မုခ်ဝ:မြန်မာနိုင်ငံ
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
အခြား ပရောဂျက်များတွင်
ပုံပန်းသွင်ပြင်
ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ(အင်္ဂလိပ်: Myanmar)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်(အင်္ဂလိပ်: Republic of the Union of Myanmar)သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
-
Image 1
ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား မွတ်စလင် လူနည်းစုတစ်စုဖြစ်သည်။ ရခိုင်ပြည်နယ်၏ ဒုတိယလူဦးရေအများဆုံး လူမျိုးလည်းဖြစ်သည်။ မိမိတို့၏ မူလတိုင်းပြည်တွင် တန်းတူအခွင့်အရေး မှန်သမျှ လုယူခံရ၍ နိုင်ငံခြားသားကဲ့သို့ ခွဲခြားဆက်ဆံခံနေရသော အဖိနှိပ်ခံ လူနည်းစုတစ်စုလည်း ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ သံတွဲမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့ နှင့် စစ်တွေမြို့စသော မြို့တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၁၅)သိန်းကျော် မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ အဖိနှိပ်ခံနေရသော မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာသည် ခေတ်အဆက်ဆက် အစိုးရ၏ ပစ်မှတ်ထား နှိပ်စက်မှုကြောင့် မိမိတို့ အမိမြေကို စွန့်လွှတ်ကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ထိုင်းမြန်မာနယ်စပ်များတွင်လည်း ဒုက္ခသည်အဖြစ် နေထိုင်နေရသည်။
အာဏာရှင် ဦးနေဝင်း လက်ထက်တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုး စာရင်းတွင် ရိုဟင်ဂျာတိုင်းသားကို ရည်ရွယ်ချက်ရှိရှိ ချန်လှစ်ထားခဲ့သည်။ ထိုသို့ အာဏာရှင် ဦးနေဝင်း၏ တိုင်းရင်းသား လူမျိုးစု စာရင်းတွင် ရိုဟင်ဂျာ လူမျိုးစုကို ထည့်သွင်း သတ်မှတ်ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ အစ္စလာမ် မုန်းတီးသောသူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းကပင် နေထိုင်လာခဲ့သောလူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာသူများ အဖြစ် စွပ်စွဲကြသည်။ ရိုဟင်ဂျာများကလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များအပါအဝင် သူတို့၏ ခေတ်အဆက်ဆက် သမိုင်းအထောက်အထားနှင့်တကွ ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစုတစ်စုဖြစ်ကြောင်း အခိုင်အမာ တောင်းဆိုနေကြသည်။ (Full article...) -
Image 2
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မန္တလေးမြို့ တောင်ဘက် ၃၅ ကီလိုမီတာအကွာ တံတားဦးမြို့တွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးပြီး ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း မပြုမီအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပေ ၁၄,၀၀၀ (၄၂၆၇ မီတာ) ရှည်လျားပြီး ကမ္ဘာပေါ်တွင်အရှည်ဆုံးသော လေယာဉ်ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင် လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း ကိုင်တွယ်နိုင်သည်။ လေဆိပ်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးစရိတ်နည်းလေကြောင်းလိုင်းဖြစ်သော ရွှေမြန်မာလေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်း ၏ အဓိကဗဟိုချက် လည်းဖြစ်သည်။ (Full article...) -
Image 3သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အထင်ရှားဆုံးမြစ်ထဲကတစ်သွယ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။ စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅၀ သာရှိသည်။
နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစ်စင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။
