့်စုံသော ကိုယ်အင်္ဂါနှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် "ဥပပါတ်" မည်သည်။ အထက်နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြကုန်သော နတ်ဗြဟ္မာတို့သည် "ဩပပါတိက" သာ ဖြစ်ကုန်သည်။ အလုံးစုံသော သတ္တဝါတို့သည်လည်း ဩပပါတိက တို့သာ ဖြစ်သည်။ ဩပပါတိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဩပပါတိကဇာတိ" ဖြစ်သည်။[၃၇][၃၈]

ကမ္ဘာဦးအခါ၌ လူတို့သည် ဥပပါတ်တို့သာ ဖြစ်ကုန်၏။ ထို့အတူပင် တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလ၌ ဥပပါတ်တို့သာ ဖြစ်ကုန်သည်။ နောက်ကာလ၌ လူတို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ တစ်ခါတရံ အဏ္ဍဇ ဖြစ်ကုန်သည်။ တစ်ခါတရံ သံသေဒဖ ဖြစ်ကုန်သည်။ တိရစ္ဆာန်သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ်ကုန်သည်။ အချို့တို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ ဘုမ္မဇိုဝ်းတို့သည် ဥပပါတ်တို့သာ များကုန်သည်။[၃၇][၃၈]

ဇာတိဖြစ်ပေါ်ခြင်း

[ပြင်ဆင်ရန်]

ဥပပတ္တိဘဝကိုးပါးတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် ဇာတိ ဖြစ်သည်။ ထို့ကြောင့် ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်သည်ရှိသော် ပဋိသန္ဓေနေမှုဟု ဆိုအပ်သည့် ဇာတိ၏ ဖြစ်ခြင်းကိစ္စသည်လည်း တစ်လုံးတည်း ပြီးစီး၍ ပါရှိသည်။ သို့ဖြစ်၍ ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝကိုးပါးတို့၌ ဇာတိဖြစ်ပေါ်လေသည်။ ဤသို့လျှင် ဘဝဟူသော အကြောင်းအကြောင့် ဇာတိ ဖြစ်ပေါ်သည်။[၃၇][၃၈]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (ထီ) [ဇန+တိ။ ဓာန်၊၉၀၊ ၅၇၆၊ ၇၇၉၊ ၇၉၂။ ကစ္စည်း။ ၅၈၅။ ရူ။ ၆၁၉။ နီတိ၊ သုတ္တ၊ ၁၁၈၉။ ဇာတိ၏အတ္ထုဒ္ဓါရကို— အဘိ၊ဋ္ဌ၊၂၊၈၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၁၂၉။ ဝိမာန၊ဋ္ဌ၊၂၅။ မဟာနိ၊ဋ္ဌ၊၅၉။ သာရတ္ထ၊၃၊၁၇၁-တို့ကြည့်။]
