မာတိကာသို့ ခုန်သွားရန်

မက္ခလိဂေါသာလ

ဝီကီပီးဒီးယား မှ

မက္ခလိဂေါသာလ သည် “အာဇီဝကတက္ကတွန်း ဂိုဏ်းကို တည် ထောင်သူ” ဖြစ်၏။ ထိုဂိုဏ်းသည် မြတ်စွာဘုရား ပွင့်တော်မမူမီ ကာလမှစ၍ အေဒီ ၁၂ ရာစုတိုင်အောင် မဇ္ဈိမဒေသ၌ တည်ရှိခဲ့သော တိတ္ထိဂိုဏ်း တစ်ဂိုဏ်းဖြစ်၏။

(မက္ခလိသည် ရှင်တော်ဂေါတမနှင့် ခေတ်ပြိုင်ဆန့်ကျင်ဘက် ဖြစ်သည့် ပူရဏကဿပစသောတိတ္ထိဆရာကြီး ၆-ဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ရွှံ့ညွှန်ရှိရာ မြေပေါ်၌ ဆီအိုးကို ယူသွားခိုက် သခင်က “ချစ်သား မချော်လဲစေနှင့် ဟု ကြိုတင်သတိပေးပါလျက် ချော်လဲခဲ့ရာ သခင်ကို ကြောက်ရွံ့၍ ထွက်ပြေးမည့်ဟန် ပြင်စဉ် သခင်က အနီးသို့ပြေးသွားပြီး ပုဆိုးစွန်းကို ဆွဲကိုင်လိုက်လေသည်။ သူသည်ပုဆိုး ချွတ်ထားခဲ့၍ ကိုယ်တုံးလုံးနှင့်ထွက်ပြေးသွား ပြီးနောက် အဝတ် မဝတ်ဘဲ နေလေသည်။ ယင်းသို့နေသဖြင့် လူအများက အလိုနည်းသူ ရဟန္တာဟုထင်မှတ်ကာ ကြည်ညိုကိုးကွယ် ဆည်းကပ်ကြကုန်၏၊ ထိုအခါမှ စ၍ နောက်လိုက် တပည့်သာဝကများ တဖြည်းဖြည်း တိုးပွားလာရာ ၅-ရာအထိ ရှိလာသည့်အတွက် အစေလကတိတ္ထိယဆရာကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။

“မာခလိ-မချော်လဲစေနှင့်” ဟူသော စကားကို အစွဲ ပြု၍ “မက္ခလိ” ဟူသော အမည်ကို ပဌမ ရရှိသည်။ ဂေါသာလရွာသား ဖြစ်သောကြောင့် တစ်နည်း နွားခြံ၌ မွေးဖွားသောကြောင့် “ဂေါသာလ”ဟူသော ဒုတိယအမည်ကို ထပ်ဆင့်ရရှိသည်။ [] ယင်းပုဂ္ဂိုလ်သည် သာဝတ္ထိအနီး သာရဝါန၌မွေးဖွားသည်။ သူ့ဖခင်၏ အမည်မှာ မင်္ခလိဖြစ်၍ မိခင်မှာဘဒ္ဒါဖြစ်သည်။ သူ့ဖခင်မှာ မင်္ခ = အရုပ်ကားရောင်းချသူ, နွားများစွာမွေးသူ, နွားများစွာ ပိုင်ဆိုင်သူဖြစ်၍ သားဖြစ်သူကို ဂေါသာလမင်္ခလိပုတ္တဟုခေါ် သည်ဟူသော ဥဗာသကဒသာအိုခေါ် ဂျိန်း CS ကျမ်းစာ၏ အဆိုကိုလည်းကောင်း၊ မစကရိ (န်)သာ ၎င်း၏အမည်ရင်းဖြစ်ဟန်တူသည်။ မစကရိ(န်) = ဝါးတောင်ဝှေးကိုင်သူဟု ပါဏိနီဆရာ အနက်ဆိုသည်ဟူသော ဒေါက်တာ ဘရူးဝါး၏အဆိုကိုလည်းကောင်းD-P-P-N၌ ဖော်ပြထားသည်။) []

မက္ခလိအယူ ဝါဒ

[ပြင်ဆင်ရန်]

(“ကုသိုလ် အကုသိုလ်ကံနှင့် ယင်း၏ အကျိုးမရှိ။ ကုသိုလ်, အကုသိုလ်ကံကို ပြုဖွယ်မလို၊ အားထုတ်စရာမလို” ဟူသော အယူဝါဒကို မက္ခလိအယူဝါဒဟုဆိုသည်။ []

အဟေတုကဝါဒ

[ပြင်ဆင်ရန်]