သံလွင်မြစ်ဝှမ်းလွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီးရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတစ်လျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့်မြစ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများဆုံးစုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစ်စင်းလည်း ဖြစ်သည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ကရင်၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အာခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်သည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသည်။ (Full article...) -
Image 4
မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေအသင်းချုပ် နာယက၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်၊ ဥပဒေပြု မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရ (ကောင်းတုံစာချုပ်) တို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။ "မြန်မာ့ကြွေပန်းကန်အစ ဦးသော် က" ဟု သမိုင်းစာမျက်နှာတွင် ထင်ရှားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပန်းကန်စက်ရုံတည်ထောင်သူနှင့်ပိုင်ရှင်ဖြစ်သည်။ (Full article...) -
Image 5
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့လယ်မှ မြောက်ဘက် ၁၅ကီလိုမီတာအကွာ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းအများဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။
လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။ (Full article...) -
Image 6
ဘင်္ဂလားပင်လယ်အော် (အင်္ဂလိပ်: The Bay of Bengal) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပင်လယ်အော်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ တြိဂံပုံသဏ္ဌာန် နှင့် ဆင်တူပြီး အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ အန်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ တည်ရှိကြသည်။
ဘင်္ဂလားပင်လယ်အော်သည် ဧရိယာ စတုရန်း ကီလိုမီတာ ၂,၁၇၂,၀၀၀ ကီလိုမီတာ ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော မြစ်များမှာ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် (ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် တို့ ဖြစ်ကြသည်။ (Full article...) -
Image 7
မွန်ဂို-ပုဂံ စစ်ပွဲပြမြေပုံ။
အေဒီ [၁၂၇၇-၁၂၈၇] ကာလအတွင်း တရုတ်နိုင်ငံ ယွမ်မင်းဆက်ထူထောင်ခဲ့သည့် မွန်ဂိုဧကရာဇ်ဘုရင် ကုဗလိုင်ခန်း၏တပ်များ မြန်မာနိုင်ငံ ပုဂံအင်ပါယာအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ပွဲများဖြစ်သည်။ ဤစစ်ပွဲ၏ အကျိူးသက်ရောက်မှုအဖြစ် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင်စိုးမိုးခဲ့သော မြန်မာနိုင်ငံ ပုဂံအင်ပါယာ ပြိုကွဲခဲ့၍ အရှေ့တောင်အာရှတစ်ခွင်တွင် တိုင်ရှမ်းမျိုးနွယ်များ အားကောင်းလာခဲ့သည်။
အေဒီ [၁၂၇၁-၇၂] ခုနှစ်တွင် ကုဗလိုင်ခန်းသည် တရုတ်စုန်မင်းဆက်ကို သိမ်းပိုက်ရန် စစ်ပြင်ခဲ့ရာ စုန်မင်းဆက်၏ ထွက်ပေါက်တစ်ခုဖြစ်သော ပုဂံ အင်ပါယာ သို့လည်း လက်အောက်ခံအဖြစ် လက်ဆောင်ပဏ္ဏာဆက်သရန် သံ အဖွဲ့ စေလွှတ်ခဲ့သည်။ သို့ရာတွင် ပုဂံ ဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံအဖွဲ့ ကို လက်ဆောင်ပဏ္ဏာပေးရန် ငြင်းပယ်ခဲ့သည်။ မွန်ဂိုတို့သည် အေဒီ [၁၂၇၃] တွင် လက်ဆောင်ပဏ္ဏာဆက်သရန် အမိန့်ဖြင့် ပုဂံသို့ သံအဖွဲ့ ထပ်မံစေလွှတ်ခဲ့ ပြန်သော်လည်း ပုဂံဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံများကို ထပ်မံငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၇၅] တွင် မွန်ဂို ဧကရာဇ်ဘုရင်က သူ၏ လက်အောက်ခံ ယူနန်တပ်များကို ပုဂံအင်ပါယာနှင့် နယ်စပ်ဒေသများကို တိုက်ခိုက်စေခဲ့သည်။ ယင်းနောက် တခဏတာ စစ်ရပ်ဆဲခဲ့ပြန်၍ မွန်ဂိုတပ်များ အရှေ့တောင်အာရှဖက်သို့ စစ်မျက်နှာဖွင့်ခဲ့သော အေဒီ [၁၂၈၁] တွင်မူ ပုဂံ သို့ ပဏ္ဏာဆက်ရန် မွန်ဂိုသံများ ရောက်ခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ပုဂံက ပဏ္ဏာဆက်ရန် ငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၈၃-၈၅] တွင် မွန်ဂိုတပ်များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြကာ ပုဂံတပ်များနှင့် စစ်ပွဲများဖြစ်ခဲ့ကြသည်။ ယင်းစစ်ပွဲများတွင် မွန်ဂိုတို့က အရေးသာခဲ့၍ မြန်မာနိုင်ငံမြောက်ပိုင်း တကောင်းနှင့် ဟံလင်းထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ မြန်မာဘုရင် နရသီဟပတေ့မင်းသည် ထိုအချိန်တွင် ပုဂံမှ ပြည်၏ အနောက်ဖက် လှည်းကူးသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။ မွန်ဂိုတို့က သိမ်းပိုက်ပြီးသော မြန်မာပြည်မြောက်ပိုင်းကို မွန်ဂို လက်အောက်ခံ ချန်မိယဲန်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ (Full article...) -
Image 8
၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ သို့မဟုတ် နွေဦးတော်လှန်ရေးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊စစ်အစိုးရယန္တရားအားယိုယွင်းပျက်စီးစေခြင်း(CDM)၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ ရှစ်လေးလုံးအရေးအခင်းကာလတွင် ထင်ရှားခဲ့သော "ကမ္ဘာမကြေဘူး"သီချင်းသည် ဆန္ဒပြသီချင်းအဖြစ် ပြန်လည်သက်ဝင်လာခဲ့သည်။ ဆန္ဒပြသင်္ကေတအဖြစ် လက်သုံးချောင်းထောင်ခြင်းကိုလည်း အသုံးပြုခဲ့ကြသည်။
ကြီးထွားလာနေသော ဆန္ဒပြမှုများကို တုံ့ပြန်ရန်အတွက် အာဏာသိမ်းခေါင်းဆောင်များသည် တန်ပြန်အစီအမံများစွာကို ဆောင်ရွက်ခဲ့ကြသည်။ အင်တာနက်နှင့် လူမှုကွန်ယက်များ ပိတ်ပင်ခြင်း၊ သတင်းအမှောင်ချခြင်း၊ ဆန္ဒပြသူများအား ပုဒ်မများတပ်ကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ နိုင်ငံတော်ပိုင်သတင်းဌာနများမှ ၎င်းတို့ဘက်ယိုင်းသောသတင်းများ ထုတ်လွှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရွေးကောက်ခံထားရချင်းမရှိသောပါတီများအားထည့်သွင်းချင်းနှင့် ဆန္ဒပြသူများအား အင်အားသုံးနှိမ်နင်းခြင်းများ ပါဝင်သည်။ (Full article...) -
Image 9
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။ (Full article...) -
Image 10မြန်မာ့သမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ ပထမဆုံးလူသားအခြေချနေထိုင်ခဲ့သောကာလမှ ယနေ့ခေတ်အထိ အကျုံးဝင်သည်။ သမိုင်းတင်ခေတ်၏ အစောဆုံးလူသားများသည် တိဗက်-ဗမာစကားပြောလူမျိုးများဖြစ်ကြသည်။ သူတို့သည် ပြည်ဒေသအထိ ကျယ်ဝန်းသော ပျူမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။
လက်ငင်းလေ့လာနိုင်သည့် သမိုင်းမှတ်တမ်းများအရ ၉ရာစုအစောပိုင်းတွင် ဗမာလူမျိုးစုအဖြစ်ထင်ရှားလာကာ ဧရာဝတီမြစ်ဝှမ်းနှင့် ၎င်း၏ အစွန်အဖျားဒေသများကို ပထမဆုံးအကြိမ်အဖြစ် စုစည်း၍ ပုဂံဘုရင့်နိုင်ငံကို ဆက်လက်တည်ထောင်ခဲ့ကြသည်။ ဤကာလအတွင်း ဗမာဘာသာ၊ ဗမာ့ယဉ်ကျေးမှုသည် ယနေ့ပျူဟုခေါ်သော အစောပိုင်း ဓလေ့များကို တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့သည်။ ၁၂၈၇ ခု မွန်ဂိုကျူးကျော်စစ်ဖြစ်ပြီးနောက် ဘုရင့်နိုင်ငံငယ်အများအဖြစ် ပြိုကွဲသွားခဲ့ရာ ထိုအထဲတွင် အင်းဝဘုရင့်နိုင်ငံ၊ ဟံသာဝတီဘုရင့်နိုင်ငံ၊ မြောက်ဦးဘုရင့်နိုင်ငံနှင့် ရှမ်းပြည်ထောင်များသည် အဓိကအင်အားစုနိုင်ငံများဖြစ်ခဲ့ကြသည်။ ထိုဘုရင့်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မဟာမိတ်အကူးအပြောင်း၊ စစ်မက်အရေးအခင်းများဖြင့် နိုင်ငံ့ရှုခင်းကို လွှမ်းမိုးခြယ်လှယ်ခဲ့ကြသည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
-
Image 1ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
-
Image 2နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
နောက်ထပ် ခေါင်းစဉ်များ
|
|
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း