  2. (၁) ဖြစ်ခြင်း။ အဏ္ဍေ ဇာတာတိ ပဌမာယ ဇာတိယာ ဝသေန ဝုတ္တံ၊ ဒုတိယာယ ပန အဏ္ဍတော, အဏ္ဍေ ဝါ ဘိဇ္ဇမာနေ ဇာတာတိ ဧဝမတ္ထော ဝေဒိတဗ္ဗော။ မ၊ဋီ၊၂၊၂၉။
  3. (က) မွေးဖွားခြင်း။ ယတ္ထ အတ္ထိ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ အတ္ထိ တတ္ထ အာယတိံ ဇာတိဇရာမရဏံ။ သံ၊၁၊၃၂၅။ ဇာတီတိ စေတ္ထ မာတုကုစ္ဆိတော နိက္ခမနံ အဓိပ္ပေတံ။ သံ၊ဋီ၊၂၊၁၁၆။ (သုတ္တနိ၊၄၃၁။ စူဠနိ၊၃။ ဓမ္မ၊ဋ္ဌ၊၂၊၂၇၅။ သုတ္တနိ၊ဋ္ဌ၊၂၊၂၉၈-၉။ သီ၊ဋီ၊သစ်၊၂၊၃၁။ မ၊ဋီ၊၂၊၁၀၈။ အံ၊ဋီ၊၃၊၁၁၈။)
  4. (ခ) ပေါက်ရောက်ခြင်း။ အာရောဟပရိဏာဟေန၊ အဘိရူပေါသိ ဇာတိယာ။ ဇာ၊၁၊၂၄၃။ တွညေဝ ပန အာရောဟပရိဏာဟေန သုဇာတသင်္ခါတာယ သမသဏ္ဌာန ဥဇုဘာဝပ္ပကာရာယ ဇာတိယာ စ အဘိရူပေါ သောဘဂ္ဂပ္ပတ္တော ဧကထမ္ဘပါသာဒါဟော။ ဇာ၊ဋ္ဌ၊၄၊၁၅၇။
  5. (၄) ဘဝ၊ အတ္တဘော၊ ပဋိသန္ဓေ စုတိတို့ဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်။ ဧကမ္ပိ ဇာတိ ဒွေပိ ဇာတိယော... ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ။ ဝိ၊၁၊၅။ ဧကမ္ပိ ဇာတိန္တိ ဧကမ္ပိ ပဋိသန္ဓေလံ စုတိပရိယောသာနံ ဧကဘဝပရိယာပန္နံ ခန္ဓသန္တာနံ။ ဝိ၊ဋ္ဌ၊၁၊၁၂၈။ ဧကမ္ပိ ဇာတိန္တိ ဧကမ္ပိ ဘဝံ။ သော ဟိ ဧကကမ္မနိဗ္ဗတ္တော အာဒါနနိက္ခေပပရိစ္ဆန္နော အန္တောဂဓဓမ္မပ္ပဘေဒေါ ခန္ဓပ္ပဗန္ဓာ ဣဓ “ဇာတီ”တိ အဓိပ္ပေတော ဇာယတီတိ ဇာတီတိ ကတွာ။ တေနာဟ “ဧကမ္ပိ။ ပ။ ခန္ဓသန္တာန”န္တိ။ သာရတ္ထ၊၁၊၃၉၀။ ဇာယတီတိ ဇာတိ၊ ဘဝေါ။ သော ဧကကမ္မမူလကော အာဒါနနိက္ခေပပရိစ္ဆိန္နော ခန္ဓပ္ပန္နော ဣဓ “ဇာတီ”တိ အဓိပ္ပေတောတိ အာဟ “ဧကမ္ပိ”တိ အာဒိ။ ဝိမတိ၊၁၊၈ဝ။ အာဒါနနိက္ခေပပရိစ္ဆိန္နော ဓမ္မပ္ပဗန္ဓော ဘဝေါ၊ တသ္မိံ ဘဝေ။ သော ဟိ ဇာယတိ ယောနိဂတိအာဒိဝိဘာဂါတိ ဇာတီတိ ဝုစ္စတိ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၆။ ယဿ ပုဂ္ဂလဿ... န တာယ ဇာတိယာ ဓမ္မာဘိသမယော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပဒပရမော။ အဘိ၊ပု၊၁၄၇။ န တာယ ဇာတိယာ ဓမ္မာဘိသမယော ဟောတီတိ န တေန အတ္တဘာဝေန ဈာနံ ဝါ ဝိပဿနံ ဝါ မဂ္ဂီ ဝါ ဖလံ ဝါ နိဗ္ဗတ္တေတုံ သက္ကောတီတိ အတ္ထော။ အဘိ၊ဋ္ဌ၊၃၊၇၄။ (ဝိ၊၅၊၂၄၁။ ဒီ၊၁၊၁၂၀။ ဒီ၊၃၊၉၀။ မ၊၁၊၂၇။ မ၊၂၊၁၀။ မ၊၃၊၁၅။ သံ၊၁၊၃၄၃။ သံ၊၂၊၂၄။ သံ၊၃၊၂၃၂။ အံ၊၁၊၁၆၄။ အံ၊၂၊၁၅။ အံ၊၃၊၂၂။ အဘိ၊က၊၂၁၇။ ပဋိသံ၊၁၁၀။ ဣတိဝုတ်၊၂၆၁။ ဝိမာန၊၃၊၄။ ပေတ၊၁၄၀။ ထေရ၊၂၃၈၊ ၂၄၉။ ထေရီ၊၄၃၃။ အပ၊၁၊၅၀။ အပ၊၂၊၂၁။ စူဠနိ၊၁၃၅။ ဇာ၊၁၊၂၅၁။ ဇာ၊၂၊၁၀၁။ နေတ္တိ၊၈၄။ မိလိန္ဒ၊၈၄။ ဝိ၊ဋ္ဌ၊၂၊၁၀၂။ ဒီ၊ဋ္ဌ၊၁၊၉၉။ ဒီ၊ဋ္ဌ၊၂၊၆၀။ ဒီ၊ဋ္ဌ၊၃၊၁၀၂။ မ၊ဋ္ဌ၊၂၊၈၆။ သံ၊ဋ္ဌ၊၁၊၁၈၅၊ ၂၀၄။ သံ၊ဋ္ဌ၊၂၊၄။ အဘိ၊ဋ္ဌ၊၃၊၂၃၇။ ပဋိသံ၊ဋ္ဌ၊၁၊၃၂၅။ ပဋိသံ၊ဋ္ဌ၊၂၊၂၀၁။ ဝိသုဒ္ဓိ၊၂၊၄၃။ ဥဒါန၊ဋ္ဌ၊၁၇၄။ ဣတိဝုတ်၊ဋ္ဌ၊၉။ ဝိမာန၊ဋ္ဌ၊၂၅။ ပေတ၊ဋ္ဌ၊၆၄။ ထေရ၊ဋ္ဌ၊၁၊၂၂၃၊ ၃၂၄။ ထေရ၊ဋ္ဌ၊၂၊၄၈။ ငထရီ၊ဋ္ဌ၊၃၂။ အပ၊ဋ္ဌ၊၁၊၁၂၄။ အပ၊ဋ္ဌ၊၂၊၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၈၃။ စရိယာ၊ဋ္ဌ၊၂၊၉။ မဟာနိ၊ဋ္ဌ၊၅၉။ စူဠနိ၊ဋ္ဌ၊၄၆။ ဇာ၊ဋ္ဌ၊၅၊၅၆။ ဇာ၊ဋ္ဌ၊၆၊၂၀။ ဇာ၊ဋ္ဌ၊၇၊၁၁၄။ နေတ္တိ၊ဋ္ဌ၊၁၇၀။ ဝဇိရ၊၁၇၄။ သာရတ္ထ၊၁၊၃၉။ သာရတ္ထ၊၂၊၃၅၉။ သာရတ္ထ၊၃၊၁၂၃။ ဒီ၊ဋီ၊၁၊၁၄၄။ ဒီ၊ဋီ၊၂၊၆၄။ ဒီ၊ဋီ၊၃၊၁၀၀။ သီ၊ဋီ၊သစ်၊၁၊၄၀၀။ မ၊ဋီ၊၁၊၃၅၇။ မ၊ဋီ၊၂၊၁၃၇။ သံ၊ဋီ၊၁၊၃၈၊ ၂၅၀။ သံ၊ဋီ၊၂၊၉။ မူလဋီ၊၃၊၄၅။ အနုဋီ၊၁၊၂၄။ အနုဋီ၊၃၊၇၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၉။)