မက္ခလိဂေါသာလ၏ ဝါဒကို “အဟေတုကဝါဒ” ဟု ဆို၏။ အဟေတုကဝါဒ ဟူသည်မှာ- အကြောင်းနှင့်အကျိုး နှစ်မျိုးစုံကိုပယ်သော ဝါဒဖြစ်၏။ လောက၌ ဖြစ်သမျှ အားလုံးတို့သည် အကြောင်းနှင့်အကျိုးအနေဖြင့် ဖြစ်ခြင်းမဟုတ်ဘဲ မူလသတ်မှတ်ချက် အတိုင်းသာ ဖြစ်ကြသော ဖြစ်ရပ်များ ဖြစ်ကြ၏။ ထိုသတ်မှတ်ချက် မှာလည်း မဟာကပ် (၈,၄၀၀,၀၀၀) ကာလအထိဖြစ်၏။ သတ္တဝါသည် မဟာကပ် ရှစ်သန်းလေးသိန်းတိုင်တိုင် သံသရာ၌ကျင်လည်ရပြီး မဟာကပ် ရှစ်သန်းလေးသိန်း ပြည့်သည်နှင့်တစ်ပြိုင်နက် သံသရာမှ လွတ်မြောက်မည် ဖြစ်၏။ ထိုကာလအတွင်း သတ္တဝါတို့ခံစားရန် သုခနှင့်ဒုက္ခကို တင်းတောင်းဖြင့် ခြင်တွယ်ထားဘိသကဲ့သို့ ဖြစ် လေ၏။ ထိုကဲ့သို့ ခြင်တွယ်ထားသည့်အတိုင်းပင် သုခကိုလည်း ခံစားရ၏။ ဒုက္ခကို လည်းခံစားရ၏။ ဒုက္ခကိုခံစားရမည့် အခြင်အတွယ်အတိုင်း ခံစားပြီးသောအခါသုခကို ခံစားရမည်ဖြစ်၏။ ထို့ကြောင့် ဒုက္ခမြန်မြန်ကုန်ဖို့ အရေးကြီး၏။ ဒုက္ခမြန်မြန်ကုန်စေရန် အာဇီဝကတက္ကတွန်းတို့သည် “တပ”အကျင့်ကို အပြင်းအထန်ဆုံး ကျင့်ကြ လေ၏။ ရေချိုး မီးလှုံ စသောအကျင့်များသည် အာဇီဝကတက္ကတွန်းတို့၏ အကျင့်များဖြစ်ကြ၏။ အာဇီဝကတို့၏ အယူအရ ဤလောက၌ ဖြစ်ဖြစ်သမျှတို့သည် အကြောင်းတရား တို့ကြောင့် ဖြစ်ကြသည်မဟုတ်။ မူလသတ်မှတ်ချက်ကြောင့်သာ ဖြစ်ကြရခြင်းဖြစ်၏။ ရှင်ဘုရင်ဖြစ်ရန် သတ်မှတ်ထားလျှင် ရှင်ဘုရင်ဖြစ်ရ၏။ ခွေးဖြစ်ရန်သတ်မှတ်ထားလျှင် ခွေးဖြစ်ရ၏။ အားလုံး မူလသတ်မှတ်ချက်အတိုင်းသာ ဖြစ်ရ၏။ မူလသတ်မှတ်ချက်ကို “နိယတိ” ဟူ၍ဆို၏။ “နိယတိ” ၌ “သင်္ဂတိ” လည်းပါ၏။ “ဘာဝ” လည်းပါ၏။ နိယတိ ၌ပါဝင်သော သင်္ဂတိ နှင့် ဘာဝ တို့သည် မထင်ရှားသော အဗျတ္တ အသွင်ဖြင့် ပါဝင်ခြင်းဖြစ်၏။ နိယတိ ဟူသည်မှာ ပထမဆုံး သတ်မှတ်ချက်ဖြစ်၏။ ယင်းကို သာမညဓမ္မ ဟူ၍ဆိုနိုင်၏။ နိယတိ(သာမညဓမ္မ) သည် ကာလ, ဒေသ-တို့နှင့် ပေါင်းစပ်မိသောအခါ သင်္ဂတိ ဟူ၍ ဖြစ်လာ၏။ သင်္ဂတိဟူသည်မှာ ပေါင်းဆုံခြင်းဟူ၍ အဓိပ္ပာယ်ရ၏။ သင်္ဂတိ ဟူသည် ... တရားကိုယ်သဘောအားဖြင့် ပယောဂ-ဟူ၍ ဖြစ်၏။ ပယောဂ-ဟူသည် “စွမ်းအင်” ဖြစ်၏။ ထို့ကြောင့် အရပ်သုံးစကားဖြင့် ဆိုရလျှင် နိယတိ(သာမညဓမ္မ)သည် ကာလ,ဒေသတို့နှင့် ပေါင်းဆုံမိသောအခါ ထိုပေါင်းဆုံမှု၏ အချိုးအဆအလိုက် စွမ်းအင်သည် ဖြစ်ပေါ်လာ၏။ စွမ်းအင်ကို မက္ခလိဂေါသာလ၏ဝေါဟာရဖြင့် ဆိုရလျှင် သင်္ဂတိ ဟူ၍ဆိုရ၏။ တစ်ဖန် သင်္ဂတိခေါ်သော စွမ်းအင်သည် တစ်ဖန် ကာလ, ဒေသနှင့် ပေါင်းဆုံမိသောအခါ ပေါင်းဆုံ ခြင်း၏ သိပ်သည်းမှုအချိုးအဆ (ဥပဓိ)အလိုက် –ဘာဝ” ဟူ၍ ဖြစ်ပေါ်လာ၏။ ဘာဝ ဟူသည် တစ်ခုစီတစ်ခုစီဖြစ်သော အရာဝတ္ထုများပင် ဖြစ်၏။ လောကဖြစ်စဉ်များနှင့် ပတ်သက်၍ မက္ခလိဂေါသာလ ၏ အယူဝါဒကို အကျဉ်းချုံး၍ ပြန်လည်ဖော်ပြရလျှင် မူလသတ်မှတ်ချက် နိယတိ သည် ကာလ,ဒေသ တို့နှင်ပေါင်းဆုံခြင်း “သင်္ဂတိ”ကြောင့် စွမ်းအင် “ပယောဂ”သည် ဖြစ်ပေါ်လာရ၏။ တစ်ဖန် စွမ်းအင် “ပယောဂ” သည် ကာလ, ဒေသ-တို့နှင့် ပေါင်းဆုံခြင်း၏ သိပ်သည်းမှုအချိုးအဆ “ဥပဓိ”ကြောင့် တစ်ခုနှင့်တစ်ခု မတူသော အရာဝတ္ထုများ “ဘာဝ” သည် ဖြစ်ပေါ်လာရ၏။

