မာတိကာသို့ ခုန်သွားရန်

ဖယောင်း

ဝီကီပီးဒီးယား မှ
ပျားမွေးမြူရေးလုပ်ငန်းသုံး လူလုပ်-ပျားအုံများတွင် ပျားဖယောင်း အသုံးပြုထားပုံ

ဖယောင်းသည် မာကျော၊ ကြွပ်ဆပ်၍ အဆီများသည့် ပစ္စည်းတစ်မျိုးဖြစ်၏။ ယင်းတို့ကို တိရစ္ဆာန်များမှသော်လည်းကောင်း၊ အပင်များမှသော်လည်းကောင်း၊ ဓာတ်သတ္တုအခြေအမြစ်များမှသော်လည်းကောင်း ရရှိ၏။ သာမန်အပူချိန်၌ ဖယောင်းသည် အစိုင်အခဲဖြစ်နေပြီးလျှင် ကြွပ်ဆပ်၏။ အပူချိန်ဖာရင်ဟိုက် ၁၅၅ ဒီဂရီ၌ အရည်ပျော်၏။ ယင်း၏သိပ်သည်းဆမှာ ၀.၉၆ ဖြစ်သည်။ ရေထဲတွင် မကြေပျက်သော်လည်း၊ အယ်လကိုဟောနှင့် အီသာထဲတွင် ကြေပျက်လွယ်၏။

ဖယောင်းမျိုးများ

[ပြင်ဆင်ရန်]

တိရစ္ဆာန်မှရသော ဖယောင်း

[ပြင်ဆင်ရန်]

ပျားဖယောင်း

[ပြင်ဆင်ရန်]

တိရစ္ဆာန်များမှရရှိသည့် ဖယောင်းများအနက် ပျားဖယောင်းမှာ ထင်ရှား၏။ ယင်းတို့ကို ပျားလပို့များမှရရှိ၏။ ပျားလပို့များမှ ပျားရည်များ စစ်ထုတ်ယူကြပြီးနောက်၊ ပျားလပို့များကို ရေနှင့်ပြုတ်ပစ်၏။ ထိုအခါ ဖယောင်းများအရည်ပျော်၍ ရေပေါ်သို့တက်လာကြ၏။ ယင်းတို့ကို ခတ်ယူကြ၏။ ထို့နောက်တဖန် ပျားဖယောင်းများကို အညစ်အကြေးများ ကင်းစင်စေရန် ပြန်၍အရည်ကျိုပေးရသည်။

ပျားဖယောင်းသည် ဝါကြန့်ကြန့်အရောင်ရှိ၍ အနံတစ်မျိုးထွက်၏။ သို့သော် ယင်းတို့ကို အပြားကလေးများပြုလုပ်၍ လေသလပ်ခံလျှင် အနံ့နှင့်အရောင်များ ကင်းစင်သွား၏။ ဤကဲ့သို့ အနံ့နှင့်အရောင်ကို ချွတ်ရာ၌ ကလိုရင်းနှင့်ချွတ်လျှင် ပို၍လျှင်မြန်၏။

အပင်မှရသော ဖယောင်း

[ပြင်ဆင်ရန်]

အပင်များမှလည်း ဖယောင်းများ ရရှိ၏။ ဤကဲ့သို့သော အပင်များ၌ အရွက်၊ ပွင့်ချပ်၊ အကိုင်းအခက်များပေါ်၌ ဖယောင်းများသည် အရွက်များကို အကာအကွယ်ပေးကြ၏။ အစိုဓာတ်ကို ထိန်းထားပြီးလျှင် အပင်ကို နေရောင်ဒဏ်မှ ကာကွယ်ပေး၏။ ပျားများသည်လည်း ဖယောင်းကြောင့် ပင်ရည်ကို မစုပ်ယူနိုင်ကြပေ။ ယင်းအပင်တို့၏ အကိုင်း၊ အပွင့်၊ အရွက်များကို ကျိုချက်၍ ဖယောင်းကိုထုတ်ယူကြ၏။

ဓာတ်သတ္တုများမှရသော ဖယောင်း

[ပြင်ဆင်ရန်]

