ဥပသမာနုဿတိ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ဥပသမာနုဿတိသည် ကမ္မဋ္ဌာန်းတရားတော် (၄၀) အနက် အနုဿတိကမ္မဋ္ဌာန်း (၁၀) ပါး၏ တစ်မျိုးဖြစ်ပြီး၊ နိဗ္ဗာန်၏ ငြိမ်းအေးမှု (ဥပသမ) ဂုဏ်ကို အာရုံပြု၍ ပွားများရသော ဘာဝနာတရားဖြစ်သည်။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိဟူသော အနုဿတိ (၆) ပါးသည် အရိယသာဝကများအား ပြည့်စုစေနိုင်သည်သာမက၊ ဥပသမာနုဿတိလည်း အရိယပုဂ္ဂိုလ်များအား အထူးပြည့်စုံစေနိုင်သည်။ သို့သော် နိဗ္ဗာန်တရားတော်ကို လေးမြတ်ယုံကြည်၍ စိတ်ဓာတ်ညွတ်ကိုင်းရှိုင်းသော ပုထုဇန်ပုဂ္ဂိုလ်များသည်လည်း ဤကမ္မဋ္ဌာန်းကို ပွားများနိုင်သည်။ ကြားနာဖူးသည်၏ အစွမ်းဖြင့် နိဗ္ဗာန်၏ ဥပသမဂုဏ်၌ စိတ်ကြည်လင်မှုကို ရရှိနိုင်သည်ဟု ဝိသုဒ္ဓိမဂ္ဂတွင် ဖော်ပြထားသည်[၁]။
နိဗ္ဗာန် - အမြတ်ဆုံးတရား
[ပြင်ဆင်ရန်]နိဗ္ဗာန်သည် သင်္ခတတရား (အကြောင်းတရားဖြင့် ပြုပြင်ဖြစ်ပေါ်သော တရား) နှင့် အသင်္ခတတရား (အကြောင်းတရားဖြင့် မပြုပြင်ဖြစ်ပေါ်သော တရား) အားလုံးတို့တွင် အမြတ်ဆုံးဖြစ်သည်။ ဘုရားရှင်က “ရဟန်းတို့၊ သင်္ခတ အသင်္ခတတရားတို့တွင် ရာဂနှင့်တကွသော ကိလေသာတို့၏ ကင်းပြတ်ရာ၊ ပျက်ပြယ်ရာဖြစ်သော နိဗ္ဗာန်တရားသည် အမြတ်ဆုံးဟု ဆိုအပ်၏” ဟု ဟောကြားတော်မူခဲ့သည် [၂]။ နိဗ္ဗာန်သည် အကြောင်းတရားဖြင့် မဖြစ်ပေါ်ဘဲ၊ နိစ္စထာဝရ (အမြဲတည်) ရှိနေသော အသင်္ခတဓာတ်ဖြစ်သည်။
နိဗ္ဗာန်၏ ဂုဏ်တော်များ
[ပြင်ဆင်ရန်]- မဒနိမ္မဒန= မာနစသည့် ယစ်စေတတ်သော တရားများ၏ ယစ်စေမှု ကင်းရာ။
- ပိပါသဝိနယ= ကာမဂုဏ်ကို မွတ်သိပ်ဆာလောင်သော တဏှာကင်းပျောက်ရာ။
- အာလယသမုဂ္ဃါတ= ကာမဂုဏ်ငါးပါးကို အကြွင်းမဲ့ ဖြတ်ရာ။
- ဝဋ္ဋုပစ္ဆေဒ= ဝဋ်သုံးပါး (ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်) ပြတ်ရာ။
- တဏှာက္ခယ= တဏှာကုန်ရာ။
- ဝိရာဂ= ရာဂကင်းရာ။
- နိရောဓ= တဏှာချုပ်ရာ။
- နိဗ္ဗာန= တဏှာမှ ထွက်မြောက်ရာ။
တိပိဋကအဘိဓာန်၌ ဖော်ပြသော နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
[ပြင်ဆင်ရန်]တိပိဋကအဘိဓာန်တွင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များစွာကို ဖော်ပြထားပြီး၊ ဥပသမာနုဿတိကမ္မဋ္ဌာန်းကို ပွားများရာတွင် ဤဂုဏ်ပုဒ်များကို အာရုံပြုနိုင်သည်။ အဓိကဂုဏ်ပုဒ်အချို့မှာ-