  6. (၅) အကြောင်း၊ အကြောင်းတရား။ ယသ္မာ ဖလံ တတော သမုဒေတိ, ဇာယတိ, ပဘဝတိ၊ တသ္မာ သမုဒယော, ဇာတိ, ပဘဝေါတိ ဝုစ္စတိ။ မ၊ဋ္ဌ၊၁၊၃၂၄။ သံ၊ဋ္ဌ၊၂၊၂၆။ ပဋိသံ၊ဋ္ဌ၊၂၊၂၀၂။ (ပဋိသံ၊ဋ္ဌ၊၂၊၁၂၀။ မဟာနိ၊ဋ္ဌ၊၃၀၈။ သံ၊ဋီ၊၂၊၁၀၈။)
  7. (၆) (က) ဖြစ်ရာဌာန။ ဥပ္ပဇ္ဇမာနာပိ ဣမေသု အဋ္ဌသု ဌာနေသု ဥပ္ပဇ္ဇတီတိ ဇာတိဋ္ဌာနမ္ပိ ကထိတာ။ အဘိ၊ဋ္ဌ၊၂၊၁၃၁။ ဇာယတိ ဧတ္ထာတိ ဇာတိ၊ ဥပ္ပတ္တိဋ္ဌာနံ။ မူလဋီ၊၂၊၉၂။ (အနုဋီ၊၂၊၉၉။)
  8. (ခ) မွေးဖွားရာအရပ်။ ဇာတိဘူမက (၂) ကြည့်။
  9. (ဂ) ဥပပတ္တိဘဝ-ပဋိသန္ဓေခန္ဓာ-၏ ဖြစ်ရာအခါ၊ ပဋိသန္ဓေအခါ။ ဇာတိတော ပဋ္ဌာယ အစက္ခုကာ။ ဥဒါန၊ဋ္ဌ၊၃၁၁။ သော ဝါ ဇာယတိ ဧတ္ထ ဥပပတ္တီတိ အတ္ထေန ဇာတီတိ ဝုတ္တော။ မဏိမဉ္ဇူ၊၂၊၁၂။
  10. (ဃ) မွေးဖွားရာအခါ။ ကပ္ပသတသဟဿံ ပူရိတပါရမီ ဇာတိတော ပဋ္ဌာယ အခဏ္ဍပဉ္စသီလာ ဟောတိ။ ဒီ၊ဋ္ဌ၊၂၊၂၂။ အပ၊ဋ္ဌ၊၁၊၆၁။ ဇာ၊ဋ္ဌ၊၁၊၅၉။ (ဥဒါန၊ဋ္ဌ၊၃၁၁။ အပ၊ဋ္ဌ၊၂၊၈၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၀၅။ သီ၊ဋီ၊သစ်၊၂၊၂၅၇။)
  11. (၈) သဘော (က) ပင်ကိုယ်-ပြကတေ့-သဘော။ ကာဠကံ နာမ ဒွေ ကာဠကာနိ ဇာတိယာ ကာဠကံ ဝါ ရဇနကာဠကံ ဝါ။ ဝိ၊၁၊၃၃၀။ ကာဠကာနန္တိ သဘာဝေန ဝါ ရဇနေန ဝါ ကာဠကာနံ။ ယထာဟ “ကာဠကံ နာမ ဒွေ ကာဠကာနိ ဇာတိယာ ကာဠကံ ဝါ ရဇနကာဠကံ ဝါ”တိ။ ကင်္ခါ၊ဋီ၊သစ်၊ ၃၁၆။
  12. (ခ) တရားသဘော။ စက္ခုဓာတု တာဝ ဇာတိတော ဧကော ဓမ္မောတွေဝ သင်္ခံ ဂစ္ဆတိ။ ဝိသုဒ္ဓိ၊၂၊၁၁၉။ အထ ဝါ ဇာတိတောတိ စက္ခုသဘာဝတော။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၀၀။ (မ၊ဋီ၊၂၊၁၉၉။ သံ၊ဋီ၊၂၊၂၂၄။)