ဓာတ်သတ္တု အခြေအမြစ်များမှ ရရှိသည့် ဖယောင်းများအနက် ပါရာဖင် (Paraffin) ခေါ် ဖယောင်းတစ်မျိုးမှာ ထင်ရှား၏။ ယင်းတို့ကို အိုဇိုစာရိုက် ခေါ် သတ္တုတစ်မျိုးမှလည်းကောင်း၊ ရေနံမှလည်းကောင်း၊ ကျောက်မီးသွေးမှလည်းကောင်း ထုတ်ယူကြ၏။ ပါရာဖင်သည် အဖြူရောင်ရှိ၍ အရောင်အနံ့ လုံးဝမရှိပေ။

ထို့ပြင် ကျောက်မီးသွေးတွင်းများထဲမှရရှိသော ဟက်ချက်တင် ခေါ် ဖယောင်းတစ်မျိုးလည်းရှိသေးရာ အင်္ဂလန်ပြည် အချို့အရပ်ဒေသများ၌တွေ့ကြရ၏။ ယင်းတို့သည် အနံ့ကင်း၍ ချက်ယူပြီးခါစ၌ အလင်းပေါက်သည်။ ဝါကြန့်ကြန့် အရောင်ရှိ၏။ သို့သော် လေသလပ် ခံလိုက်လျှင် အရောင်မည်းသွားကာ အလင်းပိတ်ဖြစ်သွား၏။

အသုံးပြုမှုများ

[ပြင်ဆင်ရန်]
ဖယောင်းတိုင်
ဖယောင်းသုတ်ထားသည့် မိုးကာအစ တစ်မျိုး

အဓိကအားဖြင့် ဖယောင်းများကို ဖယောင်းတိုင်များပြုလုပ်ရာ၌ အသုံးပြုကြ၏။ ဆေးဝါးများ ဖော်စပ်ရာ၌လည်း သုံးကြ၏။ အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် ကြမ်းပြင်များကို အရောင်တင်ရာ၌လည်း ဖယောင်းကိုပင် သုံးကြ၏။ ဤကဲ့သို့ သုံးကြရာ၌ ပထမ တာပင်တိုင်ဆီကဲ့သို့သော လေနှင့်ထိလျှင် အငွေ့ပျံသည့် ဆီများနှင့် အရည်ဖျော်၏။ နံရံပန်းချီများ ရေးဆွဲရာ၌ အရောင်ဆိုးပစ္စည်းများနှင့်ရော၍ သုံးကြ၏။ မူပုံစံများ ပြုလုပ်ရာ၌လည်းကောင်း၊ ရွှေချရာ၌လည်းကောင်း ဖယောင်းများကိုပင် သုံးကြရ၏။ ရှေးအခါကပင် အနုပညာတစ်ရပ်အဖြစ် လူရုပ်တုများကို ဖယောင်းနှင့်ပြုလုပ်ခဲ့ကြ၏။ လန်ဒန်မြို့ရှိ မဒမ်တူးဆိုး ဖယောင်းရုပ်တု ပြတိုက်ကြီးများမှာ ကမ္ဘာကျော်ဖြစ်၏။

အက်ရှပင်မှ ရရှိသည့် တရုတ်ဖယောင်း ခေါ် ဖယောင်းတစ်မျိုးရှိသေး၏။ အင်းဆက်ပိုးတစ်မျိုးက ထိုအပင်များပေါ်၌ ယင်းဖယောင်းများကို စစ်ထုတ်ကြ၏။ ဖော့မှထွက်သည့် ဖယောင်းတစ်မျိုးလည်း ရှိသေး၏။ ဖိနပ်ချုပ်သမားများ သုံးကြသည့် ဖယောင်းမှာ အမဲဆီကို တာပင်တိုင်ဆီမှရရှိသည့် အစေးတစ်မျိုးနှင့်ရော၍ ချက်ထားသည့် ဖယောင်းတစ်မျိုးဖြစ်၏။ စပမ်းဝေလငါးများမှ ရရှိသည့် စပါမာဆီတီ ခေါ် ဖယောင်းတစ်မျိုးကိုမူ ဆေးဝါးများ ဖော်စပ်ရာ၌သာမက၊ အလှကုန်ပစ္စည်းများ ပြုလုပ်ရာ၌ သုံးကြ၏။ သိုး၏ အဆီဂလင်းများမှ ထုတ်ယူရရှိသည့် ဖယောင်းတစ်မျိုးကို သားရေနယ်လုပ်ငန်းများ၌လည်းကောင်း၊ ဆေးဝါးများဖော်စပ်ရာ၌လည်းကောင်း အခြေခံပစ္စည်းများအဖြစ် သုံးကြပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၃)။ "ဖယောင်း"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၁၈၉၊ ၁၉၀။