မက္ခလိဂေါသာလ၏ ဝါဒကိုကြည့်လျှင် မက္ခလိဂေါသာလသည် ဝိသေသိက ဒဿန၌ သက်ဝင်ယုံကြည်မှု ရှိတန်သလောက် ရှိကြောင်းတွေ့ ရ၏။ လောက ဖြစ်စဉ် များနှင့် ပတ်သက်၍ ဝိသေသိကဒဿန ကလည်း သာမညဟူသည် နိစ္စ တရား ဖြစ်၏။ ယင်း သာမညသည် ဒြပ်နှင့်ခြားနားသော်လည်း ဆိုင်ရာဒြပ်တိုင်း၌ အမြဲပါဝင်၏။ ထိုသာမညမှ ဒြပ်ဟူသမျှသည် ဝိသေသအနေဖြင့် ဖြစ်ပေါ်လာရ၏- ဟူ၍ဆို၏။ မက္ခလိဂေါသာလ ကလည်း “နိယတိ” ကို သာမညအဖြစ် ယူ၏။ ထို့ကြောင့် မက္ခလိ ဂေါသာလသည် ဝိသေသိကဒဿန-၌ တစ်စုံတစ်ခုသော အတိုင်းအတာအထိ သက်ဝင် ယုံကြည်သူ ဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိ၏။ သို့ရာတွင် သူ၏နိယတိဝါဒအရ မက္ခလိ ဂေါသာလသည် ဝိသေသိကဒဿန-မဟုတ်ဘဲ နိယတိဝါဒီ သာ ဖြစ်ကြောင်းကိုတော့ တွေ့ရပါ၏။ []

မက္ခလိသုတ် ခေါ် ကေသကမ္ဗလသုတ်

[ပြင်ဆင်ရန်]

[] (ဤသုတ်၌-အဝတ်အထည်များတွင် လူဆံချည်ဖြင့်ရက် လုပ်ထားသော အဝတ်အထည်များကို စက်ဆုပ်ဖွယ်ဖြစ်၍ အယုတ်ညံ့ဆုံးဟု ဆိုရသကဲ့သို့ အယူဝါဒများတွင် ကံကံ၏အကျိုးမရှိစသည်ဖြင့် ခံယူထားသော မက္ခလိအယူဝါဒကို လူ အများဆင်းရဲကြောင်းဖြစ်၍ အယုတ်ညံ့ဆုံး အယူဝါဒဟု ဆိုရသည်ဟူ၍ လည်းကောင်း ယင်းဝါဒပိုင်ရှင် မက္ခလိကိုလည်း ငါးထောင် မြုံးနှင့် တူသောကြောင့် လူထောင်မြုံး ဟူ၍ လည်းကောင်း ဟောတော်မူသည်။ [] []

