မာတိကာသို့ ခုန်သွားရန်

ပထဝီဓာတ်

ဝီကီပီးဒီးယား မှ

ပထဝီဓာတ် သည် ဓာတ်ကြီးလေးပါး၏ တစ်ပါးဖြစ်ပြီး၊ ရုပ်တရားများ၏ အခြေတည်ရာအဖြစ် အရေးပါသည်။

သဘာဝနှင့် ဒေသနာတော်

[ပြင်ဆင်ရန်]

မဟာရာဟုလောဝါဒသုတ္တန်တွင် ပထဝီဓာတ်ကို “မာမှု-ကြမ်းမှု” နှစ်မျိုးဖြင့် ဟောကြားထားပြီး၊ အဋ္ဌကထာ-ဋီကာများကလည်း ဤနှစ်ချက်ကို အဓိကရှုကွက်အဖြစ် ဖော်ပြသည်။ သို့သော် ဓမ္မသင်္ဂဏီတွင် “မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့” ဟူ၍ (၆)မျိုးဖြင့် ခွဲခြားထားသည်။ ဤကွဲပြားမှုမှာ နတ်-ဗြဟ္မာတို့၏ စိတ်နှစ်သက်မှုအလိုက် ဟောကြားခြင်းဖြစ်သော်လည်း နှစ်မျိုးစလုံးသည် တူညီသည်။ ဥပမာ၊ ရွှံ့တုံးကို အုတ်ခဲနှင့်နှိုင်းလျှင် ပျော့သည်၊ အုတ်ခဲကို ကျောက်ခဲနှင့်နှိုင်းလျှင် ပျော့သည်ဟု ဆိုရသကဲ့သို့၊ မာမှု-ပျော့မှုသည် နှိုင်းယှဉ်မှုအပေါ် မူတည်သည်။ ထို့အတူ ကြမ်း-ချော၊ လေး-ပေါ့တို့လည်း အလားတူဖြစ်သည်။[]

သ‌ဘောတရား ၆-မျိုးလုံး ရှုရသည့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

ဓာတ်ကမ္မဋ္ဌာန်းရှုရာတွင် ဓာတ်များ၏ အယုတ်အလွန်ဖြစ်မှုကို ညီမျှအောင် ထိန်းညှိနိုင်ရန်နှင့် သဘောတရားများကို ကုန်စင်အောင် ရှုပွားစေလိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ဥပမာ၊ သမာဓိအားကောင်းလာသောအခါ၊ ပထဝီဓာတ်၏ မာမှု သို့မဟုတ် ကြမ်းမှု လွန်ကဲလာပါက ခန္ဓာကိုယ်တွင် တောင့်တင်းမှု၊ လေးလံမှု၊ နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ ယောဂီသည် ပျော့မှု၊ ချောမှု၊ ပေါ့မှုတို့ကို ဦးစားပေး၍ နှလုံးသွင်းရှုပွားပါက ဓာတ်များ ညီမျှသွားပြီး၊ သမာဓိတည်မြဲမှု ပြန်လည်ရရှိလာတတ်သည်။

အဋ္ဌကထာ-ဋီကာများကို ကျော်လွန်သည်ဟု မယူဆသင့်ဘဲ၊ မာမှု-ကြမ်းမှုကို အခြေခံ၍ ရှုပွားရာမှ သမာဓိအားကောင်းလာသောအခါ (၆)မျိုးလုံး ထင်ရှားလာသည်ကို တွေ့ရမည်ဖြစ်သည်။[]

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်

[ပြင်ဆင်ရန်]
  1. လက္ခဏာ= မာမှု (ခက်မာခြင်း)။
  2. ရသ= ကလာပ်တူ ရုပ်တရားများ၏ တည်ရာဖြစ်ခြင်း။
  3. ပစ္စုပဋ္ဌာန်= အခြားရုပ်တရားများကို အောက်ခံထားသည့် သဘောအဖြစ် ဉာဏ်တွင် ထင်လာခြင်း။
  4. ပဒဋ္ဌာန်= အာပေါ၊ တေဇော၊ ဝါယောဓာတ်တို့၏ နီးစပ်သော အကြောင်းဖြစ်ခြင်း။ []

