မာတိကာသို့ ခုန်သွားရန်

ဆရာ

ဝီကီပီးဒီးယား မှ

ဆရာ သို့မဟုတ် သင်ပြပေးသူ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒဏ္ခိဏာဒိသာ(တောင်အရပ်) မည်၏ဟု သင်္ဂဇာဆရာတော်က ရေးသားခဲ့သည်။(ပါထိကဝဂ္ဂပါဠိတော်၊သိင်္ဂါလသုတ်မှာ မြတ်စွာဘုရားဟောကြားပါသည်)

ဝေါဟာရရင်းမြစ်

[ပြင်ဆင်ရန်]

"ဆာယာ" ဟူသော ပါဠိသက် ဝေါဟာရမှ လာခြင်းဖြစ်သည်။ ဆာယာသည် "အရိပ်"ဖြစ်သည်။ တပည့်များ နားခိုစေရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ခေါ်သည်ဟု တစ်မျိုးယူဆကြသည်။

ဆရာသည် "ဆ" နှင့် "ရာ" ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ "ဆ"သည် နှိုင်းဆခြင်း၊ ချိန်ဆခြင်းဖြစ်၍ "ရာ"မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဖြစ်သည်။ ထို့ကြောင့် တပည့်တို့အား ချင့်ချိန်နှိုင်းဆ အကဲဖြတ်ပေးတတ်သူဟု အဓိပ္ပာယ်ရသည်ဟုလည်း ဆိုကြ၏ ။

ပါဠိဘာသာဖြင့် အာစရိယ ဟုသုံးနှုန်းကြပြီး မြန်မာဘာသာစကားရှိ ဆရာ ဆိုသောပုဒ်သည် သက္ကတဘာသာ၏ "အာစာရယ" မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဖော်ပြကြသည်။ ပုဂံခေတ်တွင် "ဆာရျ (ဆာရယာ) ဟု ရေးသားကြကာ နောက်ပိုင်း၌ ဆရာ ဟုအသွင်ပြောင်းလာခဲ့သည်။[]


ဆရာကောင်းတစ်ဦးသည် မိမိ၏ တပည့်များအပေါ် ကရုဏာ၊ စေတနာ အပြည့်ဖြင့် ပြုစုပျိုးထောင်ပေးရမည်။ တပည့်များ၏ အနာဂတ်အတွက် စံပြအဖြစ် နေထိုင်ရမည်။ ဆရာတစ်ဦးအတွက် အဓိကကျသော ကျင့်ဝတ်များကို ပါထိကဝဂ်နှင့် ၎င်းအဋ္ဌကထာအတိုင်း အောက်တွင်ဖော်ပြထားပါသည်။ []

၁. ကောင်းစွာ ဆုံးမခြင်း (သုဝိနီတံ ဝိနေန္တိ)

[ပြင်ဆင်ရန်]

ဆရာသည် တပည့်များအား မှားယွင်းသော အပြုအမူများမှ ရှောင်ရှားစေပြီး ကောင်းမွန်သော အပြုအမူများကို လိုက်နာကျင့်ကြံစေရန် ဆုံးမသွန်သင်ရမည်။ နေထိုင်မှု၊ သွားလာမှု၊ စားသောက်မှု စသည့် အမူအကျင့်များကို စနစ်တကျ ဖြစ်စေရန် လမ်းညွှန်ပေးရမည်။ မိတ်ဆွေကောင်းများနှင့် ပေါင်းသင်းရန်၊ မိတ်ဆွေဆိုးများနှင့် ဝေးဝေးနေရန် သွန်သင်ပေးရမည်။

၂. ကောင်းစွာ သင်ကြားပေးခြင်း (သုဂ္ဂဟိတံ ဂါဟာပေန္တိ)

[ပြင်ဆင်ရန်]

ဆရာသည် တပည့်များအား အသိပညာကို စနစ်တကျ သင်ကြားပေးရမည်။ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ရှင်းပြရုံသာမက လက်တွေ့အသုံးချနိုင်ရန်ပါ လမ်းညွှန်ပေးရမည်။ အတတ်ပညာကို မှန်ကန်စွာ သင်ယူစေပြီး အမှားအယွင်းမရှိစေရန် ဂရုတစိုက် သင်ကြားပေးရမည်။