- ဓုဝံ= အမြဲခိုင်ခန့်သည်။
- အဇရံ= အိုမင်းရင့်ရော်ခြင်း မရှိရာ။
- နိပ္ပပဉှံ= တဏှာ၊ မာန၊ ဒိဋ္ဌိများ မရှိရာ။
- သစ္စံ= မဖောက်မပြန် မှန်ကန်သော တရား။
- ပါရံ= သံသရာ၏ ဟိုဘက်ကမ်း။
- သိဝံ= ကိလေသာအပူမှ ကင်းဝေးချမ်းအေးရာ။
- အမတံ= သေခြင်းကင်းရာ။
- ခေမံ= ဘေးရန်ကုန်ခန်းရာ။
- အသင်္ခတံ= ကံ၊ စိတ်၊ ဥတု၊ အာဟာရဖြင့် မပြုပြင်အပ်သော တရား။
- အနုတ္တရံ= အတုမဲ့လွန်မြတ်ရာ။
ဤဂုဏ်ပုဒ်များအပြင် နိဗ္ဗာနနာမာဝလိတွင် ဖော်ပြထားသော အခြားဂုဏ်ပုဒ်များကိုလည်း အာရုံပြု၍ စီးဖြန်းနိုင်သည်။
ဥပသမာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပုံ
[ပြင်ဆင်ရန်]ဥပသမာနုဿတိကမ္မဋ္ဌာန်းကို အောက်ပါအဆင့်များဖြင့် ပွားများရသည်-
၁။ သမာဓိထူထောင်ခြင်း
-ရှေးဦးစွာ သမာဓိကို အဆင့်ဆင့် ထူထောင်ရန် လိုအပ်သည်။ ယောဂီသည် သင်္ခါရတရားများကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပွားပြီး၊ ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် အားထုတ်ရသည်။
၂။ ဖလသမာပတ်အား ဝင်စားခြင်း
-အရိယမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုဖူးသော အရိယပုဂ္ဂိုလ်များအတွက်၊ ဖလသမာပတ်ကို အကြိမ်များစွာ ဝင်စားထားပြီးသဖြင့် နိဗ္ဗာန်ကို လွယ်ကူစွာ အာရုံပြုနိုင်သည်။
၃။ နိဗ္ဗာန်၏ ဂုဏ်ကို အာရုံပြုခြင်း
-နိဗ္ဗာန်၏ ဂုဏ်ပုဒ်များအနက် မိမိကြိုက်နှစ်သက်ရာတစ်ခု (ဥပမာ- “တဏှာမရှိမှု”၊ “ဥပသမ”၊ “ဝိရာဂ” စသည်) ကို ရွေးချယ်၍ “နိဗ္ဗာနံ နိဗ္ဗာနံ” ဟု ရှုနှလုံးသွင်းရသည်။ -ဘာဝနာစိတ်သည် နိဗ္ဗာန်အာရုံ၌ တစ်နာရီ၊ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားရသည်။
၄။ ဥပစာရသမာဓိသို့ ဆိုက်ရောက်ခြင်း
-နိဗ္ဗာန်အာရုံ၌ စိတ်ငြိမ်ဝပ်စွာ တည်နေပါက နီဝရဏ (စိတ်အနှောင့်အယှက်) များ ကွာကျလျက် ဥပစာရသမာဓိသို့ ဆိုက်ရောက်သည်။ ဈာန်အင်္ဂါငါးပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ) ထင်ရှားလာနိုင်သည်။
၅။ ဥပစာရဈာန်၏ ဖြစ်ပေါ်မှု
-နိဗ္ဗာန်၏ ဂုဏ်တော်များ၏ နက်နဲမှု၊ စုပ်စုပ်နစ်နစ် လေးမြတ်ယုံကြည်မှုတို့ကြောင့် အပ္ပနာဈာန်သို့ မရောက်ဘဲ ဥပစာရဈာန်သာ ဖြစ်ပေါ်သည်။ ဤဥပစာရဈာန်သည် နိဗ္ဗာန်၏ ဥပသမဂုဏ်ကို အောက်မေ့ခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသောကြောင့် “ဥပသမာနုဿတိ” ဟု ခေါ်သည် [၃]။