  13. (၉) အထူး။ တိရိယာ နာမ တိဏဇာတိ နာဘိယာ ဥဂ္ဂန္တွာ နဘံ အာဟစ္စ ဌိတာ အဟောသီ (အံ၊၂၊၂၁၀) တိ ဧတ္ထ ပညတ္တိယံ။ အဘိ၊ဋ္ဌ၊၂၊၈၉။ တိဏာကာရော တိဏဇာတိ၊ သော စ ဥပါဒါပညတ္တီတိ “ပညတ္တိယ”န္တိ အာဟ။ မူလဋီ၊၂၊၆၁။ တိဏာကာရောတိ တိဏဝိက‌ပ္ပေါ၊ တိဏဝိသေသောတိ အတ္ထော။ အနုဋီ၊၂၊၆၉။ ပညတ္တိယန္တိ ဣဒံ န ဝတ္တဗ္ဗံ၊ နနု တိဏဇာတီတိ ဧတ္ထ ဇာတိသ‌ဒ္ဒေါ အာကာရဝါစကောတိ စောဒနံ မနသိ ကတွာ “တိဏာကာရော”တိအာဒိ ဝုတ္တံ။ ပညတ္တိယန္တိ အာဟ၊ အာကာရေတိ န အာဟာတိ အဓိပ္ပါယော။ မဓု၊၂၊၆၃။ (အံ၊ဋ္ဌ၊၃၊၇၃။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ မဟာနိ၊ဋ္ဌ၊၅၉။) (ဤ၌ “ဇာတိသဒ္ဒါသည် “အထူး”ဟူသော အနက်ကို ဟောသည်၊ သို့ဖြစ်သော်လည်း တိရိယာမည်သော မြက်အထူးဟူသည် မဟာဘုတ်ရုပ်တို့၏ တည်နေပုံအခြင်းအရာကိုစွဲ၍ ပညတ်အပ်သော ဥပါဒါပညတ်မျိုး ဖြစ်သောကြောင့် “ဇာတိသဒ္ဒါပညတ်အနက်ဟော”ဟု အဋ္ဌကထာ၌ ဖွင့်ဆိုခြင်းဖြစ်သည်။)
  14. (၁၀) ဂိုဏ်း၊ အပေါင်း၊ အကျင့်, အနွယ် တူသူတို့၏အပေါင်း။ အတ္ထိ ဝိသာခေ နိဂဏ္ဌာ နာမ သမဏဇာတီ (အံ၊၁၊၂၀၆)တိ ဧတ္ထ နိကာယေ။ ဝိသုဒ္ဓိ၊၂၊၁၂၉။ ဇာယန္တိ ဧတ္ထ သတ္တာ သမာနနွယာတိ ဇာတိ၊ နိကာယော။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၆။ (အဘိ၊ဋ္ဌ၊၂၊၈၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ မဟာနိ၊ဋ္ဌ၊၅၉။)
  15. (၁၁) အမိ၊ မိခင်။ ဩက္ကန္တိ မေသာ နတ္ထိ၊ ဇာတိတော အဘိနိက္ခမေ။ ဗုဒ္ဓဝံ၊၃၀၅။ ဇာတိတောတိ ဧတ္ထ ဇာယတိ ဧတာယ မာတုယာတိ မာတာ ဇာတိ မာတာ “ဇာတီ”တိ ဝုစ္စတိ၊ တတော ဇာတိတော မာတုယာတိ အတ္ထော။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၅။
  16. (၁၂) အမိဝမ်း၊ မိခင်၏ဝမ်းတိုက်။ ဇာတိဥဏ္ဏာ (၂) ကြည့်။
  17. (၁၃) အိမ်ခြံ၌ မွေးဖွားသောသတ္တဝါ၊ ခြံပေါက်သတ္တဝါ။ ဇာတိသပ္ပိခီရ-ကြည့်။
  18. (၁၄) ထိုနေ့၌ မွေးဖွားသော သတ္တဝါ၊ မွေးဖွားစသတ္တဝါ။ ဇာတိဥဏ္ဏာ (၁) ကြည့်။