ပထဝီဓာတ်နှင့် အခြားဓာတ်များ၏ ဆက်စပ်မှု

[ပြင်ဆင်ရန်]

ပထဝီဓာတ်သည် အခြားဓာတ်ကြီး (၃)ပါးနှင့် အပြန်အလှန် မှီခိုကျေးဇူးပြုမှု ရှိသည်။ ပဋ္ဌာန်းဒေသနာတော်တွင် ဓာတ်ကြီးလေးပါးသည် သဟဇာတ (အတူဖြစ်ခြင်း)၊ အညမည (အချင်းချင်း) စသည့် ပစ္စယသတ္တိများဖြင့် ဆက်စပ်နေသည်ဟု ဆိုသည်။ ဥပမာ၊ အိမ်တစ်လုံးကို ထောက်ကန်ရန် သစ်သားချောင်းတစ်ခုအတွက် မြေပြင်လိုအပ်သည့်နည်းတူ၊ ဝါယောဓာတ်၏ ထောက်ကန်မှု၊ အာပေါဓာတ်၏ ဖွဲ့စည်းမှု၊ တေဇောဓာတ်၏ ရင့်ကျက်မှုတို့သည် ပထဝီဓာတ်ပေါ်တွင် မှီတည်ရသည်။ ထို့အတူ ပထဝီဓာတ်ကလည်း အခြားဓာတ်များ၏ ကျေးဇူးဖြင့် တည်ရာအဖြစ် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။[]

ရှုပွားနည်း

[ပြင်ဆင်ရန်]

သာဝကများအနေဖြင့် ခန္ဓာအတွင်းရှိ ရုပ်ကလာပ်အားလုံးကို ကုန်စင်အောင် ရှုနိုင်ရန် မဖြစ်နိုင်သော်လည်း၊ ရုပ်တုံးရုပ်ခဲ (ဃန) ပြိုကွဲပြီး ပရမတ်သဘောကို ဉာဏ်ဖြင့် သိမြင်ရန်၊ ပထဝီဓာတ်ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် လေးချက်ဖြင့် ပိုင်းခြားရှုပွားရမည်။ ဥပမာ၊ စက္ခုဒွါရ (မျက်စိဌာန) တွင် စက္ခုဒသကကလာပ် (၁၀)မျိုးပါရုပ်တရားများကို သိမ်းဆည်းပြီး၊ ၎င်းတို့ထဲမှ ပထဝီဓာတ်ကို ရွေးထုတ်၍ မာမှုသဘောကို ဦးစွာ မြင်အောင်ရှုရမည်။ ထို့နောက် ၎င်း၏ ကိစ္စရသ (တည်ရာဖြစ်ခြင်း)၊ ပစ္စုပဋ္ဌာန် (အောက်ခံသဘော)၊ ပဒဋ္ဌာန် (အခြားဓာတ်များနှင့် ဆက်စပ်မှု) တို့ကို ဆက်လက် ရှုပွားရမည်။[]

ရုပ်အားလုံးကို သိမ်းဆည်းပါ

[ပြင်ဆင်ရန်]

(၆)ဒွါရ၊ (၄၂)ကောဋ္ဌာသရှိ ရုပ်ကလာပ်တစ်ခုချင်းစီရှိ ရုပ်တရားများ (ဥပမာ၊ စက္ခုဒွါရတွင် ရုပ် ၆၃ မျိုး) ကို အဇ္ဈတ္တ (မိမိခန္ဓာ) နှင့် ဗဟိဒ္ဓ (အပြင်ဘက်) နှစ်ဌာနလုံးတွင် လက္ခဏ-ရသ စသည်ဖြင့် ကုန်စင်အောင် သိမ်းဆည်းရမည်။ ဤသို့ရှုရန် ယောဂီသည် ရုပ် (၂၈) ပါး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေညက်စွာ အလွတ်ရရှိထားရန် လိုအပ်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ၁.၀ ၁.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ - ဖားအောက်တောရဆရာတော်
  2. ၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု၊ ၂။ ပတိဋ္ဌာနရသာ၊ ၃။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊ ၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)
  3. ၃.၀ ၃.၁ ၃.၂ နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်