ဥပသမာနုဿတိ၏ အကျိုးကျေးဇူး
[ပြင်ဆင်ရန်]ဤကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂီသည် အောက်ပါအကျိုးများကို ရရှိသည် [၄]-
- ချမ်းသာစွာ အိပ်စက်ရခြင်း။
- ချမ်းသာစွာ နိုးထရခြင်း။
- ငြိမ်သက်သော ဣန္ဒြေ၊ စိတ်ထားရှိခြင်း။
- ဟိရိ (ရှက်စရာကို ရှက်တတ်မှု)၊ ဩတ္တပ္ပ (ကောင်းမှုကို ကြောက်တတ်မှု) တရားနှင့် ပြည့်စုံခြင်း။
- ကြည်ညိုဖွယ်ဖြစ်ခြင်း။
- နိဗ္ဗာန်အာရုံ၌ စွဲစွဲမြဲမြဲ လေးမြတ်ယုံကြည်မှု ရှိခြင်း။
- မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိခြင်း။
- သီတင်းသုံးဖော်တို့၏ အလေးဂရုပြုခြင်းကို ခံရခြင်း။
- သီတင်းသုံးဖော်တို့၏ ကုသိုလ်တရားကို တိုးပွားစေခြင်း။
- အရိယမဂ်ဖိုလ် မရရှိလျှင် သုဂတိဘုံဘဝသို့ လားရခြင်း။
ဥပသမာနုဿတိကမ္မဋ္ဌာန်းသည် နိဗ္ဗာန်၏ ဥပသမဂုဏ်ကို အာရုံပြု၍ စိတ်ကို ငြိမ်းအေးစေရာ၊ ကိလေသာအပူမှ လွတ်မြောက်စေရာ ဘာဝနာတရားဖြစ်သည်။ အရိယပုဂ္ဂိုလ်များသည် ဖလသမာပတ်ဖြင့် နိဗ္ဗာန်၏ သန္တိသုခကို ခံစားနိုင်ပြီး၊ ပုထုဇန်ပုဂ္ဂိုလ်များသည်လည်း ဤကမ္မဋ္ဌာန်းဖြင့် စိတ်ကြည်လင်မှု၊ ငြိမ်းအေးမှုကို ရရှိနိုင်သည်။ ပစ္စုပ္ပန်၌ အကျိုးစီးပွား၊ သံသရာ၌ သုဂတိဘဝသို့ ရောက်စေသော ဤတရားကို ပညာရှိသူတော်ကောင်းများသည် အပ္ပမာဒတရားဖြင့် ပွားများအားထုတ်သင့်သည်။ အသင်သူတော်ကောင်းတို့သည်လည်း နိဗ္ဗာန်၏ ဥပသမသုခကို ဖလသမာပတ်ဖြင့် သုံးဆောင်ခံစားနိုင်ပါစေ၊ ဥပသမာနုဿတိဖြင့် ငြိမ်းသထက်ငြိမ်း၊ အေးသထက်အေးသော ချမ်းသာကို ရရှိနိုင်ပါစေဟု ဆုတောင်းပါသည်။[၅]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဆ အနုဿတိယော ဝိယ စ အယမ္ပိ အရိယသာဝကေဿဝ ဣဇ္ဈတိ၊ ဧဝံ သန္တေပိ ဥပသမဂရုကေန ပုထုဇ္ဇနေနာပိ မနသိ ကာတဗ္ဗာ။ သုတဝသေနာပိ ဟိ ဥပသမေ စိတ္တံ ပသီဒတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၆။)
- ↑ ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ၊ ယဒိဒံ မဒနိမ္မဒနော ပိပါသဝိနယော အာလယသမုဂ္ဃါတော ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ (အံ၊၁၊၃၄၃။ ခု၊၁၊၂၅၄။)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၅-၂၈၆)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၆)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်