  19. (၁၅) အလိုလိုဖြစ်သော၊ အလေ့ပေါက်ဖြစ်သော (တော)။ ဇာတိယာဝန (၂) ကြည့်။
  20. (၁၆) မြတ်လေးပင်၊ မြတ်လေးပန်း။ ဇာတိယာဝန (၁) ကြည့်။
  21. (၁၇) သီလ၊ အရိယသီလ၊ အရိယာအဖြစ်ကို ပြုကတ်ဘော သီလ (ပါတိမောက္ခသံဝရသီလ, စတုပါရိသုဒ္ဓိသီလ)။ ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော (မ၊၂၊၃၀၆)တိ ဧတ္ထ အရိယသီလေ။ အဘိ၊ဋ္ဌ၊၂၊၈၉။ ဝိသုဒ္ဓိ၊၂၊၁၂၉။ အရိယဘာဝကရဏတ္တာ အရိယသီလန္တိ ပါတိမောက္ခသံဝရော ဝုစ္စတိ။ မူလဋီ၊၂၊၆၁။ အရိယဘာဝကရဏတ္တာတိ အရိယဘာဝကာရဏတ္တာ။ ကရောတီတိ ဟိ ကရဏံ။ အရိယသဒိသတ္တာ ဝါ အရိယသီလံ။ ပုထုဇ္ဇနကလျာဏကာနမ္ပိ ဟိ စတုပါရိသုဒ္ဓိသီလံ အရိယသီလသဒိသံ။ အနုဋီ၊၂၊၆၉။ (ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ မဟာနိ၊ဋ္ဌ၊၅၉။)
  22. (၁၉) ဇာတိမည်သော (နတ်)။ ဇာတိနာမ-ကြည့်။
  23. ဒီ၊ဋ္ဌ၊၂၊၃၈၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၁၂၉။ မဟာနိ၊ဋ္ဌ၊၅၉။ သာရတ္ထ၊၃၊၁၇၂။ ဒီ၊ဋီ၊၂၊၃၃၆။
  24. နေတ္တိ၊၂၅။ အဘိ၊ဋ္ဌ၊၂၊၉၀။ ဝိသုဒ္ဓိ၊၂၊၁၃၀။ ဥဒါန၊ဋ္ဌ၊၃၉။ စူဠနိ၊ဋ္ဌ၊၁၅။ နေတ္တိဝိ၊၁၃၂
  25. (မ၊၁၊၁၀၅။ မ၊ဋ္ဌ၊၁၊၂၂၂။ အဘိ၊ဋ္ဌ၊၂၊၈၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၉။ စူဠနိ၊ဋ္ဌ၊၁၅။ ဒီ၊ဋီ၊၂၊၃၃၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၅၆)
  26. အဘိ၊ဋ္ဌ၊၂၊၉၀-၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂-၃-၄။ ဝိသုဒ္ဓိ၊၂၊၁၃၀-၁။ မဟာနိ၊ဋ္ဌ၊၆၀-၁။ ပရမတ္ထသရူပဘေဒနီ၊၁၊၂၉၇-၈။
  27. ပရမတ္ထသရူပဘေဒနီ၊၁၊၂၉၇-၈။
  28. (အဘိ၊ဋ္ဌ၊၂၊၁၇၈-၉။ ပဋိသံ၊ဋ္ဌ၊၁၊၃၂၂။ ဝိသုဒ္ဓိ၊၂၊၂၁၀။ မဟာနိ၊ဋ္ဌ၊၁၉၁။ ဒီ၊ဋီ၊၁၊၁၈၅။ သီ၊ဋီ၊သစ်၊၁၊၄၆၆)
  29. (မူလဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၁၃၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၃၄)