ဆိုင်ရာသုတ္တန်များ

[ပြင်ဆင်ရန်]

မက္ခလိဂေါသာလတိတ္ထိဆရာကြီး၏ အယူဝါဒကို ပြဆိုခန်း -[] ၎င်း၏ ဝါဒကို ကဲ့ရဲ့ထားတော်မူပုံ၊ ကေသကမ္ဗလသုတ်။ ။ []

ကေသကမ္ဗလသုတ် -[၁၀] မက္ခလိဂေါသာလ၏ အယူဝါဒကို ကဲ့ရဲ့တော်မူခန်း။ [၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒီ၊ဋ္ဌ၊၁၊၁၃၁။ သာရတ္ထ၊၃၊၃၈၃။
  2. အယံ ဒေဝ မက္ခလိဂေါသာလော... ဝယောအနုပ္ပတ္တော။ ဒီ၊၁၊၄၄။ ဧတ္ထ ပန မက္ခလီတိတဿ နာမံ၊ ဂေါသာလာယ ဇာတတ္တာ ဂေါသာလောတိ ဒုတိယံ နာမံ...အစေလကော ဟုတွာ ပလာယိ။ ဒီ၊ဋ္ဌ၊၁၊၁၃၁။ (သာရတ္ထ၊၃၊၃၈၃။) ဂေါသာလာယာတိ ဧဝံနာမကေ ဂါမေတိ ဝုတ္တံ၊ ဝဿာနကာလေ ဂုန္နံ ပတိဋ္ဌိသာလာယာတိ ပန အတ္ထေ တဗ္ဗသေန တဿ နာမံ သာတိသယမုပပန္နံ ဟောတိ, ဗဟုလမနည သာဓာရဏတ္တာ၊ တထာပိ သော ပေါရာဏေဟိ အနနုဿုတောတိ ဧကစ္စဝါဒေါ နာမ သီ၊ဋီ၊သစ်၊၂၊၁၇။ (ဒီ၊ဋီ၊၁၊၂၁၄။)
  3. အံ၊၁၊၂၉၀။ ဒီ၊ဋ္ဌ၊၁၊၁၅၀။ အကျယ်ကို-ဒီ၊၁၊၅၀-၁။ ဒီ၊ဋ္ဌ၊၁၊၁၄၆-၁၄၉။ ဒီ၊ဋီ၊၁၊၂၂၂-၂၂၅တို့၌ ကြည့်။) မက္ခလိဝါဒေါ တေသံ ပဋိကိဋ္ဌော အက္ခာယတိ။ အံ၊၁၊၂၉၀။
  4. ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် ဦးရွှေအောင် သကျသီဟဓမ္မာစရိယ(ဝဋံသကာ)စေတီယင်္ဂဏ ဓမ္မာစရိယ အစိုးရဓမ္မာစရိယ(သိရောမဏိ)မဟာဝိဇ္ဇာ(သက္ကဋ)
  5. အင်္ဂုတ္တရပါဠိ၊ ၃-နိပါတ်၊ ၄-ဝဂ်၊ ၅-သုတ်။
  6. အံ၊၁၊၃၅၊ ၂၉၀။) “ယထာဟာ” တိအာဒိနာ အင်္ဂုတ္တရာဂမေ တိကနိပါတေ မက္ခလိသုတ္တ-မာဟရိ။ သီ၊ဋီ၊သစ်၊၂၊၁၇။
  7. တိပိဋကအဘိဓာန် အတွဲ-၁၆
  8. အံ-၃-ပါ-၂၉၀၊ အံ-၃-ဋ္ဌ-၂၄၂၊
  9. ဒီဃ-၁-ပါ-၅၀၊ ဒီဃ-၁-ဋ္ဌ-၁၄၆၊ ကာယဒုစ္စရိတာဒီနံ သံကိလေ သပစ္စယံ ကာယသုစရိတာဒီနဉ္စ ဝိသုဒ္ဓိပစ္စယံ ပဋိက္ခိပတိ။ မိလိန္ဒ-ပါ-၅။ ܀ပိဋကတ်လမ်းညွှန်[02/213]
  10. အံ-၃-ပါ-၂၉၀၊ အံ-၃-ဋ္ဌ-၂၄၂၊
  11. ܀ပိဋကတ်လမ်းညွှန်[01/313]