၃. အတတ်ပညာကို အကုန်အစင် သင်ကြားပေးခြင်း (သဗ္ဗသိပ္ပဿုတံ သမက္ခာယိနော ဘဝန္တိ)

[ပြင်ဆင်ရန်]

ဆရာသည် မိမိတတ်မြောက်ထားသော အတတ်ပညာကို တပည့်များအား အကုန်အစင် သင်ကြားပေးရမည်။ ပညာကို နှမြောခြင်း၊ ကွယ်ဝှက်ခြင်း မပြုလုပ်ရပါ။ တပည့်များအားလုံး မိမိတတ်မြောက်ထားသော အတတ်ပညာကို တတ်မြောက်စေရန် ကြိုးစားရမည်။

၄. မိတ်ဆွေများထံ အပ်နှံပေးခြင်း (မိတ္တာမစ္စေသု ပဋိယာဒေန္တိ)

[ပြင်ဆင်ရန်]

ဆရာသည် မိမိ၏ တပည့်များအား အခြားသော မိတ်ဆွေကောင်းများထံ အပ်နှံပေးရမည်။ ထိုမိတ်ဆွေများသည် တပည့်များအား ပညာရေးတွင် အထောက်အပံ့ ဖြစ်စေမည့်သူများ ဖြစ်ရမည်။ ဆရာသည် တပည့်များ၏ ကောင်းကြောင်းကို ပြောဆိုပြီး အခြားသူများ၏ ယုံကြည်မှုကို ရရှိအောင် ပြုလုပ်ပေးရမည်။

၅. ဘေးရန်ကို ကာကွယ်ပေးခြင်း (ဒိသာသု ပရိတ္တာဏံ ကရောန္တိ)

[ပြင်ဆင်ရန်]

ဆရာသည် တပည့်များအား ဘေးရန်အန္တရာယ်မှ ကာကွယ်ပေးရမည်။ တပည့်များ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရုံသာမက ဂုဏ်သိက္ခာကိုလည်း ကာကွယ်ပေးရမည်။ တပည့်များအား အန္တရာယ်မှ ရှောင်ရှားနိုင်ရန် လမ်းညွှန်ပေးရမည်။

ဤဖော်ပြပါ ဆရာ့ကျင့်ဝတ်များသည် ဆရာနှင့် တပည့်တို့အကြား ရိုသေလေးစားမှု၊ အပြန်အလှန် ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံထားပါသည်။ ဤကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် ဆရာသည် တပည့်များအား ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ပြီး တပည့်များသည်လည်း ဆရာ့ထံမှ အသိပညာကို ကောင်းစွာ ရရှိနိုင်ပါသည်။

ကဗျာဆောင်ပုဒ်များ

[ပြင်ဆင်ရန်]

ဆရာ့ဂုဏ်

[ပြင်ဆင်ရန်]

"ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့"
(မဃဒေဝလင်္ကာ)

ဆရာ့ဝတ် ငါးပါး

[ပြင်ဆင်ရန်]

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ"
(သင်္ဂဇာဆရာတော်)

အာစရိယမျိုးငါးပါး

[ပြင်ဆင်ရန်]
  • (၁) ပဗ္ဗဇ္ဇာစရိယ =ရှင်ပြုပေးသော ဥပဇ္ဈယ်ဆရာ။
  • (၂) ဥပသမ္ပဒါစရိယ =ဥပသမ္ပဒါ ကံဆောင်ပေးသောဆရာ(ရဟန်းပြုပေးသောဆရာ)။
  • (၃) နိဿယာစရိယ = နိဿရည်းပေးသောဆရာ။
  • (၄) ဥဒ္ဒေသာစရိယ = စာသင်ပေးသောဆရာ။
  • (၅) ဩဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ။[]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

အာစရိယဝတ်

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်ခင်မင် (ဓနုဖြူ) (၂၀၁၆)။ တစ်သံ နှစ်သံ သုံးလေးသံ (ဒုတိယအကြိမ်)။ ဓူဝံစာအုပ်တိုက်။ p. ၆၉။
  2. (ဒီ၊၃၊၁၅၄။ ဒီ၊ဋ္ဌ၊၃၊၁၃၇။)
  3. သုခမှတ်စု
  4. ဦးရဲဝေ (မြန်မာစာ)။ စာစီစာကုံးအရေးအသား

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ သင်ကြားခြင်း နှင့်ပတ်သက်သော မီဒီယာများ