  30. (အဘိ၊ဋ္ဌ၊၂၊၁၇၉။ ပဋိသံ၊ဋ္ဌ၊၁၊၃၂၃။ ဝိသုဒ္ဓိ၊၂၊၂၁၀-၁။ မဟာနိ၊ဋ္ဌ၊၁၉၉။ သင်္ဂဟ၊၁၃၂)
  31. (အံ၊၁၊၄၃၆။ ဒီ၊ဋ္ဌ၊၃၊၁၆၆)
  32. (ဒီ၊ဋ္ဌ၊၂၊၃၈၄။ မ၊ဋ္ဌ၊၁၊၃၀၂။ သံ၊ဋ္ဌ၊၃၊၂၀၀။ အံ၊ဋ္ဌ၊၁၊၄၀၁။ အဘိ၊ဋ္ဌ၊၂၊၂၇၁။ ပဋိသံ၊ဋ္ဌ၊၂၊၁၄၅။ ဝိသုဒ္ဓိ၊၁၊၁၃၁။ ခုဒ္ဒက၊ဋ္ဌ၊၂၀၁။ ဣတိဝုတ်၊ဋ္ဌ၊၁၀၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၇၈။ စရိယာ၊ဋ္ဌ၊၁၃၁။ မဟာနိ၊ဋ္ဌ၊၄၁၇။ သာရတ္ထ၊၂၊၂၂၈)
  33. (ခုဒ္ဒက၊ဋ္ဌ၊၂၀၁။ သုတ္တနိ၊ဋ္ဌ၊၁၊၁၇၇)
  34. (အဘိ၊ဋ္ဌ၊၂၊၉၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၄၂)
  35. (အံ၊၃၊၃၇၀-၁)
  36. ကတမာ စ ဘိက္ခဝေ ဇာတိ။ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော။ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ။ ဒီ၊၂၊၂၄၃။ ဇနနံ ဇာတိ၊ သဝိကာရာနံ ပဌမာဘိနိဗ္ဗတ္တက္ခန္ဓာနမေတံ အဓိဝစနံ။ ဒီ၊ဋ္ဌ၊၂၊၃၈၆။ နိပ္ပရိယာယတော ခန္ဓာနံ ပဌမာဘိနိဗ္ဗတ္တိ ဇာတီတိ ကတွာ “ဇနနံ ဇာတီ”တိ ဝတွာ သွာယံ ဥပ္ပါဒဝိကာရော အပရိနိပ္ဖန္နော ယေသု ခန္ဓေသု ဣစ္ဆိတဗ္ဗော၊ တေ တေနေဝ သဒ္ဓိံ ဒဿေတုံ “သဝိကာရာန”န္တိအာဒိ ဝုတ္တံ။ ဒီ၊ဋီ၊၂၊၃၃၆။ “ဘဝပစ္စယာ ဇာတီ(အဘိ၊ဝိ၊၁၉၈)”တိ စ “ဇာတိပိ ဒုက္ခာ (အဘိ၊ဝိ၊၁၀၅။ ပဋိသံ၊၃၆)”တိ စ ဧတ္ထ ပရိယာယတော ပဋိသန္ဓိက္ခန္ဓာ။ နိပ္ပရိယာယတောပန တတ္ထ တတ္ထ နိဗ္ဗတ္တမာနာနံ သတ္တာနံ ယေ ယေ ခန္ဓာ ပါတုဘဝန္တိ၊ တေသံ တေသံ ပဌမံပါတုဘာဝေါ။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂။ (ဝိ၊၁၊၆၊ ၂၄၃။ ဝိ၊၃၊၁၂၉။ ဝိ၊၄၊၁၉၁၊ ၄၈၉။ ဒီ၊၁၊၄၁၊ ၇၉။ ဒီ၊၂၊၁၉။ မ၊၁၊၈၊ ၂၈၊ ၁၂၃။ မ၊၂၊၁၂၊ ၃၅၄။ မ၊၃၊၁၆။ သံ၊၁၊၆၇၊ ၁၆၃။ သံ၊၂၊၁၂။ သံ၊၃၊၆၅။ အံ၊၁၊၅၂၊ ၁၅၄၊ ၁၆၅ ။ အံ၊၂၊၆၂။ အံ၊၃၊ဂ။ အဘိ၊ဝိ၊၁၀၄၊ ၁၄၄။ အဘိ၊ပု၊၁၇၀။ အဘိ၊ က၉၅၊ ပဋိသံ၊၉၊ ၃၆။ ဓမ္မ၊၃၆။ ဥဒါန၊၇၇၊ ၁၀၃။ ဣတိဝုတ်၊၂၅၅။ သုတ္တနိ၊၂၉၃။ ထေရ၊၂၅၆၊ ၂၈၇။ ထေရီ၊၄၀၀။ အပ၊၁၊၇၀၊ ၄၃၅။ အပ၊၂၊၆၀၊ ၂၆၅။ ဗုဒ္ဓဝံ၊၃၀၇။ စရိယာ၊၃၉၂။ မဟာနိ၊၃၅၊ ၅၉။ စူဠနိ၊၈။ နေတ္တိ၊၁၄။ ပေဋကော။ ၁၇၁။ မိလိန္ဒ၊၅၁၊ ၃၈၂။ ဝိ၊ဋ္ဌ၊၁၊၁၃၇။ ဝိ၊ဋ္ဌ၊၂၊၁၆၁။ ဒီ၊ဋ္ဌ၊၁၊၁၀၂၊ ၁၁၅၊ ၂၀၁။ ဒီ၊ဋ္ဌ၊၂၊၈။ မ၊ဋ္ဌ၊၁၊၅၅။ မ၊ဋ္ဌ၊၂၊၇၉။ သံ၊ဋ္ဌ၊၁၊၁၁၄၊ ၂၀၄။ သံ၊ဋ္ဌ၊၂၊၁၃၊ ၅၀။ သံ၊ဋ္ဌ၊၃၊၁၈၈။ အံ၊ဋ္ဌ၊၁၊၄၀။ အံ၊ဋ္ဌ၊၂၊၇၊ ၁၂၁၊ ၁၄၀။ အံ၊ဋ္ဌ၊၃၊၁၀၀။ အဘိ၊ဋ္ဌ၊၁၊၁၈။ အဘိ၊ဋ္ဌ၊၂၊၈၇။ အဘိ၊ဋ္ဌ၊၃၊၉၄။ ပဋိသံ၊ဋ္ဌ၊၁၊၈၄-၇၊ ၂၄၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၅၀။ ဝိသုဒ္ဓိ၊၂၊၁၄၈။ ဓမ္မ၊ဋ္ဌ၊၁၊၇၇။ ဓမ္မ၊ဋ္ဌ၊၂၊၃၈၊ ၇၀။ ဥဒါန၊ဋ္ဌ၊၁၅၇၊ ၃၈၇။ ဣတိဝုတ်၊ဋ္ဌ၊၁၀၁၊ ၂၇၈။ သုတ္တနိ၊ဋ္ဌ၊၁၊၁၄၁-၂။ သုတ္တနိ၊ဋ္ဌ၊၂၊၆၆၊ ၂၂၂။ ထေရ၊ဋ္ဌ၊၁၊၃၂၉၊ ၃၉၂။ ထေရ၊ဋ္ဌ၊၂၊၆၂၊ ၁၀၁။ ထေရီ၊ဋ္ဌ၊၆၆၊ ၁၇၂။ အပ၊ဋ္ဌ၊၁၊၅။ အပ၊ဋ္ဌ၊၂၊၂၂၂။ ဗုဒ္ဓဝံ၊ဋ္ဌ၊၉၁-၂။ စရိယာ၊ဋ္ဌ၊ဂဝ။ မဟာနိ၊ဋ္ဌ၊၂၂။ စူဠနိ၊ဋ္ဌ၊၁၄၊ ၃၃၊ ၇၄။ ဇာ၊ဋ္ဌ၊၁၊၅။ ဇာ၊ဋ္ဌ၊၂၊၃၁၀။ ဇာ၊ဋ္ဌ၊၃၊၃၃၈။ ဇာ၊ဋ္ဌ၊၇၊၁၃၂။ ဝဇိရ၊၅၄။ သာရတ္ထ၊၁၊၃၃၇၊ ၄၀၉။ သာရတ္ထ၊၃၊၁၃၆။ ဝိမတိ၊၁၊၁၇၊ ၈၅။ ဝိမတိ၊၂၊၈၄၊ ၉၁။ ဒီ၊ဋီ၊၁၊၂၇၁။ ဒီ၊ဋီ၊၂၊၄၅၊ ဒီ၊ဋီ၊၃၊၁၀၂။ သီ၊ဋီ၊သစ်၊၂၊၁၅၇-၉။ မ၊ဋီ၊၁၊၁၀၆။ မ၊ဋီ၊၂၊၃၈။ မ၊ဋီ၊၃၊၁၄၃။ သံ၊ဋီ၊၁၊၂၅၀။ သံ၊ဋီ၊၂၊၁၅၊ ၃၅။ အံ၊ဋီ၊၁၊၁၃၃။ အံ၊ဋီ၊၂၊၄၊ ၃၀၊ ၁၃၆။ မူလဋီ၊၁၊၃၉။ မူလဋီ၊၂၊၆၁။ မူလဋီ၊၃၊၆၀။ အနုဋီ၊၁၊၁၁၀။ အနုဋီ၊၂၊၆၉။)
  37. ၃၇.၀ ၃၇.၁ ၃၇.၂ ၃၇.၃ ၃၇.၄ ၃၇.၅ ၃၇.၆ ၃၇.၇ လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  38. ၃၈.၀ ၃၈.၁ ၃၈.၂ ၃၈.၃ ၃၈.၄ ၃၈.၅ ၃၈.၆ ၃၈.၇ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။